လက်ပံတောင်း စီမံကိန်း အဓိကရုဏ်းတွင် သေနတ်ထိမှန် သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်းအမှုကို ပြည်ထောင်စု တရား လွှတ်တော် ရှေ့နေချုပ်ရုံးသို့ အာဏာပေး စာချွန်လွှာ ပေးပို့မည်ဖြစ်ကြောင်း သိရသည်။
လက်ပံတောင်း ကြေးနီစီမံကိန်း အဓိကရုဏ်းတွင် သေနတ်ထိမှန်သေဆုံးခဲ့သော ဒေါ်ခင်ဝင်းအမှုကို ဆားလင်းကြီးမြို့နယ် ရဲစခန်းက ပိတ်သိမ်းခဲ့သဖြင့် ပြည်ထောင်စု တရားလွှတ်တော်ရှေ့နေချုပ်ရုံးသို့ အာဏာပေး စာချွန်လွှာကို မေလ ပထမ ပတ်တွင် ပေးပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ဦးဆောင်အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးမောင် မောင်စိုးက ပြောသည်။
ဧပြီ ၂၉ရက်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ဒေါ်ခင်ဝင်း သေဆုံးခဲ့မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးမောင်မောင်စိုးက “ ပြည်ထောင်စု တရားလွှတ်တော်ရှေ့နေချုပ်ကို အာဏာပေးစာချွန်လွှာ အဆင့်နဲ့ ဒီအမှုကို ဆက်လက် သွားဖို့ ရှိပါတယ်။ စာချွန်လွှာ တင်ရတာက အရေးကြီးတာက ကျမ်းကျိန်လွှာပါ။ ကျမ်းကျိန်လွှာက ကာယကံရှင်ရှိမှ ဖြစ်တယ်။ စာချွန်လွှာ တင်တဲ့ အဆင့်ဆင့်မှာ ကျမ်းကျိန်လွှာလုပ်ရတာက အင်မတန် အခက်အခဲရှိတယ်။ ကျမ်းကျိန်လွှာကို ရှောရှောရှူရှူနဲ့ အမြန်ဆုံး ပြီးခဲ့တယ်။ မေလ ပထမပတ်ထဲမှာ သွားရောက်တင်ပါမယ်”ဟု ပြောသည်။
ဆက်လက်ပြီး “ ခရိုင်တပ်ဖွဲ့မှူးရယ်၊ ခရိုင်ဥပဒေအရာရှိရယ် မှတ်ချက်ပြုမှုအရ အမှုကို ပိတ်သိမ်းလိုက်ပြီတဲ့။ ဘယ်နေ့ ကတည်းကလည်း မေးတဲ့ အခါကျတော့ ၁၂ ရက် ၈ လ ၂၀၁၅ ကတည်းက။ ပိတ်တာ တော်တော်ကြာနေပြီ။ အဲဒီတော့မှ ကျနော်တို့ သိရတယ်” ဟု ၎င်းက ဆားလင်းကြီး မြို့နယ်ရဲစခန်းက ဒေါ်ခင်ဝင်း သေဆုံးခဲ့ရသည့်အမှု ပိတ်သိမ်းမှုနှင့် ပတ်သက်ပြီး ရှင်းပြခဲ့ပုံကို ပြန်လည်ပြောပြသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသော ဒေါ်ခင်ဝင်း သေဆုံးခဲ့မှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ပြီး မြို့ နယ်ရဲစခန်းက အမှုပိတ်သိမ်းလိုက်သည့်အပေါ် လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက် တရားလွှတ် တော်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။
“ သေနတ်နဲ့ ပစ်ခတ်သူဟာ သူပါလို့ ငဖြူ ငမဲ လက်ညှိုးထိုးပြီးတော့ ကျနော်တို့က တရားခံ ဖော်ထုတ်ဖို့ထက် ဒီလို ပစ်ခတ်ဖို့ အတွက် အမိန့်ပေးသူဟာ ဘယ်သူလဲဆိုတာကို လိုချင်ပါတယ်။ အမိန့်ပေးသူရှိလို့ ခလုတ်ဆွဲပြီး ပစ်ခတ် တဲ့သူဆိုတာ ပေါ်ပေါက်လာတာပါ။ ဒါမျိုးကို လက်လွတ်စပယ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အမှုကို ပိတ်သိမ်းလိုက်တာကို လုံး၀ လက်မခံနိုင်ပါဘူး” ဟု ပြောသည်။
ယခု အစိုးရသစ်လက်ထက်တွင် ဒေါ်ခင်ဝင်းသေဆုံးမှုအတွက် အမှုမှန် ပေါ်ပေါက်ရေးကို မျှော်လင့်ကြောင်း ဒေါ်ခင်ဝင်း၏ မိသားစုဝင် ဒေါ်ခင်မာအေးက ပြောသည်။
ဒေါ်ခင်မာအေးက “ ဦးသိန်းစိန်လက်ထက်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေကို အခု NLD အစိုးရ ပြောင်းလဲလာတော့ ကျမတို့ တောင်သူလယ်သမားတွေကို ဘယ်လိုတွေများ ရပ်တည်ပေးမှာလဲ၊ ဘယ်လိုတွေများ ဆွေးနွေးမှာလဲလို့ မျှော်လင့်ချက် တွေနဲ့ မဲပေးထားခဲ့တာပါ။ မှန်ရာဥပဒေ၊ မှန်ရာ လမ်းကြောင်းကို လိုလားတောင့်တလို့ ရှေ့နေများ ကွန်ရက်ကို အကူအညီ တောင်းခံရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ရက်နေ့တွင် ဝမ်ပေါင် ကုမ္ပဏီက အတင်းအကျပ် ခြံစည်းရိုးခတ်ရာမှ ဒေသခံရွာသားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား အဓိကရုဏ်း ဖြစ်ပွားခဲ့ရာမှ တောင်သူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်။