တက်သစ်စ ဓာတ်ပုံမော်ဒယ်နှင့် သရုပ်ဆောင် ရွှေမြင့်မိုရ်ကို ၎င်း၏ နေအိမ်အတွင်း မူးယစ်ဆေးဝါးများနှင့် ဆက်စပ် အသုံးအဆောင် ပစ္စည်းများနှင့် အတူ တွေ့ရှိခဲ့သဖြင့် ယမန်နေ့ ညပိုင်းက ဖမ်းဆီးလိုက်ကြောင်း တာမွေမြို့မ ရဲစခန်းမှ သိရသည်။
ခန္ဓာကိုယ် အသားပေး ဓာတ်ပုံများ အများဆုံး ရိုက်ကူးလေ့ရှိသူ မော်ဒယ်လ် ရွှေမြင့်မိုရ်နှင့် အတူ အမျိုးသား ၂ ဦးလည်း ပါဝင်ပြီး ဧပြီ လ ၂၇ ရက်နေ့ ညက ၎င်းနေထိုင်ရာ တာမွေမြို့နယ် နတ်ချောင်းလမ်းရှိ နေအိမ်သို့ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ စိတ်ကြွဆေးပြားများနှင့် ဆက်စပ် အသုံးအဆောင် အချို့ တွေ့ရှိသဖြင့် ဖမ်းဆီးထားခြင်း ဖြစ်သည်။
“မနေ့က ညပိုင်းက သွားပြီး စစ်ဆေး ဖမ်းဆီးထားပါတယ်။ သူရယ် အမျိုးသား ၂ ဦးလည်း ပါဝင်ပါတယ်။ အသေးစိတ်တော့ ပြောလို့မရသေးဘူး” ဟု ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။
မော်ဒယ်ရွှေမြင့်မိုရ်သည် မဂ္ဂဇင်း ဓာတ်ပုံများ၊ အလှဓာတ်ပုံများ အများဆုံး ရိုက်ကူးနေရသူဖြစ်ပြီး ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားအချို့တွင်လည်း သရုပ်ဆောင်ထားသည်။ သူသည် ပဲခူးမြို့ဇာတိ ဖြစ်ပြီး ရန်ကုန်မြို့သို့ လာရောက်ကာ သူ ဝါသနာပါရာ မော်ဒယ်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ်များအတွင်း ရဲတိုက်၊ ဒီဖြိုး၊ မိုးအောင်ရင် စသည့် ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင်၊ အဆိုတော် အချို့လည်း မူးယစ်ဆေးဝါးမှုများဖြင့် ဖမ်းဆီးခဲ့ရမှုများ ရှိခဲ့သည်။
ဧပြီလ ၁၀ ရက်နေ့ ပြုလုပ်သည့် အစိုးရသစ်လက်ထက် ပြည်ထဲရေး ဝန်ကြီးဌာန၏ ပထမတနှစ်တာ ဆောင်ရွက်ချက်များ ဆိုင်ရာ ရှင်းလင်းပွဲတွင် ရဲချုပ်ဇော်ဝင်းက မူးယစ်ဆေးဝါး သုံးစွဲသူများကို ထောင်ဒဏ်ချမှတ်တော့မည်မဟုတ်ဘဲ လူမှုရေး ပြစ်ဒဏ်ဖြင့် အစားထိုးမည်ဖြစ်ကြောင်း၊ ဆေးကုသခွင့်ပေးမည်ဖြစ်ကြောင်း၊ ပြင်ဆင်ရေးဆွဲထားသည့် မူးယစ်ဆေးဝါး ဆိုင်ရာ ဥပဒေများကို မတ်လ ၉ နေ့ကတည်းက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားပြီး ဆွေးနွေးအတည်ပြုပြီးပါက နည်းဥပဒေများဆက်လက်ပြဋ္ဌာန်းရန် ရှိကြောင်း ပြောဆိုထားသည်။