အမျိုးသားရေး တက်ကြွလှုပ်ရှားသူ မဘသဦးဆောင် ဆရာတော် ဦးပါမောက္ခ အပါအဝင် သံဃာ ၃ ပါး နှင့် မျိုးချစ် အမျိုးသားကွန်ရက် အဖွဲ့ဝင် ၄ ဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံရကြောင်း သိရသည်။
ကမာရွတ်မြို့နယ် ဒုအထွေထွေအုပ်ချုပ်ရေးမှူးက အမျိုးသားရေး လှုပ်ရှားသူများဟု ဆိုသည့် ဦးပါမောက္ခ၊ ဦးဉာဏဓမ္မ၊ ဦးသုစိတ္တ၊ ဦးဝင်းကိုကိုလတ်၊ ဦးနိုင်ဝင်းထွန်း၊ ဦးသက်မျိုးဦးနှင့် ဦးနေဝင်းအောင် တို့ ၇ ဦးကို ၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်းက အမေရိကန် သံရုံးရှေ့တွင် ပြုလုပ်ခဲ့သည့် “ရိုဟင်ဂျာလူမှု အသိုက်အဝန်း” အသုံးအနှုန်း ကန့်ကွက် ဆန္ဒထုတ်ဖော်မှုသည် နိုင်ငံတော်အား အများပြည်သူ အကြည်ညိုပျက်စေသည့်အတွက် ယမန်နှစ်က တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ လျှောက်ထားမှုကို တရားရုံးက အဆင့်ဆင့် စစ်ဆေးသုံးသပ်နေရသဖြင့် ယခုနှစ်ပိုင်းမှသာ ဦးတိုက်လျှောက်ထားမှု ကို လက်ခံလိုက်ခြင်း ဖြစ်ပြီး ၅၀၅ (ခ) ဖြင့် တရားစွဲခံရသူများထံသို့ ဆင့်ခေါ်စာသည် ယခုနှစ် ဧပြီလလယ်ပိုင်းတွင် ရောက်ရှိလာခြင်း ဖြစ်ကြောင်း မျိုးချစ် အမျိုးသားကွန်ရက်အဖွဲ့မှ ဦးဝင်းကိုကိုလတ်က ရှင်းပြသည်။
“တရားသူကြီးကတော့ ကျနော်တို့ကို ဂုဏ်သရေရှိပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် ကိုယ်ပိုင်ခံဝန်နဲ့ အာမခံ လျှောက်မလားလို့ မေးတယ်။ ဒါပေမယ့် ဆင့်ခေါ်စာက လူအကုန်လုံးဆီ မရောက်သေးဘူး။ စွဲတာကတော့ ၇ ဦးပဲ။ ၂ ယောက်၊ ၃ ယောက်ဆီပဲရောက်သေးတယ်။ ဆရာတော် ဦးပါမောက္ခဆီကို ဆင့်ခေါ်စာ ရောက်ပေမယ့် သံဃမဟာနာယကရဲ့ ခွင့်ပြုချက်မပါလို့ လက်မခံလိုက်ဘူး။ ဗဟန်းမြို့နယ်တရားရုံးကလည်း ၅၀၅ (ခ) နဲ့ စွဲထားတဲ့ အမှုရှိသေးတယ်။ အမေရိကန် သံရုံးရှေ့ ဆန္ဒပြတဲ့ အမှုက ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့လည်း လက်ရှိ တရားရင်ဆိုင်နေတာ ရုံးချိန်း ၂၀ နီးပါးရှိပြီ” ဟု မျိုးချစ် အမျိုးသား ကွန်ရက်မှ ဦးဝင်းကိုကိုလတ်က ပြောသည်။
၂၀၁၆ ခုနှစ် ဇူလိုင်လက အမျိုးသားရေး လှုပ်ရှားသူများသည် အမေရိကန် သံရုံးက ထုတ်ပြန်သည့် ကြေညာချက် တစောင်တွင် ရိုဟင်ဂျာ လူမျိုးဟု သုံးစွဲခဲ့သည့်အပေါ် ကန့်ကွက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြခွင့် ပြုသည့်နေရာတွင် မပြုလုပ်ဘဲ အမေရိကန်သံရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့သဖြင့် ဦးပါမောက္ခ၊ ဦးဝင်းကိုကိုလတ် အပါအဝင် ၇ ဦးကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် ၂၀၁၆ ခုနှစ် သြဂုတ်လကတည်းက ကမာရွတ်ရဲစခန်းက တရားစွဲဆိုထားသည်။