လွန်ခဲ့သော ၁၃ နှစ်က တရုတ်နိုင်ငံသို့ လူကုန်ကူးခံခဲ့ရသူ တိုင်းရင်းသူ မွန်အမျိုးသမီးတဦးသည် လူကုန်ကူး ဖမ်းဆီးထားသူများ၏ လက်မှ လွတ်မြောက်လာပြီးနောက် ဧပြီလ ၂၃ ရက်နေ့က မိဘများနှင့် ပြန်လည် ဆုံစည်းနိုင်ခဲ့သည်။
မိခင်စီ (အမည်အစစ်အမှန်မဟုတ်) သည် အသက် ၁၇ နှစ်အရွယ်တွင် မွန်ပြည်နယ် ရေးမြို့နယ်ရှိ အဖွားဖြစ်သူ၏ နေအိမ်မှ မုဒုံမြို့နယ်ရှိ သူမ၏ အိမ်သို့ အပြန် ရထားစီးလာခဲ့သည်။ ထိုခရီးအတွင်း ဆေးခတ်ထားသော ဖျော်ရည်ကို သောက်သုံးမိခဲ့ပြီး ရန်ကုန်သို့ ခေါ်ဆောင်ခြင်းခံရကာ စားသောက်ဆိုင်တခုတွင် အတင်းအကျပ် အလုပ် စေခိုင်းခံရသည်။
သူမကို ဖမ်းဆီးသွားသူများက သူမကို ရှမ်းပြည်မြောက်ပိုင်း နယ်စပ်မြို့ ဖြစ်သည့် မူဆယ်တွင် တရုတ်အမျိုးသားများ ထံသို့ ရောင်းချခဲ့သည်။ ထိုဖြစ်ရပ်မှာ နှစ်ကြိမ်တိုင် အတင်းအကျပ် လက်ထပ်စေခြင်း အနက် ပထမအကြိမ် ဖြစ်ပြီး နောက်ဆုံးတွင် လူ့အခွင့်အရေး လှုပ်ရှားသူ နိုင်ကိုသူ၏ အကူအညီဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။
ပထမ တရုတ်အမျိုးသားလင်ယောက်ျားနှင့် ၁၂ နှစ်အတွင်း ကလေး ၂ ယောက်လည်း ရခဲ့ပြီးနောက် ထိုသူက သူမကို မိဘများထံ သွားရောက် လည်ပတ်ခွင့် ပေးခဲ့သည် ဟုလည်း သူက ပြောသည်။
မိခင်စီသည် ထိုစဉ်က အိမ်ပြန် မရောက်ခဲ့ဘဲ နယ်စပ်တွင် ထပ်မံလူကုန်ကူးခံရကာ အခြား တရုတ်တယောက်နှင့် အတင်းအကျပ် လက်ထပ်ပေးခြင်း ခံရပြီး ထိုသူ၏ ဆိုးရွားသော နှိပ်စက်မှုကိုလည်း ခံခဲ့ရသည်။ ဒုတိယအကြိမ် အတင်းအကျပ် ထပ်မံလက်ထပ် ခံရစဉ်တွင် မိခင်စီကို တရုတ်ယွမ်ငွေ ၆၀၀၀၀ (အမေရိကန် ဒေါ်လာ ၈၇၅၀) ဖြင့် ရောင်စားခံရသည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့ အဖွဲ့ဝင်လည်း ဖြစ်သူ နိုင်ကိုသူက ပြောသည်။ လူမှုကွန်ယက် WeChat အသုံးပြုပြီး မြန်မာမိတ်ဆွေများကို အကူအညီ တောင်းခဲ့ရသည်။
ထိုမိတ်ဆွေများက သူမကို နိုင်ကိုသူ နှင့် ဆက်သွယ်ပေးပြီး နိုင်ကိုသူက သူမ၏ မိဘများထံ သွားကာ သမီးဖြစ်သူ ပျောက်ဆုံးနေရခြင်း၏ နောက်ကွယ်မှ အကြောင်းများကို ရှင်းပြခဲ့သည်။ မိဘများက လွန်ခဲ့သော ဆယ်စုနှစ် တခုကပင် မိခင်စီ ပျောက်ဆုံးသွားပြီးု ယူဆထားကြသည်ဟု နိုင်ကိုသူ က ပြောပြသည်။ သို့သော် ၎င်းတို့က ယခု အကြိမ်တွင်မူ မုဒုံရဲစခန်းတွင် အမှုဖွင့်ခဲ့ကြသည်။
မိခင်စီက သူရှိသည့် နေရာကို နိုင်ကိုသူအား ပေးပို့ခဲ့ပြီး နိုင်ကိုသူက နယ်စပ် ၂ ဖက်စလုံးမှ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်သည်။ အမှုကို အရေးယူဆောင်ရွက်မှု မရှိခြင်းကြောင့် နိုင်ကိုသူသည် မိခင်စီကိုယ်တိုင် တရုတ်ရဲစီ ကိုယ်တိုင်သွားရောက်အဖမ်းခံရန် အကြံပြုခဲ့သည်။
သူမ ဖမ်းဆီးခံရပြီး ဖုန်းလည်း အသိမ်းခံရသဖြင့် နိုင်ကိုသူနှင့် ၃ ပတ်ခန့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ တရုတ်ရဲက သူမကို ဧပြီလ ၉ ရက်နေ့တွင် ပြည်နှင်ဒဏ်ပေးပြီး ထိုနေ့တွင်ပင် မိခင်စီ သူတို့လက်ထဲ ရောက်ရှိနေပြီ ဖြစ်ကြောင်း မြန်မာနယ်စပ်ရဲက နိုင်ကိုသူထံ အကြောင်းကြားခဲ့သည်။
မြန်မာရဲက သူမကို ရန်ကုန်မှ မော်လမြိုင်နှင့် ထိုမှနောက်ဆုံးတွင် မုဒုံသို့ ပို့ဆောင်ပေးပြီး အသက် ၃၀ အရွယ် မိခင်စီသည် မိဘများကို ပြန်လည်စုံတွေ့ခွင့်ရရှိခဲ့သည်။ သူမ၏ ကလေးများမှာ တရုတ်နိုင်ငံတွင်သူတို့၏ ဖခင်နှင့် ကျန်ရစ်ခဲ့သည်။
သံသယရှိသူ ၅ ဦးကို ဖမ်းဆီးထားပြီး အခြားသူ ၅ ဦးမှာ လွတ်မြောက်နေဆဲ ဖြစ်သည်ဟု နိုင်ကိုသူက ပြောသည်။
“တရုတ်ဥပဒေက သူ့ကို ဝယ်ပြီး ဇနီးမယားအဖြစ် ကျွန်ပြုတဲ့ သူကို အရေးမယူဘူး။ ကျနော်တို့က လူမှောင်ခိုကူးတဲ့ လူကိုပဲ အရေးယူလို့ ရတယ်” ဟု သူက ရှင်းပြသည်။
ထိုအမှုကို စစ်ဆေးသော မုဒုံမြို့နယ်မှ ရဲအရာရှိ ဦးသိန်းဇော်မြင့်က မိခင်စီနှင့် နယ်စပ်ရဲများ ပူးပေါင်းကာ တရားခံများကို ဖော်ထုတ်မည်ဟု ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“သူ့အတွက် ကျနော်တို့ လုပ်နိုင်တာ လုပ်ပေးမယ်” ဟု သူက ပြောသည်။
ဇန်နဝါရီလက ထုတ်ပြန်သည့် အစိုးရ စာရင်းများ အရ လွန်ခဲ့သော နှစ်က လူကုန်ကူးခံရသူ ၃၀၇ ယောက်တွင် ၈၅ ဦးမှာ အတင်းအကျပ် လက်ထပ်ပေးခြင်း ခံရသည်ဟု သိရသည်။ သို့သော် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ၂၀၁၆ ခုနှစ် လူကုန်ကူးမှု အစီရင်ခံစာကမူ ထိုလူကုန်ကူးခံရသူ အရေအတွက်မှာ များစွာလျှော့ချ ဖော်ပြထားသည် ဟု ဆိုသည်။
မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန လူကုန်ကူးမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က လူကုန်ကူးမှု ၁၃၁ မှုတွင် လူကုန်ကူးခံ ရသူပေါင်း ၃၀၇ ဦး ရှိပြီး ၎င်းတို့အနက် ၂၃၁ ဦးသည် အမျိုးသမီးများဖြစ်ပြီး ၉၄ ဦးမှာ အမျိုးသားများ ဖြစ်ကြသည်ဟု ပြောသည်။ ၄၁ ဦးမှာ အသက် ၁၆ နှစ်အောက် ကလေးများ ဖြစ်သည်ဟု ဆိုသည်။
တရုတ်နိုင်ငံသို့ လူကုန်ကူးမှုမှာ အများဆုံး ဖြစ်ပြီး ၈၈ မှု ရှိသည်။ မြန်မာနိုင်ငံအတွင်း ပြည်တွင်း လူကုန်ကူးမှုမှာ ၂၈ မှု ရှိပြီး ထိုင်းနိုင်ငံသို့ လူကုန်ကူးမှု ၉ မှု ရှိကာ မလေးရှားသို့ လူကုန်ကူးမှု ၆ မှု ရှိသည်။
“လူကုန်ကူးမှုဟာ မြန်မာတနိုင်ငံလုံးမှာ ကူးစက်ရောဂါ လို ဖြစ်နေဆဲပါ။ လူမှုကွန်ရက် အပလီကေးရှင်းတွေဟာ ဒီဒေသတွင်းမှာ ခုတလော နှစ်ဖက်ချွန်ဖြစ်လာ နေတယ်။ လူကုန်ကူးတဲ့သူ အထူးသဖြင့် လွန်ခဲ့တဲ့နှစ်တွေထဲမှာ ဆက်သွယ်ဖို့ ကြားခံအမျိုးမျိုး အသုံးပြုလာကြတယ်” ဟု Fortify Rights လူ့အခွင့်အရေးအဖွဲ့မှ အမှုဆောင် အရာရှိချုပ် Matthew Smith က ပြောသည်။
“မြန်မာနဲ့ အချိတ်အဆက် ရှိတဲ့ လူကုန်ကူးဂိုဏ်းတွေဟာ ယောက်ျား၊ မိန်းမ၊ ကလေးတွေကို ရောင်းဖို့၊ သယ်ဖို့ နိုင်ငံတကာ အထူးသဖြင့် မလေးရှားနဲ့ ထိုင်းက ဘဏ်တွေကို ဘယ်လို အသုံးပြုတယ် ဆိုတာကို ကျနော်တို့ မှတ်တမ်း ပြုစုထားပါတယ်”
“ဒါတွေက အမှောင်ထဲက ရာဇဝတ်မှု ဖြစ်နေေတော့ မြန်မာနိုင်ငံမှာ လူကုန်ကူးမှု တိုးလာလား၊ မလာဘူးလား ဆိုတာက ပြောရတာ ခက်နေတယ်။ ဒါပေမယ့် သေချာတာက အာဏာပိုင်တွေက လူကုန်ကူမှု တိုက်ဖျက်ဖို့ လုံလုံလောက်လောက် မလုပ်တာတော့ သေချာတယ်။ လူကုန်ကူးမှုရဲ့ တစိတ်တပိုင်းက အဓမ္မ ခိုင်းစေမှုက တဆင့် ဖြစ်ပေါ်လာတာပဲ။ အဲဒီမှာ စစ်တပ်ကိုယ်တိုင်ကကို ဒီဒေသတွင်းမှာ အဆိုးရွားဆုံး ချိုးဖောက်နေတာ ဖြစ်တယ်”
မြန်မာနိုင်ငံသည် လူကုန်ကူးမှု အဆိုးရွားဆုံး ကျူးလွန်သော နိုင်ငံများ စာရင်းဝင်နေကြောင်း လွန်ခဲ့သော ဇွန်လက အမေရိကန်က ကြေညာသည်။ ထိုလူကုန်ကူးမှု အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ဒုတိယအဆိုးဆုံးအဆင့် ဖြစ်သည့် အဆင့် ၃ နိုင်ငံများ စာရင်းတွင် ပါဝင်နေပြီး နိုင်ငံအတွင်း ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူများသည် အထူးသဖြင့် လူကုန်ကူးခံရနိုင်ခြေ ရှိနေသည် ဟု ဖော်ပြထားသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Lawi Weng ၏ Trafficked Woman Reunited With Parents After 13 Years ကို ဘာသာပြန်ဆိုသည်)