အစိုးရနှင့် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့အကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်း ဆွေးနွေးကြမည်ဖြစ်ကြောင်း နှစ်ဘက်အဖွဲ့ အစည်းများထံမှ စုံစမ်းသိရှိရသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အောက်ရှိ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) နှင့် UNFC က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့အကြား ဧပြီ ၂၈ ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
Peace Commission အဖွဲ့ဝင်တဦး က “NCA ကိုလက်မှတ်ရေးထိုးပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေး တက်ရောက်နိုင်ရေး ဘာတွေလိုသလဲ ဒါတွေကို ဆွေးနွေးမှာ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်မည့် ထိုအစည်းအဝေးကို ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ကိုယ်တိုင်တက်ရောက်မှာဖြစ်ပြီး ကော်မရှင်အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးအောင်ကြည် အပါအဝင် စုစုပေါင်း ၄ ဦး တက်ရောက်မည်ဖြစ်သည်ဟု သိရသည်။
DPN ဘက်တွင် အဖွဲ့ခေါင်းဆောင် ခူဦးရယ် နှင့် အဖွဲ့ဝင်များ တက်ရောက်ကြမည်ဖြစ်ပြီး ပန်ဆန်း အစည်းအဝေးကို တက်ရောက်ပြီး NCA ပြင်ပ ဆွေးနွေးရေး လမ်းကြောင်းကို လက်ခံခဲ့ကြသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) တို့မှ ကိုယ်စားလှယ် ၂ ဦးစီလည်း တက်ရောက်ကြမည်ဟု သိရသည်။
ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) နှင့် DPN တို့အကြား ယခုနှစ်မတ်လဆန်းပိုင်းတွင် တွေ့ဆုံပြီးနောက် ယခု တွေ့ဆုံမှုသည် ၂ လခန့် အကြာတွင် ပြန်လည်တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး ယခုတကြိမ်တွင် NCA လက်မှတ် ရေးထိုးနိုင်ရေးနှင့် ၂၁ ပင်လုံ ဒုတိယ အစည်းအဝေးကို တက်ရောက်နိုင်ရေး အတွက် အဖြေတခု ထွက်ပေါ်လာလိမ့်မည်ဟု အကဲခတ် အချို့က ဆိုသည်။
ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရုံးတွင် ယခုနှစ် မတ်လ ၃ ရက် နေ့က ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) နှင့် DPN တို့ အကြား UNFC ဘက်မှ အဆိုပြု ထားသော အချက် ၉ ချက်အပေါ် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး မူအားဖြင့် သဘောတူခဲ့ကြသည်။
အဆိုပါ အချက် ၉ ချက်အား မူအားဖြင့် သဘောတူညီမှုရရှိထားမှု အပေါ် UNFC ခေါင်းဆောင်များကရော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေကြသော အစိုးရဘက်မှ ခေါင်းဆောင်များကပါ တိုးတက်ကောင်းမွန်သော ရလာဒ်ဟု ထုတ်ဖော် ပြောဆိုကြပြီး NCA လက်မှတ်ထိုးနိုင်ရေးအတွက် အလားအလာကောင်းဟု ပြောဆိုခဲ့ကြသည်။
UNFC အဖွဲ့ဝင် အဖွဲ့အစည်း ခေါင်းဆောင်တဦး က “အခုဆွေးနွေးမှာကလည်း အဲဒီ အချက် ၉ ချက်အပေါ် အဓိက အခြေခံပြီး ဆွေးနွေးကြမှာပါ။ ဒီအတွက်လည်း ကျနော်တို့ဘက်က ပြင်ဆင်မှုတွေလုပ်နေပါတယ်။ ဒီနေ့တောင် DPN အစည်းအဝေး လုပ်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးကို လာမည့် မေလ ၂၄ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း နေပြည်တော်တွင် ဧပြီလ ၂၄ ရက်နေ့က ပြုလုပ်သော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင် အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးတွင် အတည်ပြုခဲ့သည်။