လက်ရှိ ဝန်ကြီးဌာနများက တည်ဆောက်ရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနထံ လွှဲပြောင်းရန် စီစဉ်ဆောင်ရွက်နေပြီး ဝန်ထမ်းများလည်း နေရာ အပြောင်းအလဲ ရှိလာမည်ဖြစ်ကြောင်း နေပြည်တော် အစိုးရ ဝန်ထမ်း အသိုင်းအဝိုင်းမှ သိရသည်။
ထိုသို့ လွှဲပြောင်းရန် ဧပြီလ ၁၂ ရက်နေ့က စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန တို့မှ ဝန်ကြီး ၅ ဦးတို့က စတင် ညှိနှိုင်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ယင်းညှိနှိုင်းမှုတွင် ပညာရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ တည်ဆောက်ရေးလုပ်ငန်းများကို ဆောက်လုပ် ရေး ဝန်ကြီးဌာနထံ လွှဲပြောင်းပေးရန် တခါတည်း သဘောတူခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုညွှန်ကြားရေး မှူးချုပ် ဦးသိန်းဇော်က ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဆေးရုံ၊ ဆေးခန်း ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရေး လုပ်ငန်းများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနထံ ယခုနှစ်အတွင်း လွှွဲပြောင်းသွားမည် ဖြစ်ပြီး ပိုလျှံ ဝန်ထမ်းများကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များထံ လွှဲပြောင်းပေးသွားမည်ဟု ယင်းဌာနမှ အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ သက်ခိုင်ဝင်းက “ ဓာတ်ခွဲခန်းတို့၊ ခွဲစိတ်ခန်းတို့ စတဲ့ တကယ်နည်းပညာ မြင့်မားတာတွေကို ကျတော့ ကျန်းမာရေးဝန်ကြီးဌာနကပဲ ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် တချို့ဝန်ထမ်းတွေကို သက်ဆိုင်ရာ ပြည်နယ် နှင့် တိုင်းအစိုးရတွေကို လွှဲပေးပြီးတော့ ဆောင်ရွက်ပါမယ်” ဟု ပြောသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင်ရှိသည့် ဝန်ထမ်းအများစုမှာ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများသာ ဖြစ်သောကြောင့် အဆောက်အအုံ အရည်အသွေး ကောင်းမွန်ရန် ယခုကဲ့သို့ လွှဲပြောင်းခြင်း ဖြစ်သည်ဟု ဆိုသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနအနေဖြင့်လည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနအောက်တွင် ကျေးလက် လမ်းတံတားများ ဆောက်လုပ်သည့် သီးခြားဌာန တခုအဖြစ် ဖွဲ့စည်းသွားရန်အတွက် ဧပြီလ ၂၇ရက်နေ့တွင် ဝန်ထမ်း များထံမှ ဌာန ပြောင်းရွှေ့ ရန် ဆန္ဒကောက်ခံခဲ့ကြောင်း သိရသည်။
ကျေးလက်ဦးစီးဌာနမှ အရာရှိတဦးက “ ကျနော်တို့ အတိုင်ပင်ခံ ဖြစ်စေချင်တာက ဝန်ကြီးဌာနတွေမှာ ရှိတဲ့ တည်ဆောက် ရေးနဲ့ ဆိုင်တဲ့ လုပ်ငန်းအားလုံးကို ဆောက်လုပ်ရေး ဝန်ကြီးဌာနကပဲ ကိုင်စေချင်တာပေါ့။ အဲဒီအတွက် အခု အထက်မှာ လည်း ဝန်ကြီးချင်းတွေ ညှိနှိုင်းနေပါတယ်။ မကြာခင် တရားဝင်စာ ထုတ်ပြန်ပေးသွားပါလိမ့်မယ်” ဟု ဧရာဝတီသို့ ပြော သည်။
အလားတူ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ကျောင်းတည်ဆောက်ရေး လုပ်ငန်းများနှင့် ဝန်ထမ်းအိမ်ရာ ဆောက် လုပ်သည့် လုပ်ငန်းများ အစရှိသည့် တည်ဆောက်ရေးအပိုင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနထံ ယခုနှစ်အတွင်း လွှဲ ပြောင်းမည် ဖြစ်သည်။
ပညာရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဒေါက်တာခိုင်မြဲက “ အခု ဆောက်လုပ်ရေး ဦးစီးဌာနကလည်း သူ့မှာ လူ အင်အားတွေရော၊ ကျွမ်းကျင်မှုတွေလည်း ရှိတယ်ဆိုတော့ သူတို့ကို ပြောင်းပေးမှာပေါ့။ သူတို့ဆောက်လုပ်ရေးကပဲ ဆောက်မှာ။ အရင်တုန်းက တင်ဒါခေါ်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်တွေက ဆောက်တယ်။ အခု ဆောက်လုပ်ရေး ဝန်ကြီးဌာန ကပဲ ဆောက်မယ်။ ဘဏ္ဍာနှစ် တခုလုံးပေါ့” ဟု ပြောသည်။
လက်ရှိ အစိုးရသစ် လက်ထက်တွင် ဝန်ကြီးဌာနများကို ယခင် ၃၆ ခုရှိရာမှ ၂၂ ခုအထိ လျှော့ချဖွဲ့စည်းခဲ့ပြီး အစိုးရအဖွဲ့ကို ကျစ်လျစ်အောင် ဖွဲ့စည်းခဲ့သော်လည်း ဝန်ထမ်းအများစု ဌာန နေရာ ပြောင်းလဲခြင်းများ မရှိခဲ့ချေ။