သတင်း

ကန့်ကွက်သည့်ကြားမှ ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ဖြင့် ဆိုင်းဘုတ်တင် ဖွင့်လှစ်

Want create site? Find Free WordPress Themes and plugins.

အစိုးရက မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့ကို ဖြတ်သန်းရန် ဆောက်လုပ်ထားသည့် တံတား(ဒေသအခေါ် ချောင်းဆုံ တံတား) ကို မွန်ပြည်နယ် ဒေသခံများ ကန့်ကွက်နေသည့် ကြားမှ “ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း)” အမည်ဖြင့် ဆိုင်းဘုတ်တင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

မွန်ဒေသခံများက မွန်အမျိုးသား လက္ခဏာမဟုတ်ဘဲ ဗမာတိုင်းရင်းသားခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း ၏ အမည်ကို တံတားအမည်ပေးသည်ဟုဆိုကာ ကန့်ကွက်နေကြခြင်း ဖြစ်သည်။

သံလွင်တံတား(ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားရေးအသွင် ဆန္ဒထုတ်ဖော်ရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်အောင်မွန်က “မနက် ၄ နာရီခွဲလောက်မှာ သူတို့ ဆိုင်းဘုတ်စတင်တယ်လို့ သိရပါတယ်။ မနက် ၆ နာရီထိ မပြီးသေးလို့ ဆက်လုပ်နေကြတာ တွေ့ရတယ်။ ဖွင့်ပွဲတွေ လုပ်တာတော့ မရှိသေးဘူး” ဟု ပြောသည်။

ယင်း ကော်မတီတွင် တံတားအမည်ကို ကန့်ကွက်ကြသည့် မွန်ပြည်နယ်မှ ဒေသခံ ရပ်မိရပ်ဖများ၊ အမျိုးသမီး ခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင် ဘုန်းကြီးများ၊ လူငယ်ခေါင်းဆောင်များ၊ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများ ပါဝင် ဖွဲ့စည်းထားသည်။

အဆိုပါ ကော်မတီက မွန်ဒေသခံများအကြား တံတားအမည်ကို ကန့်ကွက်ကြောင်း လက်မှတ်များ လိုက်လံ ကောက်ခံ နေသည်မှာ ၁၂၀,၀၀၀ ကျော် ရရှိနေပြီဖြစ်ပြီး ဆက်လက်စုဆောင်းကာ ထိုလက်မှတ်များကို သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ၊ လွှတ်တော် နှင့် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနတို့ထံ ပေးပို့သွားမည်ဟု သိရသည်။

ဦးနိုင်အောင်မွန်က “သူတို့ ဆိုင်းဘုတ်တင်လိုက်ပြီဆိုတော့ လောလောဆယ် ကျနော်တို့ ဘာမှ မတတ်နိုင်ဘူး။ ဒါက တိုင်းရင်းသား လူမျိုးစုတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တယ်လို့ ကျနော်တို့က သတ်မှတ်တယ်။ ဒါနဲ့ ပတ်သက်ပြီး ဆက်လက်တိုက်ပွဲဝင် ကန့်ကွက်မယ်” ဟု ပြောသည်။

ဒေသခံများ သောင်းနှင့်ချီ ကန့်ကွက်နေသည့်ကြားမှ ဆိုင်းဘုတ်တင်သည့် ကိစ္စမှာ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အတည်ပြု ပြဋ္ဌာန်းထားသည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ အချက်အလက်များကို NLD အမတ်များက ချိုးဖောက်ခြင်း ဖြစ်သည်ဟုလည်း ဦးနိုင်အောင်မွန်က ပြောသည်။

တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ အခန်း(၂) ၊ ရည်ရွယ်ချက် ၊ ပုဒ်မ ၃ ၊ အပိုဒ်ခွဲ (ဂ) တွင် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်း၊ အမျိုးသားရေး လက္ခဏာ နှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်ဟု ပြဋ္ဌာန်းထားသည်။

ဧပြီလ ၂၄ ရက်တွင် ယင်းကော်မတီက နိုင်ငံတကာ အသိုင်းအဝိုင်းများသို့ အိတ်ဖွင့်ပေးစာဟူသည့် အမည်ဖြင့် စာ တစောင် ထုတ်ပြန်ခဲ့ပြီး ထိုအထဲတွင် ချောင်းဆုံတံတား အမည်ကိစ္စမှာ တိုင်းရင်းသား အချင်းချင်း စည်းလုံး ညီညွတ်ရေး၊ ချစ်ကြည်လေးစားရေး၊ ရိုင်းပင်းကူညီရေးတို့ကိုလည်း ပျက်ပြားစေသည်ဟု ရေးသားထားသည်။

မွန်ဒေသခံများအနေဖြင့် လက်ရှိအစိုးရ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ဆောင်နေရာတွင် တိုင်းရင်းသားတို့၏ သဘောဆန္ဒနှင့် တောင်းဆိုသံများကို အစိုးရက ထည့်သွင်းစဉ်းစားပေးရန်၊ ဒေသခံများ ကြိုက်နှစ်သက်သည့် အမည် ဖြင့်သာ တံတားဖွင့်လှစ်ရန် ထိုအိတ်ဖွင့်ပေးစာတွင် တောင်းဆိုထားသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဧပြီလ ၂၆ရက်၊ ည ၉နာရီခွဲခန့်၊ ၎င်း၏ ဖေ့ဘုတ် စာမျက်နှာတွင် “မနက်ဖြန် ၂၇ ဧပြီ ၂၀၁၇ ၊ မနက် ၅နာရီမှ ည ၁၀နာရီထိ ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) မှ ပြည်သူအပေါင်း ဖြတ်သန်းနိုင်ပါပြီ။ မွန်ပြည်နယ်တိုးတက်ပါစေ။ ပြည်သူအပေါင်း နှလုံးစိတ်ဝမ်း အေးချမ်းပါစေ”ဟု ရေးသားထားသည်။

ယင်းတံတားမှာ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က ပြည်သူ့လွှတ်တော်တွင် မွန်အမတ်မှ ဒေသခံများ သွားလာရအဆင်ပြေစေရန် တောင်းဆိုခဲ့ရာ အဆိုအောင်မြင်ခဲ့သဖြင့် အကောင်အထည်ဖော် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုအစိုးရလက်ထက် တံတားပြီးစီးခါစ ၂၀၁၇ ခုနှစ်၊ မတ်လ ၉ ရက်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက တံတားအမည်ကို “ဗိုလ်ချုပ်အောင်ဆန်း တံတား” ဟု အမည်သတ်မှတ်ပေးရန် အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်တွင်း NLD အမတ် အားလုံးက ထောက်ခံဆန္ဒမဲ ပေးခဲ့ သဖြင့် အဆိုနိုင်ကာ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ချောင်းဆုံတံတားကိစ္စ အတည်ပြုပြီး ကန့်ကွက်မှုများဖြစ်ပေါ်နေစဉ် မွန်ပြည်နယ်၏ ဝန်ကြီးချုပ် တာဝန် ထမ်းဆောင် နေသည့် ဦးမင်းမင်းဦးက တံတားကိစ္စကို လက်မခံခဲ့သဖြင့် NLD ပါတီတွင်း မကျေမလည်မှုများ ဖြစ်ပေါ်ကာ တာဝန်မှ နုတ်ထွက်ခဲ့ရသည်။

မော်လမြိုင်မြို့ဒေသခံ အင်ဂျင်နီယာ ဒေါ်မိစန္ဒီက “ကျမတို့ တိုင်းရင်းသားတွေက ကိုယ့် အမျိုးသားရေး လက္ခဏာ တွေကို ကိုယ့်မြို့၊ ကိုယ့်ဒေသမှာ ခေတ်အဆက်ဆက်ကလည်း ဖော်ပြခွင့် မရခဲ့ပါဘူး။ အခု ဒီမိုကရေစီ အစိုးရ လက်ထက်မှာလည်း ဒီလောက်ကန့်ကွက်နေတဲ့ ကြားက အခုလို လုပ်သွားတာ ကျမတို့ လုံးဝ လက်မခံနိုင်ပါဘူး”ဟု ပြောသည်။

မတ်လ ၂ ရက်တွင် ချောင်းဆုံမြို့ ဒေသခံ ၃၀၀၀ ကျော် ကန့်ကွက်ဆန္ဒပြခဲ့ပြီး မတ်လ ၁၉ ရက်တွင် မွန်ပြည်နယ် အနှံ့မှ မွန်နှင့် အခြား တိုင်းရင်းသားပေါင်းစုံတို့ ပါဝင်ပြီး လူဦးရေ ၂၀၀၀၀ ကျော်က လမ်းပေါ်ထွက် ကန့်ကွက် ဆန္ဒပြ ခဲ့ကြသည်။

မွန်ပြည်နယ် ဒေသခံများက ၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီကို မဲအများအပြား ထည့်ခဲ့ကြ သော်လည်း တံတားကိစ္စ ဖြစ်ပွားပြီးနောက် ဧပြီလ ၁ရက်တွင် ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ချောင်းဆုံ မြို့နယ်တွင် NLD ရှုံးနိမ့်ကာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အမတ်သာ အနိုင်ရရှိခဲ့သည်။

ထို့ပြင် ပြည်နယ်နှင့် တိုင်းအသီးသီးရှိ NLD ပါတီဝင်များက ကော်မတီတရပ်ဖွဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုနှင့် အလေးပြု ရင်ပြင်များကို တိုင်းရင်းသားဒေသများရှိ မြို့ကြီးများတွင် ဆောက်လုပ်ရာ ဒေသခံများက မပြုလုပ်ရန် တားမြစ်သော်လည်း ဆောက်လုပ်ခဲ့ကြသဖြင့် ဝေဖန်မှုများ ရှိခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading