ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း အခမဲ့ဆေးကုခန်းကို ငွေကြေးအခက်အခဲကြောင့် ယခုဧပြီလအတွင်း ယာယီပိတ်ထားရကြောင်း ထိုဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကျော်အောင်က ပြောသည်။
ဦးကျော်အောင်က “ကျနော်တို့မှာ ငွေကြေးအခက်အခဲတွေ ရှိတယ်။ ဆေးကုခန်းကို ဒီလပိတ်ထားရတယ်။ နောက်လ ပြန်ဖွင့်မယ်ဆိုပေမယ့် ဆေးဝါးတော့ မပြည့်စုံနိုင်ဘူး။ အလှူရှင်ဆီက မရတော့ရင် ဆေးတွေ အခမဲ့ပေးနိုင်ဖို့ အခက်အခဲ ရှိတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အားထားရာက ဒီတခုပဲရှိတော့ လုံးဝမပိတ်သွားစေချင်ဘူး” ဟု ပြောသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် သတင်းစာဆရာဖြစ်သူ ဟံသာဝတီဦးဝင်းတင်က ၎င်း၏ဘဝတူ လုပ်ဖော်ကိုင်ဖက်များအား ထောက်ပံ့နိုင်ရန် ဦးဝင်းတင်ဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဖောင်ဒေးရှင်းက ၂ လတကြိမ် နိုင်ငံရေး အကျဉ်းသားများကို ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ပြီး စတင်ချိန်မှ ၂၀၁၇ ခုနှစ် မတ်လအထိ ၂၈ ကြိမ် ထောက်ပံခဲ့ပြီဖြစ်ကြောင်း သိရသည်။ အလားတူ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း အခမဲ့ဆေးကုခန်းသည်လည်း နိုင်ငံရေးအကျဉ်းသားများအတွက် တခုတည်းသော အခမဲ့ ဆေးဝါးကုသမှုပေးနေသည့် ဆေးခန်းတခုဖြစ်သည်။
အစောပိုင်းကာလတွင် ဖောင်ဒေးရှင်းက ကျန်းမာရေးစောင့်ရှောက်မှုအဖြင့် Green Cross ဆေးရုံတွင် တက်ရောက်ကုသရန် ထောက်ပံမှု ပေးနိုင်ခဲ့သော်လည်း ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ပြီးနောက်ပိုင်း အလှူရှင်များ လျော့ကျလာသည့်အတွက် ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ကိုယ်ပိုင်အခမဲ့ ဆေးကုခန်းအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ရသည်။
အခမဲ့ဆေးခန်းကို အပတ်စဉ် ၆ ရက် ဖွင့်လှစ်ပြီး တရက်လျှင် ဆရာဝန်တဦးက အလှည့်ကျ ဆေးခန်းထိုင်၍ စမ်းသပ်ကုသပေးခဲ့ကြောင်း သိရသည်။