ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၌ တည်ဆောက်ရန် ပြင်ဆင်နေသည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအား အမြန်ဆုံး အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း သိရသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ တရုတ် ကွန် မြူနစ်ပါတီ၏ နိုင်ငံခြားရေး ဌာနမှ ကိုယ်စားလှယ် အဖွဲ့တဖွဲ့သည် ကျောက်ဖြူ ဒေသဆိုင်ရာ အာဏာပိုင်များ၊ ဒေသတွင်း စီးပွားရေး လုပ်ငန်းရှင်များ၊ ဒေသခံ လူမှု အဖွဲ့အစည်း တချို့နှင့်ကျောက်ဖြူမြို့၌ ဧပြီလ ၂၄ ရက်က တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြောဆိုကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူများ က ဧရာဝတီ ကို ပြောသည်။
ဆွေးနွေးပွဲအား တက်ရောက်ခဲ့သည့် စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သူ ဦးတင်အောင်စိုးက “တရုတ်ဘက်ကတော့ စီမံ ကိန်းတွေ စတင်ဖို့ အဆင်သင့်ဖြစ်နေပြီ၊ မြန်မာအစိုးရ ဘက်ကတော့ ဘယ်တော့ စတင်ရမယ်ဆိုတာကို အတိအကျ မပြောသေးဘူးလို့ သိရတယ်၊ ဒါပေမယ့် မကြာခင်မှာ စတင်နိုင်မယ်လို့တော့ ပြောပါတယ်” ဟု ဆိုသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအား တည်ဆောက်ခွင့်ရရှိထားသည့် CITIC ( China International Trust and Investment Company Group ) ဥက္ကဌ Mr.Chang Zhenming သည်လည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း နှင့် ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံ ပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧပြီလ ၂၁ ရက်က တွေ့ဆုံ ဆွေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည် ဖော်မည်ဆိုပါက တရုတ်နိုင်ငံ၏ အကျိုးစီးပွားတခုတည်း အတွက် မဟုတ်ဘဲ ဒေသခံ ပြည်သူများ၏ အကျိုးစီးပွားကိုပါ အလေးထား သင့်ကြောင်း တရုတ်ကိုယ်စားလှယ် အဖွဲ့ ထံ တင်ပြ ဆွေးနွေးခဲ့သည်ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့ကြသူများ က ပြောသည်။
တရုတ် စီမံကိန်း တခုဖြစ်သည့် ရေနံပိုက်လိုင်း စတင်ရာ မဒေးကျွန်းရှိ ဒေသခံ ပြည်သူများသည် ရေနံပိုက်လိုင်း အတွက် လယ်မြေ သိမ်းမှုများကြောင့် အလုပ်လက်မဲ့များ ဖြစ်သွားခဲ့ကြပြီး ဒုက္ခမျိုးစုံ ကြုံတွေ့နေရဆဲ ဖြစ်နေသည်ဟု တင်ပြဆွေး နွေးခဲ့ကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ မဒေးကျွန်းဒေသ ဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဌ ဦးထွန်းကြည်က ဧရာဝတီ ကို ပြောပြသည်။
၎င်းက “ကျနော်တို့ မဒေးကျွန်းဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ဒေါ်လာ ၂၁ သန်း ထောက်ပံ့ ပေးထားတယ်လို့ တရုတ် ကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်၊ ဘယ်အချိန် ပေးခဲ့တာလဲ၊ ဘယ်သူတွေက တဆင့် ပေးခဲ့တာလဲ ဆိုတာကို ကျနော်တို့ လည်း မသိပါဘူး၊ အမှန်တကယ် ဒေါ်လာ ၂၁ သန်းပေးရင် မဒေးကျွန်း တခုလုံးကို တိုးတက်နေပါပြီ”ဟုလည်း ဆိုသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်အား အကောင် အထည်ဖော်ရန် ဆောင်ရွက်နေသော်လည်း စီမံကိန်း ဧရိယာတွင် ပါဝင် သည့် မြေသိမ်း ယာသိမ်း ပြဿနာများနှင့် ပတ်သက်၍လည်း အငြင်းပွားမှုများ ရှိနေဆဲ ဖြစ်သည်။
ကျောက်ဖြူကျေးလက် ဒေသဖွံဖြိုးရေး အသင်း ညှိနှိုင်းရေးမှူး ဦးထွန်းကြည် က “စက်မှုဇုန် ဧရိယာ သတ်မှတ်ထားတဲ့ မြေ တွေထဲမှာ မြေလွတ်မြေရိုင်းတွေ အများကြီးပါနေတယ်၊ လျော်ကြေးပေးထားတဲ့ မြေဧက က နည်းနည်းပဲ ရှိပါသေးတယ်” ဟု ဧရာဝတီ ကို ပြောသည်။
ထို့အတူ မြေယာလျော်ကြေး ပေးဆောင်မှုများနှင့် ပတ်သက်၍ တိကျသည့် သတ်မှတ်ချက်များ မရှိသည့်အပြင် စီမံကိန်းနှင့် ပတ်သက်၍လည်း တိကျခိုင်မာသည့် ဥပဒေ၊ နည်းဥပဒေများ မရှိသေးကြောင်း၊ ဖြေရှင်းရမည့် ပြဿနာ အများအပြားရှိနေ သေးကြောင်း၊ စီမံကိန်းတခုလုံးနှင့် သက်ဆိုင်နေသည့် လိုအပ်ချက်များအားလုံး ဆောင်ရွက်ပြီးမှသာ အကောင်အထည် ဖော်သင့်ကြောင်းလည်း ဦးထွန်းကြည် က ပြောဆိုသည်။
ကျောက်ဖြူ စီမံကိန်း လုပ်ငန်းများသည် ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် မြေယာ လျှော်ကြေးများ ပေးဆောင်မှု၊ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်း ဒေသခံပြည်သူများထံ ပွင့်လင်းမြင်သာစွာ ချပြရန် လိုအပ် ကြောင်း ဒေသခံများ က ပြောသည်။
ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံကိန်း အကောင်အထည် ဖော်ရန် မြေဧက ၄၂၀၀ ကျော်ကို ဦးသိန်းစိန် အစိုးရ လက်ထက် လွှတ်တော်၌ အတည်ပြုပေးခဲ့သည်။
အထူးစီးပွားရေးဇုန် စီမံကိန်း၌ စီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းနှင့် အဆင့်မြင့် လူနေအိမ်ရာ စီမံကိန်းများ ပါဝင်သည်။ ထို စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ပြီးပါက လူဦးရေ တသိန်းကျော်ကို အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည်ဟု အစိုးရ က ပြောဆိုထားသည်။
တရုတ်အစိုးရသည် ကျောက်ဖြူဒေသ၌ အထူးစီးပွားရေးဇုန် စီမံကိန်း အပါအဝင် ရေနံပိုက်လိုင်း၊ ဂက်စ်ပိုက်လိုင်း၊ ရေနံ တင် ဆိပ်ကမ်း စီမံကိန်း စသည့် စီမံကိန်း ကြီးများအား ၂၀၁၁ ခုနှစ်ခန့်က စတင် လုပ်ကိုင်ခွင့် ရရှိထားခြင်း ဖြစ်သည်။