မြန်မာ့ဆက်သွယ်ရေး အော်ပရေတာ တခုဖြစ်တဲ့ အူရီဒူးမြန်မာဟာ မြန်မာနိုင်ငံကြက်ခြေနီအသင်း (Myanmar Red Cross) နဲ့ အတူ ပူးပေါင်းကာ ယခုနှစ် နွေရာသီအတွင်း မြန်မာနိုင်ငံတဝှမ်း ရေကောင်းရေသန့် ရရှိရေးလုပ်ငန်းများ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
နိုင်ငံတဝှမ်း ရေရှားပါးတဲ့ ကျေးလက်ဒေသများမှာ ရေတွင်းရေကန်များနဲ့ ရေသိုလှောင်နေရာ၊ ရေဖြန့်ဝေခြင်းနဲ့ ရေကို စနစ်တကျ အသုံးပြုပုံ သင်တန်းများ ပြုလုပ်နိုင်ရန် လုပ်ငန်းပေါင်း ၂၁ ခု ဆောင်ရွက်နိုင်ဖို့ အူရီဒူးမြန်မာက ငွေကျပ် သိန်း ၂၃၁,၇၁၉,၁၀၀ တန်ဖိုးရှိတဲ့ လှူဒါန်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
နွေရာသီဆိုရင် ကြုံတွေ့ရတတ်တဲ့ ရေရှားပါးမှု အခက်အခဲနဲ့ ရေ မသန့်ရှင်းမှုကြောင့် ရေမှတဆင့် ကူးစက်ပြန့်ပွား နိုင်တဲ့ ဝမ်းပျက် ဝမ်းလျော၊ ဝမ်းကိုက်ရောဂါ အပါအဝင် အခြား ကူးစက်ရောဂါများ မဖြစ်ပွားအောင် အူရီဒူးက အခုလို လှူဒါန်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
“ရေရှားပါးမှု အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ဒေသတွေမှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနဲ့ ကျနော်တို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါတယ်။ Myanmar Red Cross နဲ့ ပူးပေါင်း ဆောင်ရွက်ရတဲ့အတွက် အလွန် ဂုဏ်ယူရပါတယ်။ ဘာကြောင့်လဲ ဆိုရင် သက်တမ်းအရှည်ဆုံးနဲ့ ဦးဆောင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတခု ဖြစ်နေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်” လို့ အူရီဒူးမြန်မာရဲ့ Chief Legal and Regulatory Officer, Mr. Chris Peirce က ပြောပါတယ်။
အူရီဒူးမြန်မာဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ ပူပြင်းခြောက်သွေ့ ဒေသတွေနဲ့ ၂၀၁၆ ခုနှစ် အတွင်း ရေဘေး သင့်ခဲ့တဲ့ ဒေသတွေနေ ပြည်သူများအား စာသင်ကျောင်းတွေမှာ ဗဟုသုတ မျှဝေရေးလုပ်ငန်းများလည်း လုပ်ဆောင်ပေးခဲ့ပါတယ်။
ရေကောင်း၊ ရေသန့်ရရှိရေး လုပ်ငန်း လုပ်ဆောင်မည့် နေရာရွေးချယ်မှုများကို အူရီဒူးက ၂၀၁၇ ခုနှစ် အစောပိုင်း ကတည်းက စတင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း ပူပြင်း ခြောက်သွေ့ ဒေသများဖြစ်တဲ့ “ဝန်ဇင်း၊ မြစ်သား၊ အေးတော်၊ ပုလဲ၊ ဆိပ်ဖြူ၊ ပေါက်” စတဲ့ ဒေသတွေမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တဲ့ အပြင် ၂၀၁၆ ခုနှစ်က ရေဘေးသင့်ခဲ့တဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာလည်း လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။