မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုတွင် တရားခံကို သက်သေများနှင့်တကွ ဖမ်းဆီး မိထားပြီး ဖြစ်သော်လည်း အမှုမှန် ပျောက်ကွယ်လုလု ဖြစ်နေသောကြောင့် အမှုမှန်ပေါ်ပေါက်ရေး အတွက် ကာယကံရှင်က တောင်းဆို လိုက်သည်။
“ဒီလိုမျိုး လွတ်မြောက်အောင် ကြိုးစားခဲ့ရဲ့သားနဲ့ အမှန်တရားကို ကူညီဖေးမမယ့် လက်တွေက အရမ်းနည်းပါး ပါ တယ်။ သူ့ရဲ့ Background တွေကြောင့် ကျမရဲ့ ဒီအမှုမှှန်ဟာ ပျောက်ကွယ်လုလု ဖြစ်နေပါတယ်။ ဒီလိုမျိုး အဖြစ် မခံနိုင်ပါဘူး။ အမှုမှန် ပေါ်ပေါက်ရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကို တောင်းဆိုပါတယ်” ဟု ကာယကံရှင် မနီနီလွင်က ပြောသည်။
ရန်ကုန်မြို့ မြန်မာ ဂျာနယ်လစ် ကွန်ရက် (MJN) ရုံးခန်းတွင် ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
မုဒိမ်းမှု ကျူးလွန်သူ သူဟု စွဲဆိုခံထားရသော ကိုမျိုးဇော်ထွေး၏ နောက်ခံအင်အား ကြီးမားသည့်အတွက် သက်သေ များ စုံစုံလင်လင် တင်ပြထားသော်လည်း တချို့သော သက်သေများကို ရဲစခန်းက ဖျောက်ထားသည်ဟု မနီနီလွင် က ပြောဆိုသည်။
“သူ့ရဲ့ Background ကြီးတဲ့အတွက် ကျမ သာမန်လိုမျိုး ပြောရင်လည်း အရူးလိုပဲ အပြောခံရမှာသိလို့ ဒီလိုမျိုး သက်သေ စုံစုံလင်လင် တင်ပြခဲ့တာတောင်မှ ရဲစခန်းက သက်သေတွေကို ဖျောက်ထားတယ်။ မျိုးဇော်ထွေးရဲ့ ကွန်ပျူတာ နဲ့ ဖုန်းထဲမှာ သူကျူးလွန်ခဲ့တဲ့ အမျိုးသမီးတွေရဲ့ မဖွယ်မရာပုံတွေ ရှိပါတယ်လို့ ပြောတာကို ရဲက သိမ်းထား သလိုလိုနဲ့ ဖျောက်ပြီး အသစ်တလုံးပြပြီး ဘာမှ မရှိပါဘူဆိုပြီး ပြောတယ်။ ဒါကို ကျမ မကျေနပ်ဘူး” ဟုလည်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက ကိုမျိုးဇော်ထွေးနှင့် သူမသည် လူမှုကွန်ရက်ပေါ်တွင် ၂၀၁၆ ဒီဇင်ဘာ ၆ ရက်က စတင်သိရှိ ခင်မင်ရင်းနှီးခဲ့ခြင်း ဖြစ်ပြီး ၎င်းနှင့်သမီးရည်းစား မဟုတ်ကြောင်း၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကတည်းက စတင် ကျူးလွန် ခံခဲ့ရပြီးနောက် သူမ၏မဖွယ်မရာ ဓာတ်ပုံများကို ရိုက်ကူးထားပြီး ခြိမ်းခြောက်ကာ အလိုမတူဘဲ အကြိမ်ကြိမ် ထပ်မံ အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောသည်။
သူ၏ လွတ်မြောက်ရေး အတွက် ကိုမျိုးဇော်ထွေး ဆိုသူ၏ဖုန်းထဲတွင် ရှိသော သူ၏ပုံများကို ဖျက်ရန်ကြိုးစားခဲ့ရာမှ တခြားသော အမျိုးသမီးများ၏ မဖွယ်မရာပုံများနှင့် ၎င်းကဲ့သို့ အလိုမတူဘဲ အဓမ္မပြုကျင့်ခံရသူ နှစ်ဦးနှင့်ပါ အဆက် အသွယ်ရခဲ့ကြောင်း၊ ၎င်းမသိသေးသည့် တခြားသော အမျိုးသမီးများလည်း ရှိသေးကြောင်း မနီနီလွင်က ရှင်းပြသည်။
“လွတ်မြောက်ချင်တယ်လို့ ပြောတဲ့အချိန်အတိုင်းပဲ ဒီပုံတွေကို အကြောင်းပြပြီး ခြိမ်းခြောက်ခဲ့တယ်။ သူ့ကားထဲက ဓား ကို ပြပြီး ခြိမ်းခြောက်ခဲ့တယ်။ ကျမ ဒီလိုမျိုးရှေ့ထွက်ရင် အရှက်ကွဲမယ်။ ရှေ့ဆက်ရမယ့်လမ်း ခက်ခဲမယ်ဆိုတာလည်း သိပါတယ်။ ဒါပေမယ့် ဒီလှောင်အိမ်ထဲမှာ ပိတ်ခံနေရတဲ့ဘဝကနေ ရုန်းထွက်ချင်ပါပြီ။ တယောက်တည်း လွတ်မြောက် ရုံ မဟုတ် ပါဘူး။ သူဟာ သူ့ရဲ့ ဒီပရဟိတ Image ကို အရင်းတည်ပြီး ဘယ်အချိန်အထိ ဒီလိုယုတ်မာမလဲ။ နောက် ထပ် အမျိုးကောင်းသမီး ဘယ်နှစ်ယောက်ကို ဖျက်ဆီးနိုင်ဦးမလဲ မသိနိုင်ဘူး။ ဒါကြောင့် ကျမဒီလို ရှေ့ထွက်လာရတာ ပါ” ဟုလည်း ၎င်းက ပြောဆိုသည်။
မနီနီလွင်သည် ၂၀၁၇ ဖေဖော်ဝါရီ ၄ ရက်ညကစပြီး ၂၀၁၇ ဧပြီ ၂၁ ရက်နေ့အထိ အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မ ပြုကျင့် ခံခဲ့ရပြီးနောက် အမျိုးသမီးတချို့၏ အကူအညီ ရရှိခဲ့ကာ ၂၁ ရက်နေ့တွင်ပင် မျိုးဇော်ထွေးကို ပခုက္ကူမြို့မ ရဲစခန်း တွင် မုဒိမ်းမှုဖြင့် ဖမ်းဆီးထားနိုင်ခဲ့ပြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
“သူ့ဆီက(မျိုးဇော်ထွေးဆီက) စစ်ဆေးချက် ယူပြီး ရာဇဝတ် ဥပဒေပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ထားပါတယ်။ ထောင်ကို လည်း ပို့လိုက်ပါပြီ။ ရှေ့တပတ်မှာ ရုံးထုတ်မယ်”ဟု ပခုက္ကူမှ ရဲအရာရှိတဦးက ဧရာဝတီကို ပြောဆိုထားသည်။
မျိုးဇော်ထွေးအား ဧပြီလ ၂၄ ရက်တွင် ပခုက္ကူမြို့မ ရဲစခန်း အချုပ်မှ ပခုက္ကူ အကျဉ်းထောင်ချုပ်သို့ ရွှေ့ ပြောင်း ထား ကြောင်း သိရသည်။
“လက်ရှိအမှုနဲ့ ပတ်သက်ပြီး အားရမှု မရှိဘူး။ တကယ်ဆို သက်သေတွေလည်း စုံစုံလင်လင် ရှိနေပြီပဲ။ အမြန်ဆုံးဒါကို ပြင်းပြင်း ထန်ထန် အရေးယူ ပေးစေချင်တယ်” ဟု မနီနီလွင်ကို အကူအညီပေးခဲ့သူ အမျိုးသမီးတဦးက ပြောဆိုသည်။