ကချင်ပြည်နယ်အတွင်း နေထိုင်ကြသည့် လီဆူ တိုင်းရင်းသားများအား ကချင်လွတ်လပ်ရေး တပ်မတော် (KIA ) က ဖမ်း ဆီး သတ်ဖြတ်၍ မြေမြှုပ်ထားသည့် ရုပ်အလောင်းများကို ဖော်ထုတ်ပေးရန် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ( LNDP ) က ဧပြီလ ၂၁ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်၍ တောင်းဆိုထားကြောင်း သိရသည်။
မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းမှ လီဆူတိုင်းရင်းသား ၆ ဦးအား ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့ အတွင်း သတ်ဖြတ်၍ အလောင်းများ ဖျောက်ပစ်ခဲ့ကြောင်း၊ ထိုရုပ်အလောင်းများအား ပြန်လည် ဖော်ထုတ်ပေးရန် KIA/KIO အဖွဲ့များထံ တောင်းဆိုထားကြောင်း LNDP ပါတီ ဥက္ကဋ္ဌ ဦးရွှေမင်း က ဧရာဝတီကို ပြောသည်။
၎င်းက “တောင်ယာလုပ်တဲ့ လီဆူ ဒေသခံတွေကို အကြောင်းပြချက်မရှိဘဲ သတ်ဖြတ်ပြီး မြေမြှုပ်ထားတယ်၊ တနှစ်အတွင်း မှာပဲ ၆ ယောက်ရှိပါပြီ။ ဘာကြောင့် အဲဒီလို လုပ်ရတာလဲဆိုတာကို ကျနော်တို့က သိချင်တယ်၊ အလောင်းတွေကို ပြန်လို ချင်တယ်၊ KIA လို့ ပြောဆိုရတာကလည်း အဲဒီနေရာတွေမှာက KIA တပ်တွေပဲ ရှိလို့ပါ၊ သူတို့ကလည်း ဝန်ခံတာ တချို့ရှိ တယ်” ဟု ဆိုသည်။
ဝိုင်းမော်မြို့နယ် မုတ်လွဲကျေးရွာ အုပ်စု၊ ခါးရှီကျေးရွာမှ ဦးဇော်လေး ၃၆ နှစ်အား ၂၀၁၇ ခုနှစ် ဧပြီလ ၁၂ ရက်နေ့က ဖမ်း ဆီး ခေါ်ဆောင် သတ်ဖြတ်ပြီး အလောင်းကို ဖျောက်ပစ်လိုက်ကြောင်း၊ ရုပ်အလောင်း ပြန်ပေးရန် တောင်းဆိုရာ မြေ မြှုပ်လိုက်ပြီ ဖြစ်၍ ပြန်မပေးနိုင်ဟု KIA တပ်သားများက ပြောဆိုကြောင်းလည်း ကြေညာချက်၌ ဖော်ပြထားသည်။
ထို့အတူ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ကံပိုင်တီမြို့နယ်ခွဲမှ တဦး၊ မတ်လတွင် ဆဒုံးမြို့နယ်ခွဲမှ ၃ ဦးတို့အား သတ်ဖြတ်၍ အလောင်းဖျောက်ပစ်ခဲ့ကြောင်း၊ ယင်းရုပ်အလောင်းများအား ပြန်လည် ဖော်ထုတ်ပေးရန် တောင်းဆိုခဲ့သော်လည်း အလေး ထားမှု မရှိခဲ့ကြောင်း LNDP ပါတီ ဥက္ကဋ္ဌက ပြောသည်။
ယခုနှစ် မတ်လတွင်လည်း လီဆူတိုင်းရင်းသား တဦး သတ်ဖြတ်ခံခဲ့ရကြောင်း၊ ထို့အတူ မိုင်းထောင် သတ်ဖြတ်မှုများ လည်း ရှိကြောင်း ဦးရွှေမင်းက ပြောသည်။
အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ KIO/KIA ပြန်ကြားရေး အဖွဲ့ထံ ဧရာဝတီ က ဆက်သွယ်ခဲ့သော်လည်း မရ ခဲ့ပေ။
ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အကျိုးတော်ဆောင်အဖွဲ့ (PCG ) မှ ဦးလမိုင်ဂွမ်ဂျာက ပြောရာတွင် လီဆူတိုင်းရင်း သားဟု ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်း မဟုတ်ဘဲ တောမီးရှို့သူတချို့အား တားမြစ်ရာမှ မတော်တဆ ပစ်ခတ်မှု ဖြစ်သွား သည်ဟု သိရကြောင်း ဧရာဝတီကို ပြောသည်။
ဦးလမိုင်ဂွမ်ဂျာက “၂၀၁၆ ခုနှစ် ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ စုံစမ်း မေးမြန်းတဲ့အခါမှာ တောမီးရှို့သူတွေကို တားတယ်၊ တားမရတဲ့ အခါကျတော့ ခြောက်လှန့်ပစ်တာက တဆင့် မတော်တဆ ဖြစ်တာလို့ သိရပါတယ်၊ လီဆူလား၊ က ချင်လား၊ ဗမာလားဆိုတာ သူတို့လည်း မသိဘူးလို့ ပြောပါတယ်၊ လူမျိုးရေးအရ လုပ်တာ မဟုတ်ပါဘူး၊ အဲဒီ စခန်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တာဝန်ခံဟာလည်းပဲ လီဆူလူမျိုးပါ” ဟု ဆိုသည်။
အလားတူ LNDP ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည့် လီဆူလူမျိုးများအား မိုင်းထောင် သတ်ဖြတ်နေသည်ဟု စွပ်စွဲထားမှုသည် မမှန်ကန်ကြောင်း၊ တောမီးရှို့မှုကြောင့် ထောင်ထားသည့် မိုင်းများ ပေါက်ကွဲ၍ ထိခိုက်မှုများသာ ဖြစ် ကြောင်း PCG အဖွဲ့က ပြောသည်။
ယင်းပြဿနာအား နှစ်ဦးနှစ်ဖက် အဆင်ပြေစေရေးအတွက် ကူညီဆောင်ရွက်ပေးရန် လီဆူ လူမှုအဖွဲ့အစည်းတချို့ကို အ ကြောင်း ကြားခဲ့ကြောင်း၊ သို့သော် ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် လူမျိုးရေးကို ဦးတည်ရေး သားထားသည့်အတွက် စိတ်မကောင်း ဖြစ်မိကြောင်း၊ နှစ်ဖက်စလုံးကို အမြန်ဆုံး ပြေလည်မှု ရစေလိုကြောင်း ဦးလမိုင် ဂွမ်ဂျာက ပြောသည်။
၎င်းက “ကျနော်တို့အနေနဲ့ အားလုံး ပြေလည်မှုရအောင်ဆိုပြီး ကြားက ဖြေရှင်းပေးဖို့ ပြောဆိုထားတယ်၊ ဒါပေမယ့် ဒီရက် ပိုင်း ထုတ်ပြန်ချက်ထဲမှာ ပြင်းထန်တဲ့ စကားလုံးတွေပါတယ်၊ အဲဒါကြောင့် KIA/ KIO အဖွဲ့နဲ့ပဲ တိုက်ရိုက် တွေ့ဆုံ ဆွေးနွေး ကြဖို့ တိုက်တွန်းထားပါတယ်” ဟု ဆိုသည်။
လီဆူ တိုင်းရင်းသားများသည် ကချင်ပြည်နယ်တွင် အများဆုံး နေထိုင်ကြပြီး၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ကယားပြည်နယ်တို့တွင် နေထိုင်ကြကာ စုစုပေါင်း လူဦးရေ ၄ သိန်းဝန်းကျင် ရှိကြောင်း LNDP ပါတီ ဥက္ကဋ္ဌ ဦးရွှေမင်း က ပြောသည်။