“အထူးသတင်းထောက်”ဟု နာမည်ခံကာ မဟုတ်တန်းတရားပြုလုပ်နေမှုများကို စည်းကမ်းကြပ်မတ်ပေးရန် မြန်မာနိုင်ငံမှုခင်း သတင်းထောက်များအသင်းအား ရန်ကုန်ရှိ ဂျာနယ်လစ်ကွန်ရက်အသင်းအဖွဲ့များက တိုက်တွန်းလိုက်အပြီး အဆိုပါကိစ္စကို ပြန်ကြားရေးဝန်ကြီးဌာနက စစ်ဆေးမည်ဟု သတင်းနှင့် စာနယ်ဇင်းဌာနမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်စွာထွန်းက ပြောသည်။
ဦးကျော်စွာထွန်းက“ လေ့ကျင့်ပေးထားတဲ့ သတင်းထောက်တွေ၊ Registration(မှတ်ပုံတင်ခြင်း) လုပ်ထားတဲ့ သတင်းထောက်တွေကို ကျနော်တို့ မြန့်မာ့အလင်းဆို မြန်မာ့အလင်းဆိုပြီး တံဆိပ်လေးတွေ ထုတ်ပေးထားတာ ရှိပါတယ်။ ကျနော်တို့မှာ အထူး သတင်းထောက်ဆိုတာ မရှိပါဘူး။ ဒါပေမယ့် ပြန်စစ်ဆေးပေးပါမယ်” ဟု ပြောသည်။
ဧပြီ ၂၆ ရက်က နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစိုးရ၏ တနှစ်တာ ဆောင်ရွက်ချက်များ ရှင်းလင်းပွဲတွင် လက်ရှိ မြန်မာ့မီဒီယာလောက၌ အမှန်တကယ် သတင်းထောက်မဟုတ်ဘဲ အထူးသတင်းထောက်များ ပေါ်ပေါက်နေခြင်းကြောင့် မည်ကဲ့သို့ ဆောင်ရွက်ရန် အစီအစဉ်ရှိ ၊ မရှိ သတင်းထောက်များ မေးမြန်းမှုအပေါ် ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ မှုခင်း သတင်းထောက်များအသင်း၏ တစိတ်တပိုင်းဖြစ်သော ရှု့ထောင့်သတင်းအေဂျင်စီက ထုတ်ပေးထားပြီး သာယာဝတီ ခရိုင်မှ “အထူးမှုခင်း သတင်းထောက်” ဟုဖော်ပြထားသော သက်သေခံ ကတ်ပြား ကိုင်ဆောင်ထားသူ ၂ ဦးသည် စစ်တွေမြို့မှ မွတ်စလင် အမျိုးသား ၃ ဦးအား တရားမဝင်သယ်ဆောင်မှုကြောင့် ဧပြီ ၁၆ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရအပြီး ရန်ကုန်ရှိ ဂျာနယ်လစ်ကွန်ရက်အသင်းအဖွဲ့များက “သတင်းစုံစမ်းရေးသားမှုကို အခြေပြု၍ ငွေကြေးတောင်းခံခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အာဏာပိုင်အဖွဲ့အစည်းများကို သတင်းပေးခြင်းများသည် သတင်းသမားများ လိုက်နာရမည့် မီဒီယာကျင့်ဝတ်ကို တိုက်ရိုက်ချိုးဖောက်ရာ ကျလျက် ရှိပါသည်”ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် ဧပြီ ၂၆ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဆန္ဒပြပွဲတခုတွင်လည်း “ကြေးမုံအထူးသတင်းထောက်”ဟုဆိုသည့် သတင်းထောက်ကို တွေ့ရှိခဲ့ရကြောင်း သတင်းထောက်အချို့က ဆိုသည်။
မြန်မာနိုင်ငံမှုခင်း သတင်းထောက်များအသင်း (MCRA) ၏ မှုခင်းသတင်းထောက် အရေအတွက် တနိုင်ငံလုံးတွင် နှစ်သောင်း (၂၀၀၀၀) ကျော်ရှိပြီး ရဲအရာရှိဟောင်းများက ၎င်းတို့ကို မှုခင်း ကာကွယ်တားဆီးရေး နှင့် စုံစမ်းဖော်ထုတ်ရေးသားပုံများကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း အပတ်စဉ်ထုတ် မှုခင်းဂျာနယ်တစောင်၏ ကြေညာဖော်ပြချက်အရ သိရသည်။
မြန်မာ့ မီဒီယာလောကသည် လွန်ခဲ့သည့် ၅ နှစ်ခန့်ကမှ စတင် ကျယ်ပြန့်လာခဲ့သည့်အတွက် အရည်အသွေးမီရန်ဆိုလျှင် ဝန်ကြီးဌာနအပြင် သက်ဆိုင်ရာ သတင်းမီဒီယာ အဖွဲ့အစည်းများကပါ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်သည်ဟု ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ယင်းပွဲတွင် ပြောခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းဌာန လုပ်ငန်းလက်အောက်ရှိ Myanmar News Agency ၊ ကြေးမုံ၊ မြန်မာ့အလင်းနှင့် Global New Light of Myanmar သတင်းစာများတွင် တိုက်ပိုင်နှင့် နယ်ခံသတင်းထောက်များ ဟူ၍ ရှိပြီး အားလုံးကို စာနယ်ဇင်း ကျင့်ဝတ်နှင့်အညီ လေ့ကျင့်ပေးထားကြောင်း ဦးကျော်စွာထွန်းက ပြောသည်။
ဦးကျော်စွာထွန်းက “ကျနော်တို့ ဒီလို လေ့ကျင့်ပေးထားတဲ့ သတင်းထောက်တွေကို အသိအမှတ်ပြု ကတ်ပြား ထုတ်ပေး ထားတာ ရှိပါတယ်။ အဲ့ဒါလည်း ကျနော်တို့ ပြီးခဲ့တဲ့ တနှစ်က ပြန်ပြီးတော့ Review (ပြန်လည် ဆန်းစစ်မှု) လုပ်တာ ရှိပါ တယ်” ဟု ပြောသည်။
MCRA အဖွဲ့ဝင် အချို့က တရားမဝင် စီးပွားရေးလုပ်ငန်းများအကြောင်း ဖော်ထုတ်ရေးသားခြင်းမပြုပါက ငွေပေးရမည်ဟူ၍ ခြောက်လှန့် တောင်းယူမှုများ ပြုလုပ်နေကြောင်းကို စာနယ်ဇင်းကောင်စီထံ တိုင်ကြားမှုများ လက်ခံရရှိခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောက “ဘယ်အဖွဲ့အစည်းမှ ကြိုက်ကြမှာ မဟုတ်ဘူးလေ။ ဒီဟာက ရိုးရိုးသားသား လုပ်ကိုင်နေတဲ့၊ ကျင့်ဝတ်ညီအောင် လုပ်နေတဲ့ အခြားသတင်းထောက်တွေ အပေါ်မှာ သက်ရောက်မှု အများကြီး ရှိနိုင်တယ်။ ဒီ်သတင်းထောက်က ဒီသတင်းဌာနက ယုံကြည်ကိုးစားရရဲ့လား ဆိုတာတွေ ဖြစ်လာမယ် ” ဟု သုံးသပ် ပြောဆိုသည်။