ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် ရက်မတိုင်မီတွင် နိုင်ငံပိုင် မီဒီယာများကို အသုံးပြု၍ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များ၏ ပါတီ မူဝါဒဆိုင်ရာ ပြောဆိုမှုများ ထုတ်လွှင့်ခဲ့ခြင်းသည် အစိုးရ၏ တနှစ်တာ ဆောင်ရွက်ချက် များထဲမှ အစီအစဉ်တခု ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောသည်။
နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ဧပြီလ ၂၆ ရက်နေ့ က ပြုလုပ်သည့် အစိုးရ၏ တနှစ်တာ ဆောင်ရွက်ချက်များ ရှင်းလင်းပွဲတွင် ဝန်ကြီး ဒေါက်တာဖေမြင့်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်ပြီး NLD အစိုးရ၏ လုပ်ငန်းစဉ်များ ပြည်သူကို ရှင်းပြရန် ပြန်ကြားရေး ဝန်ကြီး ဌာနက အကောင်အထည် ဖော်ပေးရခြင်းဖြစ်ကြောင်း ကာကွယ်ပြောဆိုသည်။
“ကျနော်တို့ အလုပ်ကလည်းပဲ တနှစ်တာ ကိစ္စကို ပြောဆိုဖို့ တာဝန်ကတော့ ရှိတာပေါ့။ ဒါကို ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ပြောဆိုတာတွေ ရှိပါတယ်။ ဒါက မူဝါဒတွေ ဘာတွေနဲ့ မဆိုင်ပါဘူး။ ပြန်ကြားရေး ဝန်ကြီး ဌာနရဲ့ အလုပ်ကို ပုံမှန်လုပ်ခြင်းသာ ဖြစ်ပါတယ်” ဟု ဒေါက်တာ ဖေမြင့်က ပြောသည်။
ထို့ပြင် အစိုးရ၏ ဆောင်ရွက်ချက်များကို ဝန်ကြီးဌာနအလိုက် ရှင်းပြရသည့်အချိန်နှင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် အချိန်တို့မှာ တိုက်ဆိုင်နေ၍ ယခုလို ဝေဖန်မှုများ ဖြစ်ပေါ်ခြင်း ဖြစ်ပြီး အစိုးရ ရက် ၁၀၀၊ အစိုးရ တနှစ်ပြည့် လုပ်ငန်းစဉ်များ ပြည်သူကို ရှင်းပြခြင်းသည် ပြန်ကြားရေး ဝန်ကြီးဌာန၏ အလုပ်ဖြစ်ကြောင်း ၎င်းက ပြောသည်။
NLD ပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင်များ ဖြစ်သည့် ဦးတင်ဦး၊ ဦးဝင်းထိန်တို့က ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီ မတ်လ ၃၁ နှင့် ဧပြီလ ၁ ရက်နေ့တို့တွင် နိုင်ငံပိုင် ရုပ်သံ၊ ရေဒီယို၊ သတင်စားများမှတဆင့် ပါတီ၏ ဆောင်ရွက်ချက်များကို ရှင်းလင်တင်ပြမှုများ ပြုလုပ်ခဲ့သည့် အပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ယင်းသို့ နိုင်ငံပိုင် မီဒီယာကို အသုံးပြု၍ ပြောဆိုမှုများသည့် ရွေးကောက်ပွဲကျင်းပမည့် တရက်အလို Silent Day တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ရာ ယင်းတင်ပြချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ကိုက်ညီမှု မရှိသဖြင့် နိုင်ငံရေးပါတီ ၁၂ ခုတို့က ပူးတွဲ ကြေညာ ချက်ထုတ်၍ ကန့်ကွက်ခဲ့ပြီး ဖြစ်ကြောင်း အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သတင်းထုတ်ပြန်ရေး အဖွဲ့ဝင် ဦးလှသိန်းက ဧရာဝတီသို့ ပြောသည်။
“Silent Day မှာ ဘာမှ မလုပ်ရဘူးလေ။ သူ(ဦးဝင်းထိန်)က ပေါ်တင်ကြီး မဲဆွယ်သွားတာ။ ပါတီနိုင်ငံရေး လုပ်သွားတာပဲ။ ကျနော်တို့ အဲဒါကြောင့် ပါတီတွေစုပြီး ကန့်ကွက်ခဲ့တာ” ဟု ဦးလှသိန်းက ပြောသည်။
သို့သော် မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကမူ NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များ ဖြစ်သည့် ဦတင်ဦး၊ ဦးဝင်းထိန်တို့၏ နိုင်ငံပိုင် မီဒီယာများတွင် ပါတီကိစ္စရပ်များ ပြောဆိုမှုသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက် သည်ဟု မထင်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒါက နိုင်ငံရေး ပါးနပ်မှုပဲ။ ပြောခွင့်ရှိတဲ့ အချိန်မှာ ပြောခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေက ပြောတာက ပြောလို့ရတယ်။ ဘာပြဿနာမှ မရှိဘူး” ဟု ဦးကြီးမြင့်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကမူ ပါတီနှင့် အစိုးရကို ရောနှောခွင့် မပြုဘဲ အစိုးရတာဝန်ရယူသူများ၊ ဆောင်ရွက်ချက်များကို ပါတီနှင့် မနီးကပ်စေရန် ကန့်သတ်သည့် ဥပဒေပြဋ္ဌာန်းချက်များ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ထည့်သွင်းထားသည်။
ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်က“အဲဒီလို ဝေဖန်ချက်တွေ ရှိရင်တော့ စဉ်းစားရမှာပေါ့။ အစိုးရရဲ့ တနှစ်တာ လုပ်ဆောင်ချက် တွေကိုတော့ အမှတ်အသားပြုတဲ့ သဘော ပါတယ်။ ပြန်သုံးသပ်တဲ့ သဘောပါတယ်။ အခုလို ဝေဖန်မှုတွေ ရှိနေတယ်ဆိုရင်တော့ ပြန်စဉ်းစားရမှာပေါ့” ဟု မီဒီယာများသို့ ပြောဆိုခဲ့သည်။