ရန်ကုန်မြို့၏ ဂိမ်းစင်တာများတွင် တွေ့ရလေ့ရှိသော တရားမဝင် လောင်းကစားစက်များကို ပိုမို ရှင်းလင်းတိကျစွာ အဓိပ္ပာယ် ဖွင့်ဆိုရန်နှင့် လုပ်ငန်းပိုင်ရှင်များက ပိုမိုတာဝန်ယူစေရန် လွှတ်တော်ကိုယ်စားလှယ် တဦးက တောင်းဆိုလိုက်သည်။
၁၉ ရာစုက ပြဋ္ဌာန်းခဲ့သော ဥပဒေသည် လွန်စွာ မရှင်းမလင်း ဖြစ်နေသောကြောင့် အပမ်းဖြေကစားကွင်း ဟု ခေါ်ကြသည့် ဂိမ်းစင်တာများမှ တရားမဝင် လောင်းကစားစက်များကို တိကျစွာ အဓိပ္ပာယ် သတ်မှတ်ရန် ပန်းဘဲတန်း မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ရန်ကုန်မြို့တောာ်ဝန် ဦးမောင်မောင်စိုးအား တနင်္လာနေ့က တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
သူ၏ မဲဆန္ဒနယ်အတွင်း ဗိုလ်ချုပ်ဈေး အနီးတွင်တည်ရှိသည့် City Center ကို ရဲတပ်ဖွဲ့က ဖေဖေါ်ဝါရီလ အစောပိုင်းက တရားမဝင် လောင်းကစားမှု စွပ်စွဲချက်ဖြင့် ဝင်ရောက်ဆွေးနွေးပြီး ပိတ်ပစ်ခဲ့သည် ဟု သူက ပြောသည်။ အလုပ်သမား ၁၉ ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသည်။
အချို့ကို အာမခံဖြင့် ပြန်လွှတ်ထားပေးသည်ဟု ဦးသန်းနိုင်ဦးက ပြောသော်လည်း ကိန်းဂဏန်းအတိအကျ ပြောခြင်း မရှိပေ၊
၂၀၀၉ ခုနှစ်ကပင် ထို လုပ်ငန်းလုပ်ခွင့် လိုင်စင်ရခဲ့သော City Center ၏ ပိုင်ရှင် ဒေါက်တာသိန်းမြင့် နှင့် လုပ်ငန်း၏ မန်နေဂျာတို့မှာ တရားစွဲဆိုခံရခြင်း မရှိကြောင်း၊ အလုပ်သမားများက ထိုလုပ်ငန်းသည် အာဏာပိုင်များ၏ ခွင့်ပြုချက် ဖြင့် ဆောင်ရွက်နေသော တရားဝင် လုပ်ငန်းဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည် ဟုလည်း ဟု ဦးသန်းနိုင်ဦးက ပြောသည်။
ထိုအလုပ်သမား အများစုမှာ ရန်ကုန်သို့ အလုပ်ရှာရန် ရောက်နေကြသောဘွဲ့ရ လူငယ်များဖြစ်သည် ဟုလည်း သူက ပြောသည်။
“တချို့က မင်္ဂလာဆောင်ဖို့ စီစဉ်ထားပြီး တချို့ကဘွဲ့နှင်းသဘင် တက်ဖို့ စီစဉ်ထားကြတာ။ ဒီလိုဂိမ်းစင်တာ အတွက် တာဝန်ရှိတဲ့ သူတွေက တရားစီရင်ရေး ကနေ လွတ်နေပြီး အဲဒီမှာ လုပ်ကြတဲ့ အပြစ်မဲ့တဲ့ လူငယ်တွေကတော့ ထောင်ထဲ အပို့ခံထားရတယ်။ ဒါဟာ သူတို့ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲ” ဟုလည်း သူက ပြောသည်။
ရှေ့လာမည့် လွှတ်တော် အစည်းအဝေးများတွင် ထိုပြဿနာကို ဆက်လက် တင်ပြမည် ဖြစ်ကြောင်းနှင့် စီးတီးစင်တာမှ အလုပ်သမားလူငယ်များကို လွှတ်ပေးရန် လိုအပ်ကြောင်း သူက ဧရာဝတီသို့ အလေးအနက် ပြောကြားသည်။
၁၈၉၉ ခုနှစ် လောင်းကစားဥပဒေ အရ အုပ်စုဖွဲ့ လောင်းကစားခြင်းသည် မြန်မာနိုင်ငံတွင် တရားမဝင်ဘဲ လောင်းကစားရန် အလို့ငှာ ငွေကြိုတင်ထုတ်ပေးခြင်း၊ ပိုင်ဆိုင်သူ၏ အကျိုးအမြတ် အတွက် လောင်းကစားကိရိယာကို အသုံးပြုခြင်း တို့ကို တားမြစ်ထားသည်။
လောင်းကစားရာတွင် ပါဝင်သူကို အပြစ်ရှိကြောင်း တွေ့ရှိပါက ထောင်ဒဏ် ၆ လ အထိ အပြစ်ပေးနိုင်သည်။ လောင်းကစားမှုကို ခွင့်ပြုသော စီးပွားရေး လုပ်ငန်းပိုင်ရှင်သည် ထောင်ဒဏ် ၁ နှစ် အထိ ခံရနိုင်ပြီး လုပ်ငန်းလိုင်စင်လည်း ရုပ်သိမ်း ခံရနိုင်သည်။
ဒေသအခေါ် ငမန်းကစားနည်းဟု သိကြသော အုပ်စုလိုက် ငါးဖမ်းသည့် ကစားနည်း ရှိသောကြောင့် ထိုဂိမ်းစင်တာကို ရဲတပ်ဖွဲ့က ပစ်မှတ်ထားခဲ့သည်ဟု ဦးသန်းနိုင်ဦးက ပြောသည်။ ထိုကစားနည်း အသုံးပြုသော ရန်ကုန်မြို့လယ်ရှိ အခြားသော ဂိမ်းစင်တာများကိုလည်း ဧရာတီသတင်းဌာနက တွေ့ရှိခဲ့သည်။
“ဘယ်စက်တွေဟာ တရားမဝင်ဘူး ဆိုတာဟာ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ တာဝန်ပါ” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း ကိုယ်စား ဖြေကြားသည်။
“အောက်ခြေမှာ တရားဝင် လုပ်ကိုင်နေတဲ့ လိုင်စင်ချထားပေးတဲ့ ဂိမ်းစင်တာ စာရင်းကို ကျနော်တို့က ဦးသန်းနိုင်ဦးကို ပေးမှာပါ” ဟုလည်း သူက ဆက်ပြောသည်။
အာဏာပိုင်များသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က လိုင်စင် ချထားပေးသည့် ဂိမ်းစင်တာ ၄၃ ခုသို့ ပုံမှန်သွားရောက်ပြီး လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်းရှိ မရှိ စိစစ်သည်ဟုလည်း သူက ပြောသည်။
YCDC က ဂိမ်းစင်တာများကို ဗီဒီယိုဂိမ်း၊ အကြွေစေ့ဂိမ်း၊ ကားစီးဂိမ်း၊ အကစက်နှင့် သေနတ်ပစ် ဂိမ်းများပါဝင်သည့် ဖျော်ဖြေရေး ပုံစံဖြင့် ၂၀၁၃ ခုနှစ်က စတင်ခွင့်ပြုခဲ့သည်။
လိုင်စင်သစ် များချထားပေးခြင်းကို အစိုးရက ၂၀၁၄ ခုနှစ်တွင်ရပ်ဆိုင်းခဲ့ပြီး ဂိမ်းစင်တာများသည် ဒေသ ရဲတပ်ဖွဲ့ အခြားအစိုးရဌာန အများအပြား၏ ထောက်ခံမှု လိုအပ်သည် ဟု ဦးမောင်မောင်စိုးက ပြောသည်။
၂၀၁၆ ခုနှစ်နှောင်းပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးတို့က အစိုးရ အနေဖြင့် ဥပဒေနှင့် မညီသော ဂိမ်းစင်တာများကို အရေးယူရန် အစီအစဉ်ရှိမရှိ တိုင်းလွှတ်တော်တွင်မေးခဲ့သည်။
နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဂိမ်းစင်တာများသည် တရားမဝင် ပြုမူ ဆောင်ရွက်ကြောင်း တွေ့ပါက အရေးယူမည် ဟု လွှတ်တော်ကိုယ်စားလှယ်များကို ကတိပေးခဲ့သည်။
YCDC သည် လက်ရှိလိုင်စင်များကို သက်တမ်းတိုးပေးမည် မပေးမည်ကို စဉ်းစားမည် ဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က လိုင်စင်ခွင့်ပြုသည့်လုပ်ငန်းစဉ်ကို သူကိုယ်တိုင် ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။
“တရားမဝင် ဂိမ်းစင်တာ ပိုင်ရှင်တွေကို ရဲက မဖမ်းရင် ကျနော့်ဆီကို တိုက်ရိုက်ဖုန်းဆက်ပါ၊ ကျနော် တိုက်ရိုက် အရေးယူမယ်” ဟုလည်း နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောသည်။ ။