မြန်မာနိုင်ငံတွင် ရိုက်ကူးထုတ်လုပ်ပြီး အွန်လိုင်းမှ ရောင်းချသည့် ပြည်တွင်း ညစ်ညမ်းရုပ်ရှင်တွင် ပါဝင်ပတ်သက်သူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ရန် ကြိုးစားနေသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးကြီး တင်ဝင်း က “ဒါနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်ဖို့ ကြိုးစားနေပါတယ်။ အမှု အမြန် ပေါ်ပေါက်ရေး အတွက်လည်း ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ကူညီပေးစေချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
“Violet of Myanmar မြန်မာ့ခရမ်းပြာ” အမည်ရှိ ၂ နာရီခန့်ကြာသည့် ဗီဒီယိုကို စီးပွားဖြစ်ထုတ်လုပ်သော Art of Myanmar Production က ထိုဗီဒီယိုကို ဖေ့စ်ဘွတ်တွင် ကြော်ငြာသည်။ လွန်ခဲ့သောနှစ် ဒီဇင်ဘာလက ရိုက်ကူးခဲ့သည်ဟု ဆိုသည်။ နောင်တွင်လည်း အကြောင်းအရာ အလိုက် ပီပြင်သော ညစ်ညမ်းရုပ်ရှင် အပြာကားများ ဆက်လက်ထုတ်လုပ်မည်ဟု ထိုအဖွဲ့က ဆိုသည်။
တနင်္လာနေ့နံနက်တွင် ယင်းအဖွဲ့က အဆိုပါဗီဒီယိုကို လူမှုကွန်ရက်တွင် စတင်ကြေညာသည်။ ” မြန်မာနိုင်ငံရဲ့ ပထမဆုံး အဆင့်မြင့် အပြာရုပ်ရှင်ကို ဂုဏ်ယူစွာ တင်ဆက်လိုက်ပါတယ်” ဟု ရေးသားထားပြီး ဒစ်ဂျစ်တယ်နည်းဖြင့် သရုပ်ဆောင်များ၏ မျက်နှာကို မှုန်ဝါးအောင် ပြုလုပ်ထားသည့် ၂ မိနစ်စာ နမူနာအပိုင်းလင့်ခ်ကို Art of Myanmar Production ၏ Facebook စာမျက်နှာ ထက်တွင် တင်ပေးထားသည်။
ထိုနမူနာရုပ်သံသည် လူမှုဆက်သွယ်ရေးကွန်ရက် facebook စာမျက်နှာထက်တွင် ပျံ့နှံ့သွားသည်။
အစအဆုံး ကြည့်လိုသူများထံမှ ကျပ် ၅၀၀၀ ကောက်ခံမည်ဟုလည်း ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ သူနာပြုအမည်ရှိ နောက်ထပ် ရုပ်ရှင်အတွက် ကျပ် ၁၀၀၀၀ ကောက်ခံမည်ဟုလည်း ဆိုသည်။
ငွေပေးချေရန် ဘဏ်စာရင်းတခုကိုလည်း ဖော်ပြပြီး မှာယူရန် ဗိုက်ဗာ အကောင့်တခု ဖော်ပြထားသော်လည်း ထိုအကောင့်မှာ ၂၄ နာရီအတွင်း မက်ဆေ့ချ် ၂၀၀၀ ကျော်ရပြီးနောက် ပျက်သွားသည်ဟုဆိုသည်။
ထိုဗီဒီယို ထုတ်လုပ်သူများကို ရဲကဖေါ်ထုတ်ရန်စုံစမ်း စစ်ဆေးမှုစတင် လုပ်ကိုင်နေသည်ဟု သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးကို ကိုးကားပြီး ပြည်တွင်းသတင်းများက အင်္ဂါနေ့တွင်ဖေါ်ပြကြသည်။ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာန (CID) မှ အရာရှိတဦးက ထိုအမှုနှင့် ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သည့် ရဲတပ်ဖွဲ့များနှင့် စုံစမ်းမှုများ ပြုလုပ်နေသည်ဟုဆိုသည်။
မြန်မာရာဇဝတ်မှု ဥပဒေပုဒ်မ ၂၉၂ အရ မသင့်လျှော်သော အရာကိုထုတ်လုပ်ပိုင်ဆိုင်သူ မည်သူမဆို ထောင်ဒဏ် ၃ လနှင့်/သို့မဟုတ် ဒဏ်ငွေချမှတ်ခံရနိုင်သည်။
ရဲမှူးကြီး တင်ဝင်းက “ဒီအမှုမှာ ပါဝင်ပက်သတ်သူတွေကို အရေးယူဆောင်ရွက်သွားမှာပါ။ ဒီဗွီဒီယိုမှာ ပါဝင် သရုပ်ဆောင် သူကလည်း သူ့သဘောအရ သရုပ်ဆောင်တာလား၊ လုပ်ငန်းရှင်ရဲ့ ဖိအားပေးစေခိုင်းမှုနဲ့ သရုပ်ဆောင်တာလား ဆိုတာတွေကိုလည်း သိဖို့လိုပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ညစ်ညမ်းရုပ်ရှင် လုပ်ငန်းကို မလုပ်သင့်သော လုပ်ငန်းအဖြစ် သတ်မှတ်ထားသည်မှာ ကြာပြီဖြစ်သော်လည်း ၂၀၁၄ ခုနှစ်မှစ၍ ဆင်းကဒ်များ ဈေးပေါစွာရလာပြီး အင်တာနက်သုံးသူ များလာပြီးနောက် လူမှုကွန်ယက်တွင် လိင်ရုပ်ရှင်တိုများကို ချောင်းမြောင်းရိုက်ကူးသူများက တင်ကြသည်ကို ကြုံရတတ်သည်။
Art of Myanmar Production ၏ မူလ Facebook စာမျက်နှာမှာ “Violet of Myanmar မြန်မာ့ခရမ်းပြာ” ဗွီဒီယိုကို စတင်ရောင်းချခဲ့ပြီး နောက်တနေ့ ဧပြီ ၂၅ ရက်နေ့တွင်ပျောက်သွားသည်။
သို့သော်လည်း Art of Myanmar Production အဖွဲ့သားများက ထိုနေ့တွင်ပင် မူလ နာမည်ဖြင့် စာမျက်နှာသစ်တခု ထပ်ဖွင့်လိုက်သည်ကိုတွေ့ရသည်။
Art of Myanmar Production စာမျက်နှာသစ်တွင်လည်း စတင် ဖွင့်ချိန်မှစ၍ နာရီပေါင်း ၁၇ နာရီအတွင်း Like ပြုလုပ်ထားသူပေါင်း ၃၀၀၀ ကျော်ရှိနေသည်ကိုတွေ့ရသည်။
Art of Myanmar Production စီမံခန့်ခွဲသူတွေက ၎င်းတို့၏ Facebook စာမျက်နှာထက်တွင် “page ပျက်သွားတဲ့အတွက် အသစ်ပြန်လည် ဖွင့်ပေးထားပါတယ်။ Violet Of Myanmar ဝယ်ယူထားသူများ ပြေစာကို ပြပြီး page chat box မှာ လင့်လာယူကြပါ။ သည်းခံပြီး စောင့်ဆိုင်းပေးပါလို့ တောင်းပန်အပ်ပါတယ်” ဟု ရေးသား ဖော်ပြထားသည်။