ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသကို တိုက်ခိုက်မှုများ ပြုလုပ်ရန် အကြမ်းဖက်သမားများမှာ လူပြန်စုလျက်ရှိပြီး ကြိုတင် သတင်းရရှိမှုကြောင့် ဧပြီလ ၂၆ ရက်နေ့တွင် အကြမ်းဖက်သမား ၅ ဦးကို ထပ်မံ ဖမ်းဆီးလိုက်နိုင်ကြောင်း ရခိုင်ပြည်နယ် အမှတ် ၃ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ၏ စခန်းမှူး ရဲအုပ်ထွန်းနိုင်က ဧရာဝတီသို့ ပြောသည်။
ရဲအုပ်ထွန်းနိုင်က“အကြမ်းဖက်သမားတွေက မောင်တောနဲ့ ဘူးသီးတောင်ကြား တောင်ကြောမှာ ရှိနေတယ်။ လူတွေရော လက်နက် တွေရောဆိုတော့ သုံးသပ်ချက်အရ ဒီကောင်တွေ အင်အားစုနေတာ သေချာတယ်။ သူတို့မှာ ပါကစ္စတန်ဘက်က ငွေကြေး ထောက်ပံ့မှု တွေလည်း ရှိနေတယ်”ဟု ယနေ့ နေ့လည်ပိုင်းက ဧရာဝတီသို့ ပြောသည်။
နောက်ဆုံး ဖမ်းမိသူ အကြမ်းဖက်သမား ၅ ဦးကို ဘူးသီးတောင် မြို့နယ် လုပ်စာကိုင်း ကျေးရွာ၌ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ ၂ ဦး သည် အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့ကြသူများ ဖြစ်ကြောင်း၊ မတ်လ ၇ ရက်နေ့က ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာ မြောက်ဘက် လျှိုမြောင်အတွင်း လူနေတဲများနှင့် လူအသုံးအဆောင် ပစ္စည်းများကို ရှာဖွေ ဖော်ထုတ်ခဲ့ပြီးနောက် ယင်းဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဧပြီလ ၂၄ ရက်နေ့က ဘူးသီးတောင်ရှိ မွတ်စလင် လူငယ်တဦးသည် ကျွဲပျောက်သဖြင့် တောင်ပေါ်သို့ ကျွဲတက်ရှာရာ အကြမ်း ဖက်သမား ၃၀ ခန့်သည် သေနတ်များ ကိုင်ဆောင်လျက် ဝိုင်းလာပြီး ၎င်းတို့ တောင်ပေါ်တွင် ရှိနေသည်ကို မည်သူ့ကိုမျှ မပြောရန်နှင့် ပြောပါက သတ်ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်၍ ပြန်လွှတ်လိုက်ကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲက ပြောသည်။
“သူက ကြောက်လို့ နုတ်ပိတ်ပြီး နေတာပေါ့။ ကျနော်က ဒီကောင်တွေ အဆက်အသွယ်လုပ်တယ် ဆိုပြီး သတင်းရတယ်။ စုံစမ်းလိုက် တော့ အဆက်အသွယ် လုပ်တာ မဟုတ်ဘူး။ ကျွဲပျောက်ရှာရင်းနဲ့ တွေ့လာတာ။ ကျနော်တို့ သူ့ကို ဖမ်းလိုက်ပြီး စစ်လိုက်မှ ပေါ်လာတာ”ဟု ရဲအုပ်ထွန်းနိုင်က ပြောသည်။
ထိုနေရာသို့ ဧပြီလ ၂၆ ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့က သွားရောက်ရှင်းလင်ရာ ယင်းနေရာနှင့် ဆက်စပ်နေသည့် လုပ်စာကိုင်း ကျေးရွာတွင် အကြမ်းဖက် သင်တန်းတက်ခဲ့သူ ၂ ဦးနှင့် ဆက်စပ်သူ စုစုပေါင်း ၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
မောင်တောဒေသကို အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်မည်ဟု သတင်းများ ကြိုတင်ရရှိနေ၍ တိုက်ခိုက်မှုများ ဖြစ်မလာစေရန် ၍ ကြိုတင် ဆောင်ရွက်မှုများ ပြုလုပ်ထားကြောင်း၊ အောက်တိုဘာလ ၁၀ ရက်နေ့ တိုက်ခိုက်ခံရမှုသည် ကြိုတင် သတင်းရရှိမှု အားနည်း ခဲ့ခြင်းဖြစ်၍ ယင်းသင်ခန်းစာအရ ယခုအခါ လုပ်သင့်လုပ်ထိုက်သည့် ကာကွယ်ရေး အစီအမံများ ပြုလုပ်ထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ယခုအချိန်အထိ ရခိုင်ပြည်နယ် မောင်တောဒေသတွင် မွတ်စလင် အချင်းချင်း သတ်ဖြတ်ရာ သေဆုံးသူ ၂၆ ဦး ရှိလာကြောင်း၊ မီဒီယာ များကို ဖြေကြားသူ၊ အုပ်ချုပ်ရေးနှင့် ပူးပေါင်းဆောင်ရွက်သူ၊ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လိုစိတ်ရှိသူနှင့် အောက်ခြေတွင် ဖြစ်ပျက် နေသည့် အမှန်တရားများကို ပြောကြားတဲ့သူများမှာ အသတ်ခံနေရကြောင်း အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။
“အသတ်ခံရတော့ အကြောက်တရားနဲ့ ဒီလူ့အဖွဲ့အစည်းအတွင်းမှာ ခြိမ်းခြောက်မှုတွေ လုပ်နေတာ ဖြစ်ပါတယ်။ ပြဿနာက ဒီ Community က မွတ်စလင် အများဆုံး ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က အင်အားနည်းတယ်။ အချင်းချင်း သတ်ပြီးတာနဲ့ ဘင်္ဂလားဒေရှ်ထဲ ပြေးဝင်သွားတဲ့ သဘောပေါ့”ဟု ဦးဇော်ဌေးက ပြောသည်။
၎င်းက ဆက်၍ “ပဋိပက္ခဒေသတွေကို အသုံးချပြီးတော့ အာနည်းတဲ့နေရာတွေက အဖိအနှိပ်ခံဆိုတဲ့ လူတန်းစားကို ပစ်မှတ်ထားပြီးတော့ ဒီလူတွေ ကနေတဆင့် ဘာသာရေးအရသော်လည်းကောင်း၊ လူမျိုးရေး အရသော်လည်းကောင်း၊ အစွန်းရောက်စိတ်တွေ ဝင်လာ အောင် နည်းမျိုးစုံနဲ့ တွန်းအားပေးနေတယ်”ဟု ပြောဆိုခဲ့သည်။
ထို့ပြင် မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုင်ငံတကာ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့များနှင့် သတင်းအချက်အလက် ဖလှယ်ခြင်း လုပ်ငန်းများ လုပ်ဆောင်၍ သတင်းလက်ဦးမှု ရရှိရန် ဆောင်ရွက်ခြင်းများ ရှိကြောင်း၊ ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာနက ယင်းဒေသရှိ အရှိန်အဝါကြီးသည့် ဘာသာရေး ခေါင်းဆောင်များနှင့် ဆက်သွယ်ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း သမ္မတရုံးက ပြောသည်။