ထိုင်းနိုင်ငံတွင် အမျိုးသားတဦးက သူ၏ အသက် ၁၁ လအရွယ် သမီးငယ်ကို ကိုယ်တိုင်သတ်ဖြတ်နေသည့် ဗီဒီယို တခုကို Facebook တွင် တိုက်ရိုက်ပြသခဲ့အပြီး ဆိုရှယ်မီဒီယာပေါ်မှ မသင့်တော်သည့် အရာများကို မည်ကဲ့သို့ အလျှင်အမြန် ဖယ်ရှားရမည် ဆိုသည်ကို ထိုင်း ရဲအဖွဲ့က ဆွေးနွေးမည်ဟု ဆိုသည်။
ဖယ်ရှားခြင်း မပြုမီ ၂၄ နာရီနီးပါးမျှ အွန်လိုင်းပေါ်၌ ရှိနေခဲ့သော ဗီဒီယို ၂ ခုတွင် ဧပြီလ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်ကျွန်းရှိ အဆောက်အဦးတခုတွင် Wuttisan Wongtalay အမည်ရှိ အမျိုးသားတဦးက သူ၏ သမီးငယ်ကို ကြိုးဆွဲချသတ် ပြီးနောက် သူ့ကိုယ်သူ သတ်မသေမီ ကင်မရာကို ပိတ်ခဲ့သည်ကို တွေ့ရသည်။
“အနာဂတ်မှာ Facebook သို့မဟုတ် YouTube သို့မဟုတ် Instagram မှာ အွန်လိုင်းပေါ်က ဖြစ်စေမသင့်တော်တဲ့ အရာ တွေကို ဖယ်ရှားဖို့ ကျနော်တို့ ဘယ်လို အရှိန်မြှင့်ပြီး ဆောင်ရွက်သွားရမလဲ ဆိုတာကို ကျနော်တို့ ဆွေးနွေးကြပါမယ်” ဟု ထိုင်း အမျိုးသားရဲအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Kissana Phatanacharoen က သတင်းထောက်များကို ပြောသည်။
အာဏာပိုင်များက မည်ကဲ့သို့ အရှိန်မြှင့်ပြီး ဆောင်ရွက်သွားမည် ဆိုခြင်းက မရှင်းလင်းသေးပါ။
Facebook နှင့် ဆက်သွယ်၍ အဆိုပါဗီဒီယိုများကို ဖယ်ရှားပေးရန် ရဲအဖွဲ့က ဒီဂျစ်တယ် စီးပွားရေး ဝန်ကြီးဌာန (Ministry of Digital Economy) သို့ မေတ္တာရပ်ထံခဲ့သည်။ ဝန်ကြီးဌာနက ဧပြီလ ၂၅ ရက်နေ့တွင် Facebook နှင့် ဆက်သွယ်၍ အဆိုပါ ဗီဒီယိုများကို ညနေ ၅ နာရီခန့်တွင် ဖယ်ရှားနိုင်ခဲ့သည်။ အွန်လိုင်းပေါ်သို့ တင်ပြီး တရက်နီးပါး အကြာတွင် ဖြစ် သည်။
အဆိုပါ ဗီဒီယိုများက Youtube တွင်လည်း ရှိနေခဲ့ကြောင်း Google ကပြောကြားခဲ့ပြီးနောက် BBC က သတင်းပေးခဲ့ပြီး ၁၅ မိနစ် အကြာတွင် ဖယ်ရှားပစ်ခဲ့သည်။
ဖယ်ရှားခြင်းမပြုမီ ကြည့်ရှု့ ၅ သိန်းနီးပါး ရှိခဲ့ပြီး အင်တာနက်သုံးစွဲသူများ ဒေါသထွက်ခဲ့ကြသည်။ Facebook ၏ တိုင်ကြား မှု စနစ် အလုပ်လုပ်ပုံကို မေးခွန်းထုတ်ခဲ့ကြသည်။ ကြမ်းတမ်းရက်စက်သော အကြောင်းအရာကို မည်ကဲ့သို့ အမြန်ဆုံးဖယ် ရှားနိုင်မည် နည်းဆိုသည့် မေးခွန်းများပေါ်ထွက်လာသည်။
ရက်စက်ကြမ်းတမ်းသော ဗီဒီယိုများသည် Facebook ဗီဒီယိုများထဲတွင် ရာခိုင်နှုန်း အနည်းငယ်မျှသာ ဖြစ်သော်လည်း ယခုအမှုသည် Facebook ကို ဖိအားပေးလာနေသည့် ရက်စက်သော ရာဇဝတ်မှု ဗီဒီယိုများထဲမှ နောက်ဆုံးတခု ဖြစ်သည်။ ဧပြီလ ၂၅ ရက်နေ့တွင် ဆွီဒင်နိုင်ငံမှ တရားရုံးတရုံးက အမျိုးသမီး တဦးကို မတရားပြုကျင့်ပြီး Facebook ပေါ်တွင် တိုက် ရိုက်ပြသခဲ့သည့် အမျိုးသား ၃ ဦးကို ထောင်ဒဏ် ချမှတ်ခဲ့သည်။
ပြီးခဲ့သည့် အပတ်အတွင်းတွင် ကြမ်းတမ်းရက်စက်သော အကြောင်းအရာများနှင့် အခြားသော မလိုလားအပ် သည့် အရာများ အပေါ် ၎င်းတို့၏ စောင့် ကြည့်မှု နှင့် ပတ်သက်၍ ပြန်လည်သုံးသပ်မှုများ ပြုလုပ်နေခဲ့ကြောင်း Facebook က ပြောကြားခဲ့သည်။ အမေရိကန် Ohio ပြည်နယ် Cleveland တွင် အမျိုးသားတဦး ရက်စက်စွာ သေနတ်နှင့် ပစ်ခံရသည့် အကြောင်းကို ဖယ်ရှားရန် အချိန် ၂ နာရီ ကြာခဲ့ပြီးသည့် နောက်တွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မည်သည့်အတွက်ကြောင့် အရေးယူဆောင်ရွက်ရန် အချိန်အလွန်ကြာခဲ့သည့် သနည်းဟု အချို့က ထိုင်းအာဏာပိုင်များ ကို မေးခွန်းထုတ်ခဲ့ကြသည်။
ထိုင်း အမျိုးသားရဲအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Kissana Phatanacharoen က Facebook ၏ ရုံးချုပ်တည်ရှိရာ အမေရိကန် နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့ အချိန်ကွာခြားခြင်းက အကြောင်းတခု ဖြစ်သည်ဟု ပြောသည်။
“ကျနော်တို့ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အချိန် ကွာခြားမှုပြဿနာ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Facebook က San Francisco မှာ ရုံးစိုက်လို့ ဖြစ်ပါတယ်” ဟု သူကပြောသည်။
စိတ်အနှောက်အယှက် ဖြစ်စရာ အကြောင်းအရာများနှင့် ပတ်သက်၍ သတိထားစောင့်ကြည့်ရန် လက်ရှိအချိန်တွင် ထိုင်းရဲအဖွဲ့ အတွက် နည်းလမ်း ၂ ခုရှိသည်ဟု သူကပြောသည်။ ရာဇဝတ်မှု နှိမ်နင်းရေးတပ်ဖွဲ့က သက်ဆိုင်ရာ နည်းပညာ တခုကို သုံး၍ စောင့်ကြည့် လေ့လာရန် သို့မဟုတ် ရဲတပ်ဖွဲ့၏ အရေးပေါ်ဖုန်းလိုင်းများကို အသုံးပြု၍ ပြည်သူများက သတင်းပေးနိုင်ရန် ဖြစ်သည်။
ကလေးငယ်မိခင် ဖြစ်သူ၏ ဆွေမျိုးတဦးက မိသားစုအနေဖြင့် ဗီဒီယိုကို Facebook မှ ဖယ်ရှားရန် မစဉ်းစားနိုင်လောက် အောင် ဝမ်နည်းကြေကွဲနေခဲ့ရသည်ဟု ရိုက်တာသို့ ပြောသည်။
“ကျမတို့ ဒီဗီဒီယိုကို ဖယ်ရှားဖို့ မစဉ်းစားနိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အဲဒီအချိန်မှာ ကျမတို့လုပ်ချင်ခဲ့တာက သူတို့ (ဖခင်နှင့် ကလေးငယ်) ကို ရှာဖွေဖို့ပါပဲ” ဟု အသက် ၂၉ နှစ် အရွယ် Suksan Buachanit ကပြောသည်။
အနာဂတ်တွင် အလားတူ အမှုများကို မည်ကဲ့သို့ ကကိုင်တွယ်သွားမည်ဆိုသည်ကို ပြန်လည် သုံးသပ်မည်ဟု ထိုင်းနိုင်ငံ ၏ ဒီဂျစ်တယ် ဝန်ကြီးဌာန ကပြောသည်။
“ကျနော်တို့ အနေနဲ့ ဒါကို သင်ခန်းစာယူပြီး အဖြေတခု ရှာဖွေပါမယ်။ ဒါပေမယ့် အဲဒါက ကျနော်တို့ ချက်ချင်းလုပ်လို့ရတာ မျိုးတော့ မဟုတ်ပါဘူး” ဟု ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ Somsak Khaosuwan က ရိုက်တာသို့ ပြောသည်။
ယခု သတ်ဖြတ်မှုက Facebook တွင် တင်ရာ၌ ထိုင်းနိုင်ငံတွင် ပထမဆုံး ဖြစ်သည်ဟု ရဲ အဖွဲ့ကပြောသည်။ ဖြစ်ပွားရခြင်း မှာ မနာလို ဝန်တိုမှုကြောင့် ဖြစ်ပြီး Wuttisan Wongtalay က သူ၏ ဇနီးဖြစ်သူက အခြားအမျိုးသားတယောက် အတွက် သူ့ကို ထားရစ်ခဲ့မည်ကို စိုးရိမ်နေခဲ့ကြောင်း သူတို့ကပြောသည်။
တလတွင် ပျမ်းမျှ အနေဖြင့် YouTube နှင့် Facebook အပါအဝင် လူမှုကွန်ရက်တွင် တင်သည့် ကိုယ့်ကိုယ်ကိုသတ်သေမှု ၁ မူမှ ၂ မှု အထိရှိသည်ဟု မှတ်တမ်းများအရသိရကြောင်း ထိုင်းနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ကပြောသည်။
ထိုင်းနိုင်ငံ ရဲအဖွဲ့၏ မှုခင်းနှိမ်နင်းရေး ဌာနတွင် နည်းပညာတခု ရှိပြီး မသင့်တော်သည့် အကြောင်းအရာများတင်ခြင်း နှင့် ဘုရင့်မိသားစုအား စော်ကားပုတ်ခတ်ခြင်းများကဲ့သို့သော အွန်လိုင်းရာဇဝတ်မှုများကို ကိုင်တွယ်နေသည်။
ထိုင်းနိုင်ငံ၏ ဥပဒေတွင် ဘုရင်၊ မိဖုရား၊ အိမ်ရှေ့စံ နှင့် ဘုရင့်ကိုယ်စား အုပ်ချုပ်ရသူတို့ကို အသရေဖျက်ခြင်း၊ စော်ကား ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း မပြုလုပ်ရန် တင်းကျပ်စွာ တားမြစ်ထားသည်။ ထိုတားမြစ်ချက်များကို ချိုးဖောက်ပါက ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ် ကျခံရနိုင်ပါသည်။
ကိုးကား ။ ။ Reuters and Agencies