ယခုလကုန်ပိုင်းတွင် ဧရာဝတီမြစ်ရေ မြင့်တက်နိုင်ဖွယ်ရှိတာကြောင့် မြစ်ကြောင်းများကို အသုံးပြု သွားလာနေရသူများ အနေဖြင့် ဂရုပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က ဧပြီ ၂၇ ရက်နေ့တွင် သတိပေး ထုတ်ပြန်ထားသည်။
ဧရာဝတီမြစ် အထက်ပိုင်းတွင် မြင့်တက်ခဲ့သော မြစ်ရေများသည် ဧပြီလကုန် ရက်အပိုင်းအတွင်း မြစ်အာက်ပိုင်း ဒေသများသို့ မြင့်တက်လာနိုင်ခြေ ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောသည်။
ဦးကျော်မိုးဦး က “မြန်မာနိုင်ငံ မြောက်ပိုင်းမှာ မိုးရွာသွန်းမှု က များတယ်ဆိုရင် မြစ်ရေက မြင့်တက်လာဖို့ ရှိတယ်။ အထက်ပိုင်း ဒေသတွေမှာ မိုးရွာတာနဲ့အမျှ မြစ်ရေကို သတိထားရမယ်။ အဓိက ကတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားတို့၊ ပူတာအိုတို့၊ မချမ်းဘော ဒီဒေသတွေမှာ မိုးရွာသွန်းမှု များတယ်ဆိုရင် မြစ်ရေ တက်လာမယ်။ အဲဒီလိုပဲ ချင်းတွင်းမြစ်ဘက်မှာ ဆိုရင် ခန္တီးတို့ ဘာတို့မှာ မိုးရွာသွန်းလာရင် မြစ်ရေ တက်လာမယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဧရာဝတီ မြစ်ရေသည် ဧပြီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်တွင် ဆယ်ပေခန့် မြင့်တက်ခဲ့ပြီး ဗန်းမော်မြို့နှင့် ရွှေကူမြို့တို့တွင် ငါးပေမှ ခုနှစ်ပေခန့်၊ ကသာမြို့တွင် သုံးပေခွဲခန့် မြင့်တက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အထက်ပိုင်းတွင် မြင့်တက်ခဲ့သော မြစ်ရေများသည် လာမည့် တစ်ရက်၊ နှစ်ရက်အတွင်း ဗန်းမော်မြို့တွင် နှစ်ပေခွဲခန့်၊ တစ်ရက်မှ ၄ ရက်အတွင်းရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ငါးပေမှ ခုနှစ်ပေခန့် မြင့်တက်နိုင်သည်ဟု ဆိုသည်။
အလားတူ နောက်နှစ်ရက်မှ ခုနှစ်ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ငါးပေမှ ခြောက်ပေခန့် ၊ နောက်သုံးရက်မှ ဆယ်ရက်အတွင်းချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့ ၊အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် လေးပေမှ ငါးပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ခြေရှိကြောင်းလည်း မိုး/ဇလ ကထုတ်ပြန်ထားသည်။
မြစ်ရေတက်နှုန်းသည် မိုးရွာသွန်းမှုပေါ်တွင် မူတည်နေပြီး မြစ်ရေအများဆုံး တက်သည့် ကာလဖြစ်သည့် ဇူလိုင်လနှင့် သြဂုတ်လတွင် ပို၍ သတိထားရန် လိုအပ်ကြောင်း ဦးကျော်မိုးဦး က ပြောသည်။
မြစ်ရေတက်မည့် အခြေအနေရှိသဖြင့် မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများ အနေဖြင့် ဂရုပြုသင့်ကြောင်းနှင့် မြစ်ရေနည်းစဉ် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်ကြသူများ အနေဖြင့်လည်း မြစ်ရေ မြင့်တက်လာနိုင်မှုကို ဂရုပြု နေထိုင်သင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ သတိပေး ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။
ယခုနှစ် သင်္ကြန်ကာလအတွင်းက မာရသာ မုန်တိုင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါမုန်တိုင်းသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ ဖြတ်သန်းခဲ့သဖြင့် အပျက်အစီး အချို့ရှိခဲ့သလို မုန်တိုင်း အရှိန်ကြောင့် ပြည်နယ်နှင့် တိုင်းအချို့တွင် မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခြင်းများလည်း ဖြစ်ပေါ်ခဲ့သည်။