အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNFC)၏ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့ (DPN) တို့အကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးနိုင်ရေးအတွက် ၅ ကြိမ်မြောက် တွေ့ဆုံ ညှိနှိုင်းပြီး ဖြစ်သော်လည်း တစုံတရာ အဖြေ မထွက်သေးဘဲ ဆက်လက်ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု သတင်းရရှိသည်။
ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့သည် ဧပြီလ ၂၈ ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့သို့ သွားရောက်ကာ နံနက် ၉နာရီမှ ည ၇ နာရီအထိ DPN အဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က “ကျနော်တို့က မူအားဖြင့်ပဲ သဘောတူထားတာဆိုတော့ ပြုပြင်စရာ ရှိတာ ပြုပြင် တယ်။ ပြန်လာညှိရတာတွေ ရှိတယ်။ အဓိက ဆုံးဖြတ်ချက်တော့ မချနိုင်သေးဘူး။ နှစ်ဖက်စလုံးက ဆက်လက် ညှိနှိုင်း ဆွေးနွေးနေဆဲပါပဲ။ အမြန်ဆုံး သဘောတူနိုင်မယ့် အနေအထား ရောက်ဖို့ဆိုတာကတော့ ကျနော်တို့ ဆက်လက် ညှိနှိုင်းသွားရပါမယ်” ဟု ဧရာဝတီကို ပြောသည်။
DPN က NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရထံ တောင်းဆိုထားသည့် အချက် ၉ ချက်ကို ငြိမ်းချမ်းရေး ကော်မရှင်နှင့် ညှိနှိုင်းနေခြင်း ဖြစ်သည်။
ယင်းအချက် ၉ ချက်တွင် အပစ်ရပ်လက်မှတ်မထိုးမီ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ၊ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ် (COC) နှင့် စောင့်ကြည့်ရေး လုပ်ငန်း လမ်းညွှန် (TOR) နှင့် တပ်နေရာ ပြန်လည် ချထားရေး ကိစ္စရပ်များ ကြိုတင်သဘောတူရေး ဟူသည့် အချက်ပါဝင်သည်။
ထို့ပြင် တနိုင်ငံလုံးအပစ်ရပ်ကို နှစ်ဦးနှစ်ဖက် ကြေညာရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံ တည်ဆောက် ရေး၊ နိုင်ငံရေးဆွေးနွေးပွဲ ကိုယ်စားလှယ် သတ်မှတ်ရေး၊ အပစ်ရပ်လုပ်ငန်းစဉ်ကို စောင့်ကြည့်ရန် နိုင်ငံတကာမှ ကိုယ်စားလှယ်များ ပါဝင်သည့် ကော်မတီဖွဲ့ရေး၊ တိုင်းရင်းသား ဒေသများတွင် ဒေသခံ ပြည်သူများကို ထိခိုက်စေမည့် စီမံကိန်းများ ပြုလုပ်မည်ဆိုပါက သဘာဝ သယံဇာတများ ၊ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ ( Extractive Industries Transparency Initiative – EITI) ၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဒေသခံပြည်သူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီးမှ ဆောင်ရွက်ရေး စသည့် အချက်များကို သဘောတူမှသာ NCA ကို လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ပါရှိသည်။
အဆိုပါ ၉ ချက်ကို မူအားဖြင့် သဘောတူထားပြီး အချက်အလက်များကို အပြီးသတ် သဘောတူနိုင်ရန် ဆက်လက် ညှိနှိုင်းနေကြခြင်း ဖြစ်သည်။
ထို အချက် ၉ ချက်ကို ညှိနှိုင်းပြီးပါက NCA လက်မှတ် ရေးထိုးမည်ဖြစ်ပြီး မေလ ၂၄ ရက်တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ ဒုတိယ အကြိမ် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။
ဒေါက်တာ တင်မျိုးဝင်းက အချက်၉ ပါ အသေးစိတ် အချက်အလက်များကို ညှိနှိုင်းနေဆဲ ဖြစ်ပြီး ယခုအကြိမ် ဆွေးနွေးမှုမှာ အခြေအနေ တိုးတက်ကြောင်း ဆိုသည်။
ဒေါက်တာ တင်မျိုးဝင်းက “အဓိက ကတော့ NCA ထိုးပြီးတော့ NCA လမ်းကြောင်း အတိုင်း ငြိမ်းချမ်းရေး ရဖို့အတွက်ကို အားလုံးကနေ သဘောထား ဆန္ဒတခုတည်း ရှိတဲ့အတွက် အားလုံး တဖက်နဲ့ တဖက် ရင်းရင်းနှီးနှီး ယုံကြည်မှု တည်ဆောက်နိုင်တဲ့ အပြင် နိုင်ငံရေးအရ ပြောရမယ်ဆိုရင် တိုးတက်မှု အများကြီး ရှိတယ်လို့ ကျနော်ပြောချင်ပါတယ်”ဟု ပြောသည်။
ခူဦးရယ်က တောင်းဆိုထားသည့် အချက်အလက်များကို လာရောက်ညှိနှိုင်းနေသော်လည်း တကယ်တမ်း ဆုံးဖြတ်ချက်ချမည့် သူများမှာ ၎င်းတို့ မဟုတ်ဘဲ DPN အဖွဲ့ဝင်ကိုယ်စားလှယ် အသီးသီး၏ သက်ဆိုင်ရာ မိခင်တပ်အဖွဲ့တို့မှ ခေါင်းဆောင်ကြီးများ ဖြစ်ပြီး၊ ယင်းသို့ ခေါင်းဆောင်ကြီးများ ဆုံးဖြတ်ချက်ချနိုင်ရန်လည်း DPN က လာရောက် ဆွေးနွေးနေခြင်း ဖြစ်သည်ဟု ပြောသည်။
ယခု ၅ကြိမ်မြောက် အစည်းအဝေး မတိုင်မီ ထိုခေါင်းဆောင်ကြီးများက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အချက်အလက် အချို့ကို ပြုပြင်ခြင်း ပြောင်းလဲခြင်းများ ရှိမည်ဖြစ်ကာ ထိုကိစ္စမှာ ဆွေးနွေးညှိနှိုင်းခြင်း၏ သဘောသဘာဝ ဖြစ်သဖြင့် ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ နားလည်ပေးရန်လည်း ခူဦးရယ်က ပြောသည်။
ဆက်လက်ပြီး ခူဦးရယ်က “ဒီအပေါ်မှာတော့ ကျနော်တို့အနေနဲ့ တခါလာတမျိုး တခါလာတမျိုး ပြောင်းတယ် ဆိုတာမျိုး မဟုတ်ပါဘူး။ ဆွေးနွေးခြင်းဆိုတာကတော့ ဒါပါပဲ။ ဒီနည်းလမ်းနဲ့ မရရင် နောက်နည်းလမ်းနဲ့ ဆိုတာက ထုံးစံပဲလို့ ကျနော်တို့ နားလည်ပါတယ်။ ။ ဒါက Negotiation(ဆွေးနွေးခြင်း) ရဲ့ သဘောသဘာဝပါပဲ”ဟု ပြောသည်။
ငြိမ်းချမ်းရေး ကော်မရှင်နှင့် DPN တို့သည် ထပ်မံတွေ့ဆုံ ဆွေးနွေးသွားရန်ရှိသော်လည်း ရက်အတိအကျ ထုတ်ဖော် ပြောဆိုသွားခြင်း မရှိပေ။
DPN တွင် NCA လက်မှတ်မထိုးရသေးသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ/ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် ‘ဝ’အမျိုးသား အဖွဲ့ချုပ် (WNO) တို့မှ ကိုယ်စားလှယ်များ ပါဝင်သည်။
KIA နှင့် SSPP တို့မှာ “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ပန်ခမ်း အစည်းအဝေးများသို့လည်း တက်ရောက်ထားပြီး NCA ကို လက်မခံဘဲ ဆွေးနွေးမှုအသစ် ပြုလုပ်လိုသည့်ဘက်တွင် ပါဝင်ထားသည်။