သတင်း

ရခိုင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ခွင့် မရသေး

Want create site? Find Free WordPress Themes and plugins.

ရခိုင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ရန် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ပါတီ၏ တောင်းဆိုချက်ကို နိုင်ငံတော်အတိုင်ပင်ခံက ထိလွယ်ရှလွယ်ဒေသ (Sensitive Area) ဖြစ်နေသဖြင့် လုပ်ဆောင်ရန် မသင့်ဟုပြောကာ ထပ်မံငြင်းဆိုလိုက်သည်ဟု သတင်းရရှိသည်။

ထိုသတင်းအချက်အလက်ကို ALP၏ ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ဧရာဝတီကို ပြောဆို လိုက်ခြင်း ဖြစ်သည်။

ဒေါ်စောမြရာဇာလင်းက “အဆင်သင့် ဖြစ်ပါပြီလို့ ပြောတဲ့အခါမှာ မသိသယောင် ၊ မသိကျိုးကျွံပြုတာ ခံနေရတယ်။ အဲ့ဒါကတော့ အရှင်းဆုံးစကားပဲ။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြောလာတဲ့ စကားက ကျမတို့ ရခိုင်တွေ လက်ခံ လို့ရတဲ့ စကား မဟုတ်ဘူး”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ အတွင်းကလည်း အဆင်သင့် မဖြစ်သေးဘူးဟု ဆိုကာ ရခိုင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မလုပ်သေးရန် ပြောဆိုသဖြင့် ALP က ဆွေးနွေးပွဲ အတွက် ပြင်ဆင်မှုများပြုလုပ်ပြီး ကျင်းပခွင့်ပေးရန် ၃ကြိမ် တိတိ စာတင် တောင်းဆို ထားသည် ဟု ဒေါ်စောမြရာဇာလင်း က ပြောသည်။

ထိုတောင်းဆိုချက်များကို တစုံတရာ အကြောင်းပြန်ကြားခြင်း လုံးဝမရှိဘဲ ဧပြီလ ၂၄ ရက် နေပြည်တော်၌ ကျင်းပ သည့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘော တူညီမှု စာချုပ် (NCA) အကောင်အထည် ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) အတွင်း ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်၊ နယ်စပ်တွင် ဖြစ်ပွားနေ သည့် ဘင်္ဂါလီ(မွတ်စလင်) အရေးနှင့် ဆက်စပ်ပြီး ရခိုင်ပြည်နယ်မှာ ထိလွယ်ရှလွယ်ဒေသ (Sensitive Area) ဖြစ်နေ သဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် မရနိုင်သေးပါဟု ထပ်မံငြင်းဆို လိုက်ခြင်း ဖြစ်သည်။

“Sensitive Area မဟုတ်တဲ့ ၁၇ မြို့နယ်မှာ ကြိုက်တဲ့နေရာမှာ ကျင်းပလို့ ရတယ်လို့ ကျမတို့ မြင်တယ်။ Sensitive Area လို့ သတ်မှတ်ထားတာက ဘယ်နေရာကို ပြောတာလဲပေါ့။ ကျမတို့မှာ လုပ်လို့ ရနိုင်တဲ့ နေရာက နေရာအနှံ့မှာ ရှိတယ်” ဟုလည်း ဒေါ်စောမြရာဇာလင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က JICM အစည်းအဝေးအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အကြိမ် အစည်းအဝေးကို မေလ ၂၄ ရက်တွင် ကျင်းပမည်ဟု သတ်မှတ်လိုက်ပြီ ဖြစ်သည်။

JICM အစည်းအဝေးအတွင်း တက်ရောက်သည့် NCA လက်မှတ်ထိုးထားသော အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်များက ALP ကိစ္စကို ကူညီပြောဆို ပေးခဲ့ကြသော်လည်း ဒေါ်အောင်ဆန်းစုကြည် ဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေး ရက်သတ်မှတ်ချက်ကိုသာ ဦးတည်ပြောကြားသည်ဟု သိရသည်။

“ကျမတို့ တိုင်းရင်းသားတွေက ရိုးသားပြီး အားနာတယ်။ သမိုင်းတလျှောက်မှာလည်း ကျမတို့ ကြုံခဲ့ ပြီးပါပြီ။ ဆက် လက် ပြီးတော့ အားနာနေမယ်။ အစိုးရပြောတိုင်း လိုက်လုပ်ပေးနေရမယ်ဆို အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု ရော ဖြစ်ပါ့မလား ဆိုတဲ့ စိုးရိမ်ချက်ထိကို ကျမ စိုးရိမ်မိနေပါတယ်” ဟုလည်း ဒေါ်စောမြရာဇာလင်းက ပြောသည်။

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ သက်ဆိုင်ရာ ပြည်နယ်များ၌ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဆွေးနွေးပြီး အနှစ်ချုပ် ထွက်လာသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝ သယံဇာတ ဆိုင်ရာ စာတမ်းများကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတွင် ဆွေးနွေးရမည် ဖြစ်သည်။

ယခုအခါ ALP က ရခိုင်ပြည်နယ်အတွင်း ကျင်းပခွင့် မရသေးသဖြင့် ဒုတိယအကြိမ်ပင်လုံတွင် ဆွေးနွေးမည့် စာတမ်း များ အပြည့်အစုံ မရှိသေးပါ။

ရခိုင် အမျိုးသားပါတီ (ANP) ဒုဥက္ကဌ ဦးခိုင်ပြည်စိုးက အစိုးရဘက်က ရခိုင်ပြည်နယ် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ခွင့် မပေးသည့်ကိစ္စနှင့် ပတ်သက်၍ မေလဆန်းတွင် ANP က ဗဟိုကော်မတီ အစည်း အဝေး ခေါ်ကာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို တက်သင့်၊ မတက်သင့် ဆုံးဖြတ်သွားမည်ဟု ပြောသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ထားပါက ပြည်ထောင်စုအဆင့်တွင် ဆွေးနွေးစရာ စာတမ်းများ မရှိသဖြင့် ၊ ဆွေးနွေးပွဲ မလုပ်ရပါက ၂၁ရာစုပင်လုံကို တက်လျှင်လည်း ထူးမည်မဟုတ်ဟုလည်း ဦးခိုင်ပြည်စိုးက ဆိုသည်။

“ဒါနဲ့ပတ်သက်လို့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ အဝေးရောက် ဗဟိုကော်မတီဝင်တွေကို ဖုန်းနဲ့ အကြောင်း ကြားတော့ ၂၁ပင်လုံ တက်ဖို့ဘက်ကို သိပ်မရှိဘူး။ ဒါက ပါတီဆုံးဖြတ်ချက် မဟုတ်သေးဘူး။ လူတဦး တယောက် သဘောထားပဲ ရှိပါသေးတယ်”ဟု ဦးခိုင်ပြည်စိုးက ပြောသည်။

ဆက်လက်ပြီး ဦးခိုင်ပြည်စိုးက ရခိုင်ပြည်နယ်အတွင်း ကျင်းပရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များကို ကြီးကြပ်ရမည့် အဖွဲ့မှာ ပြည်နယ်အစိုးရ၊ ALP နှင့် အနိုင်ရပါတီ ANP တို့ ဖြစ်ပြီး ALP နှင့် ANP တို့က ကြီးကြပ်ရေး ကော်မတီတွင် ပါဝင်ရမည့် သူများကို ရွေးချယ်ပြီး အစိုးရကို အကြောင်းကြားသော်လည်း အစိုးရက အကြောင်း မပြန်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ပြောသည်။

ဦးခိုင်ပြည်စိုးက “ရခိုင်မှာ တာဝန်ခံပြီး လုပ်ရမယ့် အစိုးရအနေနဲ့ ဘာတုံ့ပြန်မှု လုပ်ဆောင်မှုမှ မရှိဘူး။ ကျနော်တို့ ANP နဲ့ ALP တို့က အဆင်သင့်ဖြစ်နေပြီ။ အခုကိစ္စမှာ အစိုးရဘက်က အဆင်သင့်မဖြစ်တာလို့ပဲ ကျနော်က သုံးသပ် တယ်”ဟု သည်။

ALP အစိုးရနှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီမှု စာချုပ် (NCA) ချုပ်ဆို လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ အနက် တဖွဲ့ ဖြစ်သည်။

လက်ရှိတွင် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့အနက် ၆ ဖွဲ့မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲများ ကျင်းပပြီးစီးသွားပြီ ဖြစ်သည်။

ALP အပြင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) သည်လည်း နေရာ အခက်အခဲဖြစ်နေပြီး ၎င်းတို့ တောင်းဆိုသည့် မြို့များတွင် တပ်မတော်က တားမြစ်သဖြင့် ကျင်းပခွင့် မရသေး ပါ။

ရှမ်း လူမျိုးအဆင့် ကျင်းပခွင့် မရသေးချိန်တွင် ရှမ်းပြည်နယ် အစိုးရက ဦးစီးပြီး ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ကတိုက်ကရိုက် ပြုလုပ်သဖြင့် နိုင်ငံရေးပါတီများ စာတမ်းပြင်ဆင်ခွင့် အချိန်မရ ဖြစ်ကာ ဝေဖန်မှု အများအပြား ရှိခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading