မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက ရန်ပုံငွေကျပ်သန်း သုံးထောင်ကျော်ကို ၂၀၁၇ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်မတိုင်မီ အစိုးရထံပြန်လည်ပေးအပ်မည်ဟု စာဖြင့်အကြောင်းကြားခဲ့ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့က ပြောသည်။
ငွေများပြန်လည်လွဲပြောင်းမှုကို ၎င်း၏ ကိုယ်စားလှယ်အဖြစ် ရွှေသုခငွေချေးလုပ်ငန်းဥက္ကဋ္ဌ ဦးကြည်ထွန်း က ဆက်သွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးဘုန်းမော်ရွှေနှင့် ဦးကြည်ထွန်းတို့ လက်မှတ် ရေးထိုးထား သည့် ဧပြီ ၂၇ ရက် ရက်စွဲပါစာကို ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံ လိပ်မူကာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက “တိုက်ရိုက်အဆက်အသွယ်တော့မရသေးဘူး၊ ဖွံ့ဖြိုးရေးသုံးငွေတွေလည်း ဘယ်လိုလုပ်မလဲ အစိုးရအဖွဲ့နဲ့တိုင်ပင်မယ်၊ ဒါတွေဘာမှမပြောရင် နားလည်မှု ယူပြီး ငြိမ်နေသလား ထင်ယောင်ထင်မှားတွေဖြစ်မယ်”ဟု ပြောသည်။
ငွေများပြန်လည် လွှဲပြောင်းရာတွင် ရွှေသုခငွေချေးလုပ်ငန်းသို့ လွှဲပေးခဲ့သည့် ကျပ်သန်း ၁၅၇၀ ကျော် အနက် ကျပ်သိန်း ၅၀၀၀ ကို ပထမအရစ်အနေဖြင့် မေလ ပထမပတ်တွင် ပေးသွင်းမည်ဖြစ်ပြီး ပါတီသို့ လွှဲပြောင်းပေးခဲ့သည့် မော်တော်ယာဉ်များကို ဧပြီ ၃၀ ရက်နေ့နောက်ဆုံးထားကာ တိုင်းဒသကြီးအစိုးရ အဖွဲ့သို့ လွှဲပေးမည်ဖြစ်ကြောင်း သိရသည်။
ကျန်ရှိသည့် ငွေများမှာ ငွေချေးလုပ်ငန်းတွင် လုပ်ငန်းလည်ပတ်လျက် ရှိနေသည့်အတွက် ပြန်လည် ကောက်ခံပြီးချိန် ဖြစ်သည့် ဇူလိုင်လ နောက်ဆုံးပတ် မတိုင်မီတွင် ထပ်မံပေးသွင်းမည်ဖြစ်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။
ပြည်ထောင်စုအစိုးရက ဦးဘုန်းမော်ရွှေနှင့် ရွှေသုခငွေချေးလုပ်ငန်းဥက္ကဋ္ဌ ဦးကြည်ထွန်းတို့အနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီထံ လွှဲပေးခဲ့သည့် ကျပ်သန်း ၁၇၀၀ နှင့် မော်တော်ယာဉ်များနှင့် ငွေချေးလုပ်ငန်းသို့ လွှဲပေးခဲ့သည့် ကျပ်သန်း ၁၅၇၀ ကျော်တို့ကို ပြန်လည်လွှဲပေးရန်နှင့် ပြန်လည်လွှဲပြောင်း ခြင်းမရှိပါက တည်ဆဲဥပဒေများအတိုင်းအရေးယူရန် တိုင်းဒေသကြီးအစိုးရသို့ ဧပြီ ၈ ရက်နေ့ရက်စွဲဖြင့် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးပါတီတရပ်ထံသို့ အစိုးရပိုင်ငွေကြေးများ လွှဲပြောင်းပေးခဲ့သည်ဆိုခြင်းမှာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ ဥပဒေများနှင့်ကိုက်ညီခြင်းမရှိဘဲ ပါတီဖျက်သိမ်းသည်အထိ အရေးယူဆောင်ရွက်နိုင်ပြီး ကြံ့ခိုင်ရေးပါတီအနေဖြင့်မူ ယခုဖြစ်စဉ်တွင် ငွေကြေးလက်ခံရယူထားခြင်းလုံးဝ မရှိကြောင်း ငြင်းဆိုထား သည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဟောင်းအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရေနံလက်ယက်တွင်း လုပ်ငန်းရှင်များ၏ ရန်ပုံငွေများအား ယခုကဲ့သို့ ပါတီထံလွဲှပြောင်းပေးခဲ့ခြင်းမှာ အလွဲသုံးစားပြုလုပ်ခဲ့ခြင်းသာ ဖြစ်သည့်အတွက် ငွေများပြန်လည်ပေးသွင်းသည်ဖြစ်စေ အရေးယူ ဆောင်ရွက်မှုပြုလုပ်သင့်ကြောင်းလည်း ပြည်သူများက ဝေဖန်လျှက်ရှိသည်။
ပြည်သူများ၏ ဝေဖန်မှုနှင့်ပတ်သက်၍ အရေးယူ၊ မယူကို ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေချုပ် ရုံးတို့ထံ တင်ပြပြီးမှသာ ဆောင်ရွက်နိုင်သည့်ကိစ္စရပ်ဖြစ်ပြီး ယခုကိစ္စရပ်များအပေါ်တွင် တိုင်းဒေသကြီးအစိုး ရအဖွဲ့အတွင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဒေါက်တာအောင်မိုးညိုက ပြောသည်။