မြန်မာအစိုးရကို အကူအညီပေးရန် ပထမ မက်ခရိုစီးပွားရေး တည်ငြိမ်မှုနှင့် ဘဏ္ဍာရေး ပြန်လည် နာလန်ထူ ဖွံ့ဖြိုးရေး မူဝါဒလုပ်ငန်းစဉ် (First Macroeconomic Stability and Fiscal Resilience Development Policy Operation) အတွက် ဒေါ်လာသန်း ၂၀၀ ချေးငွေကို ကမ္ဘာ့ဘဏ်က ယနေ့ အတည်ပြုလိုက်သည်။
ထို အကူအညီသည် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အတွက်လိုအပ်သော စီးပွားရေး တည်ငြိမ်မှု ထိန်းသိမ်းရန် နှင့် အရည်အသွေးမီ အများပြည်သူ ဝန်ဆောင်မှုများ ပိုမိုရရှိစေမည့် ဘဏ္ဍာငွေ ခွဲဝေမှု ရင်းမြစ်များ တိုးမြှင့်ရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ထားသည်။
ကမ္ဘာ့ဘဏ်က အထောက်အပံ့ပြုလုပ်သော အစီအစဉ်များတွင် စီးပွားရေးစီမံခန့်ခွဲမှု ခေတ်မီရေးနှင့် ထိရောက်သော နိုင်ငံတော် တည်ဆောက်ရေး ပြုပြင်ပြောင်းလဲမှုများ ပါဝင်သည်။ ထို ပြုပြင်ပြောင်းလဲမှုများသည် ငွေကြေး ဖောင်းပွမှု မြင့်တက်ခြင်း၊ ပြည်သူ့ကြွေးမြီ ထိန်းသိမ်းနိုင်ခြင်း၊ အစိုးရ အသုံးစရိတ်နှင့် အခွန်ကောက်ခံမှု ထိရောက်မှု ရှိရေး စသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ထားသည်။ ထို ဖွံ့ဖြိုးရေး မူဝါဒလုပ်ငန်းစဉ်သည် အရေးပါသော အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ အတွက် ကာလရှည် အထူးဘဏ္ဍာရေး ပံ့ပိုးမှုများ ပေးသည်။
“ကျနော်တို့ အဆိုပြုလိုက်တဲ့ မူဝါဒ လုပ်ငန်းတွေဟာ စီးပွားရေး မူဝါဒတွေနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရာမှာ ယုံကြည်မှု ထိန်းသိမ်းနိုင်အောင် အထောက်အကူ ပြုပြီး လျှပ်စစ်၊ ပညာရေးနဲ့ ကျန်းမာရေး အပါအဝင် မြန်မာပြည်သူတွေ အတွက် ဝန်ဆောင်မှုတွေကို မြှင့်တင်ပေးနိုင်ပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောရည်ရွယ်ကြောင်း ထုတ်ပြန်ထားသည်။
“ဥပမာအနေနဲ့ပြောရရင် နိမ့်ကျတည်ငြိမ်တဲ့ ငွေကြေးဖောင်းပွမှုဟာ အလုပ်အကိုင် ဖန်တီးဖို့နဲ့ အားလုံး အကျုံးဝင်တဲ့၊ စီးပွားရေးတိုးတက်မှု ရစေတဲ့၊ မြန်မာနိုင်ငံအတွက် အရည်အသွေးမြင့်မားတဲ့ ရင်းနှီးမြှပ်နှံမှုကို ဆွဲဆောင်ပေး နိုင်ပါတယ်” ဟုလည်း ပြောသည်။
ဖွံ့ဖြိုးရေး မူဝါဒလုပ်ငန်းစဉ်တွင် မဏ္ဍိုင်နှစ်ခုရှိရည်ရွယ်ကြောင်း ထုတ်ပြန်ထားသည်။ မက်ခရို စီးပွားရေး မဏ္ဍိုင်တွင် လိုအပ်သလို ချိန်ဆ လုပ်ဆောင်နိုင် သည့် ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးလိုငွေပြမှုကို ဗဟိုဘဏ်က ငွေကြေးထောက်ပံ့ရခြင်းကို အဆုံးသတ်နိုင်ရေး၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ အတွက် ဘဏ္ဍာရေး စည်းမျဉ်းများ၊ မူဝါဒအခြေခံ ဘဏ္ဍာငွေ ခွဲဝေသတ်မှတ်ခြင်း စသည့် ပြုပြင်ပြောင်းလဲရေးများ ပါဝင်သည်။ ဘဏ္ဍာရေး ပြန်လည် နာလန်ထူရေး မဏ္ဍိုင်မှ ပြုပြင်ပြောင်လဲရေးများသည် အခွန်ငွေ အသုံးချခြင်း၊ စဉ်းစားချင့်ချိန်မှု ရှိသော သဘာဝဓာတ်ငွေ့ဝင်ငွေ စီမံခန့်ခွဲမှု၊ လျှပ်စစ်ဓာတ်အား ကဏ္ဍ ဘဏ္ဍာရေး ဆောင်ရွက်နိုင်မှုနှင့် ထိရောက်သော ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုတို့ ပါဝင်သည်။
ထိုချေးငွေသည် ကမ္ဘာ့ဘဏ်၏ ဝင်ငွေနည်းသော နိုင်ငံများ အတွက် ရန်ပုံငွေ ဖြစ်သော နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အသင်း (International Development Association – IDA) မှ အထောက်အပံ့ ဖြစ်သည်။ ထို IDA ချေးငွေ၏ သက်တမ်းမှာ ၃၈ နှစ် ဖြစ်ပြီး ဆိုင်ငံ့ကာလ ၆ နှစ်နှင့် အတိုးနှုန်းမဲ့ ဖြစ်သည်။