ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်မှ သက်တမ်းနှစ် ၁၀၀ ရှိ စေတီပြင်ရွာဗလီတွင် အင်္ဂါနေ့ ညက မီးလောင်ကျွမ်းခဲ့သော်လည်း အကြီးအကျယ် ပျက်စီးခြင်းမရှိကြောင်း သိရသည်။
ရသေ့တောင်မြို့မှ ၁၂ ကီလိုမီတာခန့်ဝေးသော စေတီပြင်ကျေးရွာသည် နယ်ခြားစောင့်ရဲအများအပြားချထားသော နေရာ တွင်တည်ရှိသည်။ အိမ်ခြေ ၁၀၀၀ ခန့်ရှိသော ထိုရွာတွင် မွတ်စလင်မိသားစုများ ၈၀ ခန့်ရှိသည်ဟု ၎င်းကိုယ်၎င်း မွတ်စလင်ရိုဟင်ဂျာဟု သတ်မှတ်သော စေတီပြင်ကျေးရွာသား အယ်လ်ဟာ့ဂျ် ဇော်ဟီသရာက ပြောသည်။
အဆိုုပါ စေတီပြင်ဗလီအနီးတွင် ဘုန်းကြီးကျောင်းတခုနှင့် ဈေးတခု တည်ရှိသည်။ အင်္ဂါနေ့ည ၁၀ နာရီခန့် ဝတ်ပြုဆုတောင်းစဉ်အတွင်း မီးစတင် လောင်ကျွမ်းသည်။
ထိုဖြစ်ရပ်ကို သတင်းပို့ရန် ရွာသားများက ရွာသူကြီးထံ ဖုန်းဆက်သော်လည်း သူကြီးမရှိသဖြင့် ရွာသားများက မီးကို ထိန်းချုပ်နိုင်ရန် ၎င်းတို့ဘာသာ လုပ်ဆောင်ခဲ့ရသည်။ အနီးရှိ ဗုဒ္ဓဘာသာရခိုင်များကလည်း မီးကို ကူညီ ငြှိမ်းသတ်ပေးခဲ့သည် ဟု ဇော်ဟီသရာက ပြောသည်။
မီးစတင်လောင်ကျွမ်းရခြင်းအကြောင်းရင်းနှင့်ပတ်သက်၍ အွန်လိုင်းတွင် ကောလာဟလများပျံ့သွားခဲ့သော်လည်း ဇော် ဟီသရာနှင့်ရခိုင်ဗုဒ္ဓဘာသာ ကိုမောင်စိုးဝင်းနှစ်ဦးစလုံးတို့က ထိုသတင်းမှာ မီးစတင်လောင်ကျွမ်းရခြင်း အကြောင်းရင်းကို မသိရသေးသောကြောင့် အခြေအနေကို နားလည်မှုလွဲခြင်းသာဖြစ်သည်ဟု ပြောသည်။
“ဘယ်သူလုပ်လဲဆို သိတဲ့လူမရှိတော့ ဘယ်သူ လုပ်တယ်ဆိုတာ ကောက်ချက်ချလိုု့မရဘူးလေ” ဟု ဇော်ဟီသရာ က ပြောသည်။
နယ်ခြားစောင့်ရဲတပ်ဖွဲ့ အစီရင်ခံစာအရ ဗလီအဆောက်အအုံကို မီးလောင်ကျွမ်းခြင်းမရှိဘဲ ကျပ်ငွေ ၅ သောင်းခန့် တန် သော စာအုပ်များနှင့် ဝတ်ပြုစဉ်ထိုင်သောဖျာများသာ ပျက်စီးသွားကြောင်းသိရသည်ဟု ဧရာဝတီသတင်းဌာနသို့ အမည်မဖော်လို သည့် ရသေ့တောင်မှ ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။
ထိုဗလီမှ ဘာသာရေးဆရာတဦးနှင့် မီးငြှိမ်းသတ်ရာတွင် ပါဝင်ခဲ့သည့် မွတ်စလင် ၈ ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပြီး နောက်တနေ့နံနက်တွင် ပြန်လွှတ်ပေးသည်ဟုလည်း သတင်းများအရ သိရသည်။ ဝတ်ပြုရန် ဆော်ဩသူက ဖယောင်းတိုင်ကို မီးထွန်းထားခဲ့ရာမှ လဲကျပြီး ဝန်းကျင်မှ ပစ္စည်းများကို မီးကူးကာ မီးစတင် လောင်ကျွမ်းခြင်းဖြစ်မည်ဟု သံသယရှိကြောင်း ရသေ့တောင်ရဲတပ်ဖွဲ့က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“နယ်ခြားစောင့်ရဲတပ်ဖွဲ့က မီးပေါ့ဆမှု ပုဒ်မ ၂၈၅ နဲ့ ယာယီအမှုဖွင့်ထားပါတယ်။ သက်ဆိုင်တဲ့သူတွေကို သူတို့ ဆက်လက် စစ်ဆေးသွားမှာပါ” ဟု ရသေ့တောင်မှ ရဲအရာရှိက ပြောသည်။
ရာဇဝတ်မှု ဥပဒေပုဒ်မ ၂၈၅ အရ အသက်အန္တရာယ်ကျရောက်နိုင်သော မီးလောင်ကျွမ်းမှုဖြစ်စေသူ မည်သူမဆို အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်နှင့်ဒဏ်ငွေ ချမှတ်ခံရနိုင်သည်။
သို့သော် စေတီပြင်ဗလီသည် ဖယောင်းတိုင်မသုံးဘဲ ဆိုလာမီးကိုအသုံးပြုသည်ဟု ဒေသခံမွတ်စလင်များ က ဧရာဝတီ သတင်းဌာနသို့ ပြောကြားပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ကောက်ချက်ကို မေးခွန်းထုတ်သည်။
ကိုရန်ကျမ်းနှင့် အခြားစာအုပ်များကိုလည်း ပုံမှန်အားဖြင့် စင်များ၊ စားပွဲးများပေါ်တွင်သာ ထားရှိသော်လည်း ထိုစာအုပ် များသည် ကြမ်းပြင်ပေါ်ရှိ ဝတ်ပြုကောဇောခင်းပေါ်တွင် အပုံလိုက် မီးလောင်နေကြောင်း တွေ့ရသည်ဟု ရွာသားတဦးက ပြောသည်။ ထိုမျက်မြင်သက်သေပြောကြားချက်များကို ဧရာဝတီသတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။
မီးလောင်ကျွမ်းမှုမှာ အသေးစားသာဖြစ်ကြောင်းတွေ့ရပြီး သူသိရသလောက် ဗလီအဆောက်အအုံကို ထိခိုက်မှုမရှိကြောင်း ရခိုင်ဗုဒ္ဓဘာသာ ကိုမောင်စိုးဝင်းက ပြောသည်။ သူက ဗလီမီးလောင်နေသည်ကိုု မီးငြိမ်းသတ်သူထက် ဓာတ်ပုံရိုက်သူများက ပိုများနေသည်ဟု ဝေဖန်သည်။
ထိုဗလီအတွင်း ဓာတ်ပုံရိုက်ခဲ့ကြသူများ၏ ဖုန်းများကိုလည်း နယ်ခြားစောင့်ရဲက သိမ်းယူခဲ့သွားကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။
စေတီပြင်ကျေးရွာသည် ၂၀၁၂ ခုနှစ်က ပြည်နယ်အတွင်းမြို့နယ်အများအပြားတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် အဓိကရုဏ်းများမှ ကင်းလွတ်ခဲ့သည်ဟု ဇော်ဟီသရာနှင့် ကိုမောင်စိုးဝင်းတို့က ပြောသည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင်မူ ထိုဗလီအတွင်းရှိ အဝတ်ဗီရိုတခု မီးစွဲလောင်ခဲ့သည်။ ထိုစဉ်ကလည်း တရားခံကို မဖော်ထုတ်နိုင်ခဲ့ဘဲ ပဟေဠိဖြစ်နေသည်ဟု ဇော်ဟီသရာက ပြောသည်။
စေတီပြင်ကျေးရွာ၏ လက်ရှိအခြေအနေမှာ ပုံမှန်အနေအထားအတိုင်း တည်ငြိမ်နေသည်ဟု ဒေသခံများက ဧရာဝတီသ တင်းဌာနသို့ပြောသည်။
ဧရာဝတီသတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် သမ္မတရုံးနှင့် အင်္ဂါနေ့တွင် ရခိုင်ပြည်နယ် အစိုးရအရာရှိများသို့ ဖုန်းဖြင့် ဆက် သွယ်ခဲ့သော်လည်း ဝေဖန်ပြောကြားပေးမည့် မည်သူ့ကိုမျှ ဆက်သွယ်၍မရခဲ့ပေ။