မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်းများ ခေတ်မီအောင် အဆင့်မြှင်တင်ရေး အတွက် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Japan International Cooperation Agency – JICA) က ဂျပန်ယန်းငွေ ၁၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၉ သန်း) နီးပါးရှိသော ပြည်ပဖွံ့ဖြိုးရေး ချေးငွေ (overseas development assistance – ODA) သဘောတူညီချက်တရပ်ကို မြန်မာအစိုးရနှင့် လက်မှတ်ရေးထိုးလိုက်သည်။
ထိုချေးငွေကို ရန်ကုန်မြို့သို့ လျှပ်စစ်ဓာတ်အား ပေးပို့နေသည့် ဘီလူးချောင်း အမှတ် ၁ ရေအားလျှပ်စစ် စက်ရုံနှင့် မန္တလေးမြို့သို့ လျှပ်စစ်ဖြန့်ဖြူးသည့် ဆည်တော်ကြီး ရေအားလျှပ်စစ် စက်ရုံများကို ခေတ်မီအောင် အဆင့်မြှင့်ရာတွင် အသုံးပြုမည် ဖြစ်သည်။
ထို ယန်း ၁၁ ဘီလီယံ နှစ် ၄၀ ချေးငွေ၏ နှစ်စဉ် အတိုးနှုန်းမှာ ၁ ဒသမ ၀၁ ရာခိုင်နှုန်း ဖြစ်ပြီး အတိုင်ပင်ခံ ဝန်ဆောင်ကြေးမှာလည်း သုည ဒသမ ၀၁ ရာခိုင်နှုန်းသာ ဖြစ်သည်။ ဆိုင်းငံ့ကာလမှာ ၁၀ နှစ် ဖြစ်သည်။
ထိုချေးငွေကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း၏ ဂျင်နရေတာ ဓာတ်အား ထုတ်လုပ်ရေး စက်သစ်များ၊ တာဘိုင်များ၊ ထိန်းချုပ်ရေးနှင့်အခြားစက်များ ဝယ်ယူရေးနှင့် ဝယ်ယူတည်ဆောက်ရေး လုပ်ငန်းစဉ်များ အတွက် သုံးမည်ဟု JICA ၏ ကြေညာချက်တွင် ဖော်ပြ ထားသည်။
တည်ဆောက်ရေး လုပ်ငန်းများကို ကြီးကြပ်ခြင်း အပါအဝင် အတိုင်ပင်ခံ ဝန်ဆောင်မှု အတွက် ဖိတ်ခေါ်သော စာတစောင်ကို ၂၀၁၇ ခုနှစ် ဧပြီလတွင် ထုတ်ပြန်ရန် စီစဉ်ထားပြီး ဆောက်လုပ်ရေး လုပ်ငန်းတင်ဒါကို ၂၀၁၈ ခုနှစ် မေလတွင် စတင်မည် ဖြစ်သည်။
ထို ဓာတ်အားပေးစက်ရုံများသည် ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလတွင် စတင် လည်ပတ်မည် ဟု မျှော်လင့်ရသည်။
မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု စွမ်းရည် ၄၆၅၁ မဂ္ဂါဝပ် ရှိသော်လည်း သက်တမ်းရင့်နေသော ဓာတ်အားပေး စက်ရုံ အခြေခံအဆောက်အအုံများနှင့် နွေရာသီ ရေရှားပါးမှုတို့ကြောင့် လက်တွေ့တွင် စွမ်းရည်၏ ထက်ဝက်အောက် ၁၈၂၃ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်သည်ဟု JICA ၏ အဆိုအရ သိရသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ဝယ်လိုအားမှာ ၂၀၃၀ ခုနှစ်တွင် ၁၄ ဒသမ ၅ ဂီဂါဝပ်တိုးလာမည်ဟု JICA က ခန့်မှန်းသည်။ ။