မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေ လက်ထက်အတွင်း ပျောက်ဆုံးခဲ့သည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သန်း ၇,၀၀၀ ကျော် အနက် ရွှေသုခအသေးစား ငွေချေးလုပ်ငန်းသို့ လွှဲပြောင်းပေးခဲ့သည့် ကျပ်သန်း ၁,၅၇၀ ကို ပြန်လည်ပေးအပ်သွားမည်ဟု သိရသည်။
မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့် ရွှေသုခ အသေးစားငွေချေးလုပ်ငန်း ဥက္ကဋ္ဌဦးကြည်ထွန်းက “ “ကျနော်တို့က ကျပ် ၁.၅၇ ဘီလီယံ ပြန်ပေးမှာ။ ကျနော်တို့ဆီမှာ ရွှေသုခဖောင်ဒေးရှင်းဆိုတဲ့ဟာပါ။ မတည်ငွေ ပေးထားတဲ့ငွေကို ပြန်ပေးမှာ။ လူတွေကို ချေးထားတာပေါ့။ အဲဒါတွေ ပြန်တောင်းပြီး ပေးရမှာ။ အစိုးရအဖွဲ့ အတွင်းရေးမှူးကို နှုတ်နဲ့ပြောထားတာပါ” ဟု ဧရာဝတီကို ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံခိုင်ရေးပါတီ) အတွက် သုံးစွဲခဲ့သည်ဆိုသော ကျပ်သန်း ၁,၇၀၀ ကိစ္စသည် ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိဘဲ ဝန်ကြီးချုပ်ဟောင်းနှင့် ဝန်ကြီးသစ်တို့ ကိစ္စသာဖြစ်ကြောင်း၊ ၎င်းတို့ငွေစုငွေချေး လုပ်ငန်းအတွက် ထုတ်ပေးထားသည့်ငွေကို ချေးထားသူများဆီမှ ပြန်လည်တောင်းယူနေကြောင်း၊ ရရှိသည်နှင့် တိုင်းအစိုးရအဖွဲ့ထံ ပေးအပ်သွားမည်ဟု ၎င်းက ဆက်ပြောသည်။
ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွေ လက်ထက်အတွင်း ရေနံလက်ယက်တွင်း လုပ်ငန်းများမှရရှိသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သန်း ၇,၄၅၉ ပျောက်ဆုံးနေမှုကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (စစစ) က စစ်ဆေးခဲ့ပြီးနောက် ကျပ်သန်းပေါင်း ၃,၀၀၀ ကို လက်ရှိအစိုးရသစ်ထံ ပြန်လည်ပေးအပ်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
ထိုညွှန်ကြားချက်ကို မကွေးတိုင်းဝန်ချုပ်ကြီးဟောင်း ဦးဖုန်းမော်ရွှေ၊ မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် ရွှေသုခအသေးစား ငွေချေးလုပ်ငန်းဥက္ကဋ္ဌ ဦးကြည်ထွန်းတို့ထံ လိပ်မူ၍ တိုင်းအစိုးရအဖွဲ့ထံ ဖြေရှင်းဆောင်ရွက်ပေးရန် ဧပြီ ၁၈ နေ့စွဲဖြင့် ညွှန်ကြားချက် ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ညွှန်ကြားချက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ (USDP) အတွက် သုံးစွဲခဲ့သည့် မကွေးတိုင်း ဒေသကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းပိုင် ကျပ်သန်းပေါင်း ၁,၇၀၀၊ ငွေချေးလုပ်ငန်းကို လွှဲပြောင်းပေးခဲ့သည့် ကျပ် ၁၅၇၀ သန်းနှင့် မော်တော်ယာဉ် ၄ စီး၊ ဘတ် ဟိုး ၁ စီး၊ ပဲ့ထောင်ရေယာဉ် ၂ စီးတို့ကို ပြန်လည်လွှဲပေးရန်ဖြစ်ပြီး လွှဲပြောင်းပေးခြင်း မရှိပါက တည်ဆဲဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟု ဖော်ပြပါရှိသည်။
ထိုညွှန်ကြားချက် ရရှိပြီးနောက်ပိုင်း ကျပ်သန်း ၁,၅၇၀ ကို ပြန်လည်ပေးအပ်သွားမည် ဖြစ်သော်လည်း ကြံခိုင်ရေးပါတီအတွက် သုံးစွဲခဲ့သည်ဆိုသော ကျပ်သန်း ၁,၇၀၀ မှာ ၎င်းတိုနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ဦးကြည်ထွန်းက ရှင်းပြသည်။
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (စစစ) စစ်ဆေးမှုအရ ကျပ်သန်း ၁၇၀၀ ကို ကြံခိုင်ရေးပါတီအတွက် သုံးစွဲထားသည်ဟု ပေါ်ပေါက်ခဲ့ကြောင်း ညွှန်ကြားချက်တွင် ဖော်ပြထားသော်လည်း ကြံခိုင်ရေးပါတီ (ဗဟို)၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပါတီနှင့် သက်ဆိုင်မှု မရှိကြောင်း ငြင်းဆိုထားသည်။
ဒေါက်တာနန္ဒာလှမြင့်က “တကယ်တမ်း ကျနော်တို့ပါတီမှာလည်း ဦးဖုန်းမော်ရွှေ လှူဒါန်းခဲ့တာ ဘာမှမရှိဘူး။ ကျနော်တို့ပါတီကို ပေးတာမဟုတ်ဘူး။ ပါတီက လက်ခံထားတာလည်း မရှိပါဘူးလို့ တရားဝင် ငြင်းဆိုထားပြီးသားပါ။ သို့သော် ပြည်ခိုင်ဖြိုးပါတီ ပြည်ခိုင်ဖြိုးပါတီဆိုပြီးတော့မှ ပုတ်ခတ်ပြီးတော့မှ ဒီလိုမျိုး စော်ကားနေတာသည် ပါတီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်။ ဒါကြောင့် ကျနော်တို့ ကြေညာချက် ထုတ်ပြန်ဖို့ရှိတယ်” ဟု ဧရာဝတီကို ပြောသည်။
ယခုဖြစ်နေသည့် ကိစ္စများနှင့် ပတ်သက်၍ လက်ရှိအစိုးရ တာဝန်ရှိသူများအနေဖြင့် ကာယကံရှင်ဖြစ်သူ ယခင်အစိုးရအဖွဲ့ဟောင်း ဦးဖုန်းမော်ရွှေကို ခေါ်ယူစစ်ဆေးပြီး ဥပဒေနှင့်အညီ အမြန်ဆုံးဖြေရှင်းပေးရန် တိုက်တွန်းကြောင်းနှင့် ပါတီကို ဆွဲထည့်နေသည့်ကိစ္စသည် နိုင်ငံရေးထိုးနှက်ချက် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေလက်ထက် ပျောက်ဆုံးခဲ့သည့် ရန်ပုံငွေများကို လက်ရှိအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခြင်း မရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းကို လက်ရှိမကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဧရာဝတီကို ပြောဆိုထားသည်။
“ငြင်းတာတော့ ငြင်းတာပဲ။ သို့သော်လည်းပဲ အခုလိုမျိုး ကြံ့ခိုင်ရေးပါတီကို သန်း ၁၇၀၀ ပေးထားပါတယ်။ ပေးလိုက်တယ်ဆိုတဲ့ ကိစ္စက ရပ်ထဲရွာထဲက ကောလဟလပြောတာ မဟုတ်ဘူး။ သတင်းသမားတွေ၊ မီဒီယာတွေရဲ့ ထင်မြင်ယူဆချက် မဟုတ်ဘူး။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ဌာနကြီးတခုဖြစ်တဲ့ စသုံးလုံးက စစ်ဆေးတွေ့တဲ့ဟာ။ ဒါကြောင့်မို့ ဒါသည် ငြင်းလို့မရဘူး” ဟု ဝန်ကြီးချုပ်က ဆိုသည်။
ကြံ့ခိုင်ရေးပါတီကို ပေးအပ်သည်ဆိုသော ကျပ်သန်း ၁၇၀၀ ကျော်နှင့် ပတ်သက်၍ ပါတီက ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုထားသော်လည်း ကာယကံရှင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေက တစုံတရာထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။