အခြေခံ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် အချိန်တိုအတွင်း အလျင်စလို ပြောင်းလဲခဲ့ရခြင်း အပေါ် ပြည်သူ များကို တောင်းပန်ကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက နေပြည်တော်တွင် ဧပြီ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် အစိုးရ ၁ နှစ်ပြည့် ဆောင်ရွက်ချက်များ ရှင်းလင်းပွဲတွင် ပြောသည်။
စာမေးပွဲ တခုတည်းဖြင့် အတန်းတင်သည့်စနစ်မှ တနှစ်လုံး အကဲဖြတ်၍ အတန်းတင်သည့် စနစ်သို့ ပြောင်းလဲခြင်း၊ တော်၊ သင့်၊ ညံ့ အပေါ် မူတည်၍ အခန်းခွဲသည့် စနစ် ပြောင်းလဲခြင်းနှင့် အောင်စာရင်းတွင် အဆင့်မသတ်မှတ်ဘဲ A၊ B၊ C အဆင့်ဖြင့် အတန်းတင် ပေးခြင်း အပါအဝင် ပြုပြင်ပြောင်းလဲမှု တချို့ကို ယခုနှစ်အတွင်း အလျင်စလို ဆောင်ရွက်ခဲ့သည့်အပေါ် ပြည်သူလူထုက ဝေဖန်မှုများ ရှိခဲ့သည်။
ပညာရေး ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက “ပညာရေး ပြောင်းလဲမှုက ရုတ်ချည်း ဖြစ်လာတဲ့အတွက် တောင်းပန်ပါတယ်။ ရုတ်ချည်း ဖြစ်ရတဲ့ အကြောင်းရင်းတွေကလည်း ရှိပါတယ်။ ကျနော်တို့ သတ်မှတ်မှုက အရင်တုန်းက အရေးမကြီးပေမယ့် အခု အရေးကြီးတဲ့အခါမှာ ကျနော် ဒီလောက်ပြောရင် မီဒီယာများ သဘောပေါက်ပါတယ်” ဟု ပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပညာရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် ညွှန်ကြားခဲ့သဖြင့် ရုတ်ချည်း ဆောင်ရွက်လိုက်ရသည့် သဘော ဖြစ်သွားကြောင်း အခြေခံပညာ ဦးစီးဌာန တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက အထက်ပါ ရှင်းလင်းပွဲတွင် ပြောသည်။
“စဉ်ဆက်မပြတ် နှစ်စ၊ နှစ်ဆုံး အကဲဖြတ်စနစ်ကို ပြောင်းလိုက်တယ်။ ဒါကို ရုတ်ချည်း ပြောင်းတယ်ဆိုတဲ့ သဘောတော့ ဖြစ်သွားတယ်။ တကယ်တော့ ဒီဇင်ဘာလလောက်ကျမှ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ကြားတဲ့အတွက် ၄ ယောက် အစုအဖွဲ့ တခုဆီနဲ့ ပရော ဂျက်လေးတွေ ကျောင်းတိုင်းမှာ လုပ်ပါတယ်” ဟု ဒေါက်တာ ခိုင်မြဲက ပြောသည်။
ယင်းကျောင်းသား ၄ ယောက် အဖွဲ့ထဲတွင် တော်သည့် ကျောင်းသား၊ ညံ့သည့် ကျောင်းသား၊ ယောကျာ်းလေး၊ မိန်းကလေးတွဲ၍ ပူးပေါင်း ဆောင်ရွက်သည့် သဘောဖြင့် တော်သူက ညံ့သူကိုပါ ဆွဲခေါ်သည့် စနစ်မျိုးကို စတင်နေခြင်း ဖြစ်ကြောင်း အခြေခံ ပညာ ဦးစီးဌာနမှ သိရသည်။
“ဒီအနေအထားတွေကို ဖော်ဆောင်ချင်တဲ့အတွက် ပရောဂျက်ကို ဆောင်ရွက်ချင်း ဖြစ်ပါတယ်။ အတန်းခွဲတဲ့အခါမှာလည်း တော်တဲ့သူ ညံ့တဲ့သူတွေကို သီးသန့် မလုပ်ဘဲနဲ့ အားလုံး ပါဝင်တဲ့စနစ်နဲ့ အကောင်အထည် ဖော်တယ် ဆိုတာကို ရှင်းပြလိုပါတယ် ”ဟု ညွှန်ချုပ် ဒေါက်တာ ခိုင်မြဲက ပြောသည်။
ယခု ပညာရေးစနစ်အရ စာမေးပွဲ အောင်ခြင်းနှင့် စာတတ်ခြင်းကို ကွဲပြားရန် လိုကြောင်း၊ ပထမတန်းတွင် ယင်းအတန်းနှင့် လျော်ညီ သည့် စာရေးတတ်၊ ဖတ်တတ်၊ တွက်ချက်တတ်ခြင်း ရှိ၊ မရှိ ဆိုသည့် အချက်ကို သေချာလေ့လာလျက် ရှိကြောင်း၊ အအောင်၊ အရှုံးကို တပွဲတိုး ၂ နာရီ ဖြေခိုင်းပြီး အတန်းတင်ပေးတော့မည် မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
“အခန်းဆုံး၊ လဆုံး၊ နှစ်ဝက် စာမေးပွဲ၊ နှစ်ဆုံး စာမေးပွဲ ဒါတွေ ရှိပါမယ်။ ၂ နာရီနဲ့ စောင့်မကြည့်တော့ဘဲ တနှစ်လုံး စောင့်ကြည့်ပြီး တ ကယ် ရေးတတ် ဖတ်တတ်လားဆိုတာ ကြည့်ပြီး ဆုံးဖြတ်တော့မှာပါ” ဟု ပညာရေး ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။
၎င်းကဆက်၍ “ကျနော်တို့ အထင်အမြင် လွဲခံရ၊ အပုတ်ချခံနေရပါတယ်။ ရှိသမျှ ဖြေသမျှလူတွေ အကုန်အအောင်ပေးတယ်ဆိုတာ မဟုတ်ပါဘူး။ မအောင်ရင် အောင်အောင် သင်ဖို့မှာ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ သင်ရမှာက အတန်းကူးပြောင်းဖို့ ဖြစ်ပါတယ်။ အောင်ခြင်း၊ မအောင်ခြင်းကိုလည်း အကြိမ်ပေါင်းများစွာ ဆန်းစစ်လို့ ရပါတယ်”ဟုလည်း ပြောသည်။
အောင်စာရင်းဆိုသည်ထက် သင်ယူမှု ရလဒ်ကို ရယူပြီး အတန်းကူးပြောင်းရန် ဆောင်ရွက်ရကြောင်း၊ အခြေခံ အဆင့်၊ အလယ်တန်း အဆင့် ပညာရေး ပြီးမြောက်ရန်မှာ သင်ယူမှု ရလဒ်များ အပေါ်မှာ အခြေခံကြောင်း၊ နောက်ဆုံး စာမေးပွဲတခုတည်း မဟုတ်ဘဲ အခန်း ဆုံး စာမေးပွဲ၊ နှစ်ဝက် စာမေးပွဲ၊ နှစ်ဆုံး စာမေးပွဲ၊ တဦးစီ၏ ဘက်စုံ ဖွံ့ဖြိုးမှု မှတ်တမ်း (CPR) အပေါ်တွင် အားလုံး ခြုံငုံ၍ ဆောင်ရွက် ရကြောင်း ဒေါက်တာ ခိုင်မြဲက ပြောသည်။
နောက်ပိုင်းတွင် ပညာရေး ပြောင်းလဲမှုကို စနစ်တကျ ဖြစ်စေရန် School Calendar များကို ရေးဆွဲနေပြီး ယခုဆောင်ရွက်နေသည့် ကျောင်းသား၊ မိဘ၊ ဆရာ ပညာရေး ပူးပေါင်းဆောင်ရွက်မှု ပုံစံမှ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပြည်သူများပါ ပူးပေါင်းပါဝင်သည့် ပုံစံသို့ ပြောင်းလဲသွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။
“နောက်ကို ရုတ်ချည်း မဖြစ်အောင် ကျနော်တို့ School Calendar တွေ ဆွဲနေပါပြီ။ မူလတန်းအဆင့်ကနေစပြီး တက္ကသိုလ်အဆင့်အထိ အဆုံး ဘယ်နေ့မှာ ဘောလုံးကန်မယ်၊ ဘယ်နေ့မှာ ကြက်တောင်ရိုက်မယ်ဆိုတာ အကုန်ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ကျနော်တို့ အပြည့်ဆွဲမယ်”ဟု ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။
ပညာရေး ပြုပြင်ပြောင်းလဲမှုများအတွက် အမျိုးသား ပညာရေး ဥပဒေကို ပြဋ္ဌာန်းထားပြီး အဆင့်မြင့် ပညာရေး ဥပဒေ၊ အခြေခံ ပညာရေး ဥပဒေ၊ ပုဂ္ဂလိက ပညာရေး ဥပဒေ၊ နည်းပညာနှင့် အသက်မွေးပညာ ဥပဒေတို့ကိုလည်း ရေးဆွဲပြဌာန်းရန် လုပ်ငန်းစဉ်များ အဆင့်ဆင့် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။