မကြာသေးမီက တောင်ကိုရီးယား အစိုးရက လုံခြုံရေး အဆင့်အတန်း လျှော့ချသတ်မှတ်လိုက်သည့် သံတမန်ရေးရာ အမှုတွဲတခုတွင် မြန်မာနိုင်ငံမှ တရားသူကြီးတဦး၏ သမီးဖြစ်သူ သေဆုံးခဲ့ခြင်းသည် မြောက်ကိုရီးယားနှင့် ပတ်သက်မှုရှိ သည်ဟု တောင်ကိုရီးယား အစိုးရက သံသယရှိခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ အဆိုပါ တရားသူကြီးမှာ ၁၉၈၃ ခုနှစ်တွင် တောင်ကို ရီးယား သမ္မတ ချွန်ဒူးဝမ် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးလာရောက်စဉ် အတွင်းတွင် လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သော မြောက်ကိုရီးယား အေးဂျင့်ကို သေဒဏ်ချမှတ်ခဲ့သူ ဖြစ်သည့် အတွက် သူ၏ သမီး ဖြစ်သူ သေခဲ့ခြင်းသည် မြောက်ကိုရီးယား အစိုးရ၏ လက်တုန့်ပြန်ခြင်း ဖြစ်သည်ဟု တောင်ကိုရီးယား အစိုးရက သံသယ ရှိခဲ့ခြင်း ဖြစ်သည်။
လုံခြုံရေး အဆင့်အတန်း လျှော့ချသတ်မှတ်ခဲ့သော စာမျက်နှာ ၂၃၀၀၀၀ ရှိ စာရွက်စာတမ်းများထဲတွင် ၁၉၈၆ ခုနှစ် ဒီဇင် ဘာလက ဂျီနီဗာရှိ ထိုစဉ်က တောင်ကိုရီးယား သံအမတ်ကြီး လီဆန်အောက် က မြန်မာသံအမတ်ကြီး ဦးသိန်းထွန်း နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ပြန်လည် သတင်းပို့ခဲ့သည့် သံတမန် ကြေးနန်းလည်း အပါအဝင် ဖြစ်သည်။ သံအမတ်ကြီး ၂ ဦးက ၁၉၈၅ ခုနှစ်က ဂျပန်နိုင်ငံတွင် ပညာသင်ယူနေစဉ် တရားသူကြီး၏ သမီးဖြစ်သူ သံသယဖြစ်ဖွယ်ရာ သေဆုံးခဲ့ရခြင်း နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“ဒီအမှုက ကျနော်တို့သိနိုင်တာထက် ပိုပြီး နက်နဲပါတယ်။ အခင်းဖြစ်ပွားတဲ့ နေရာမှာ မြောက်ကိုရီးယား စီးကရက်တွေ တွေ့ရတာနဲ့ သေဆုံးသူဟာ သူမသေခင် အချိန်တွေက ကိုယ့်ကိုယ်ကို သတ်သေနိုင်လောက်တဲ့ ဘယ်လို အရိပ်လက္ခဏာတွေမှ မပြသတာလောက်ပဲ အရိပ်အမြွတ် သိခဲ့ရပါတယ်” ဟု သံတမန်ကြေးနန်းသတင်းတွင် ဖော်ပြခဲ့ကြောင်း Korea Herald သတင်းဌာနက ဆိုသည်။

Korea Herald သတင်းဌာန၏ အဆိုအရ လုံခြုံရေး အဆင့်အတန်းလျှော့ချခဲ့သည့် အမှုတွဲတွင် ကျောင်းသူ သေဆုံးခဲ့ရခြင်း အကြောင်းရင်းများကို ဖော်ထုတ်ရေးသားထားခြင်း မရှိဟု သိရသည်။ တရားသူကြီး၏ သမီးဖြစ်သူ သံသယ ဖြစ်ဖွယ်ရာ သေဆုံးခဲ့ရခြင်း အကြောင်းမှာ ဂျပန်နိုင်ငံမှ မြောက်ကိုရီးယား အေးဂျင့်များ၏ တရားမဝင် လှုပ်ရှားမှုများ အကြောင်း သတင်း ပေးပို့ရာတွင် တစိတ်တပိုင်းအဖြစ် ပါဝင်ခဲ့ခြင်းသာ ဖြစ်သည်။ နှစ်ပေါင်းများစွာ ငြင်းဆန်နေခဲ့သော်လည်း ၂၀၀၂ ခုနှစ် တွင် မြောက်ကိုရီးယားက ၁၉၇၇ ခုနှစ်မှ ၁၉၈၃ ခုနှစ် အတွင်းတွင် ဂျပန်နိုင်ငံမှ လူ ၁၃ ဦးကို အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင် ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ၁၃ နှစ် အရွယ် ကျောင်းသူတဦး အပါအဝင် ဖြစ်သည်။
သို့သော်လည်း (ထိုစဉ်ကဦးနေဝင်း ဦးဆောင်နေသည့်) မြန်မာစစ်အစိုးရ သို့ မဟုတ် ဂျပန် အာဏာပိုင်များက တရား သူကြီး၏ သမီးဖြစ်သူ သေဆုံးရခြင်းတွင် မြောက်ကိုရီးယားဘက်မှ ပါဝင်ပတ်သက်မှုရှိသည် ဆိုသော တောင်ကိုရီးယား ၏ သုံးသပ်ချက်ကို သဘောတူ လက်ခံခဲ့ခြင်း ရှိ မရှိ ဆိုသည်မှာလည်း မရှင်းလင်းသေးပါ။ တောင်ကိုရီးယား၏ ထောက်လှမ်း ရေးမှာ လတ်တလောနှစ်များအတွင်းတွင် အရှုပ်အထွေးပြဿနာ အမြောက်အများအတွက် ပစ်မှတ်တခု ဖြစ်နေခဲ့ပြီး သူတို့ အပေါ် ယုံကြည်အားကိုးနိုင်မှုများ ထိခိုက်ပျက်စီးခဲ့ရသလို သူတို့၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ မေးခွန်းထုတ်မှုများ မြင့်တက်လာခဲ့ရသည်။
တောင်ကိုရီးယား၏ အာဏာရှင် သမ္မတ ချွန်ဒူးဝမ် လက်ထက်တွင် မြောက်ကိုရီးယားနှင့် ပတ်သက်မှုရှိသည်ဆိုသည့် သံသယဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရသူ အမြောက်အများ ရှိခဲ့ပြီး နောက်ပိုင်းတွင်မှ တောင်ကိုရီးယား ထောက်လှမ်းရေးက ညှဉ်းပန်းနှိပ်စက်ပြီး ရယူခဲ့သည့် မှားယွင်းသော ဖြောင့်ချက်အပေါ်တွင် အခြေခံ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ပေါ် ထွက်လာသဖြင့် ပြစ်ဒဏ်မှ ပြန်လည်လွတ်မြောက်ခဲ့ကြသည်။
လွတ်လပ်ရေးမရမီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်များ၏ အုတ်ဂူများ ရှိရာ အာဇာနည် ဗိမာန်တွင် လွမ်းသူ့ပန်းခွေချရန် လာရောက်မည့် တောင်ကိုရီးယား သမ္မတ ချွန်ဒူးဝမ်ကို လုပ်ကြံရန် ရောက်လာသည့် လူ ၃ ဦးပါ အဖွဲ့တွင် ကင်ဂျင်ဆူး Kim Jin-soo လည်း အပါအဝင် ဖြစ်သည်။ သူတို့က အာဇာနည်ဗိမာန် ၏ မျက်နှာကျက် ပေါ် တွင် ဗုံးကို တပ်ဆင်ထားခဲ့ပြီး သမ္မတ ချွန်ဒူးဝမ်က အာဇာနည်ဗိမာန်သို့ အလာလမ်း၌ ရှိနေဆဲ အချိန်မှာပင် အဝေး ထိန်းစနစ်ဖြင့် ဖောက်ခွဲခဲ့ကြသည်။ သမ္မတ ချွန်ဒူးဝမ် ရောက်လာမည်ကို စောင့်ဆိုင်းနေသာ တောင်ကိုရီးယား အစိုးရ တာဝန်ရှိသူ ၁၇ ဦးသေဆုံးခဲ့ရာတွင် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးနှင့် ကုန်သွယ်ရေး ဝန်ကြီးများလည်း အပါအဝင် ဖြစ်သည်။ စာနယ်ဇင်းသမား ၃ ဦး အပါအဝင် မြန်မာနိုင်ငံသား ၄ ဦးလည်း သေဆုံးခဲ့သည်။
ကင်ဂျင်ဆူးကို နောက် ၂ ရက်အကြာတွင် ဖမ်းဆီးရမိခဲ့သည်။ သူက လက်ပစ်ဗုံးကို အသုံးပြု၍ ကိုယ့်ကိုယ်ကို သတ်သေရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ သူ၏ မျက်လုံး ၁ လုံး၊ လက် ၂ ဘက်နှင့် ခြေထောက် တဖက် ပျက် စီးသွားခဲ့သည်။ သူ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ မီဒီယာများတွင် ဖော်ပြချက်အရ ကင်ဂျင်ဆူးက မြန်မာ အာဏာပိုင် များ နှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ခဲ့ပြီး သူ၏ အမည်နှင့် ကိုရီးယား ပြည်သူ့တပ်မတော်မှ သူ၏ ရာထူးကိုသာ ပြောပြခဲ့သည်ဟု သိရသည်။ နောက်ထပ် အေးဂျင့်တဦး ဖြစ်သော ရှင်ကီချူး Shin Ki-chul မှာ ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့ရသည်။ တတိယမြောက်လူ ဖြစ်သည့် ကန်မင်ချူး Kang Min-chul ကလည်း သူ့ကို အရှင် မဖမ်းမိစေရန် အားထုတ်ခဲ့သေးသော်လည်း မအောင်မြင်ဘဲ လက်တဖက်ဆုံးရှုံးပြီး အဖမ်းခံခဲ့ရသည်။ ကင်ဂျင်ဆူးကို ၁၉၈၄ ခုနှစ်တွင် သေဒဏ်ပေး ကွပ် မျက်ခဲ့သည်။ ကန်မင်ချူးမှာ သေဒဏ်မှ ကင်းလွတ်ခဲ့သော်လည်း အင်းစိန်ထောင်တွင် ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခြင်းခံရပြီး ၂၀၀၇ ခုနှစ်တွင် အသည်းကင်ဆာရောဂါ ဖြင့် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။
နောက်ပိုင်းတွင် ကန်မင်ချူးမှာ အကြောင်း စာအုပ်တအုပ် ရေးသားခဲ့သူဖြစ်သည့် တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေး အဖွဲ့၏ လက်ထောက် ဒါရိုက်တာဟောင်း ရဂျုံယီ Ra Jong-yil က ထိုစဉ်က မြန်မာ ထောက်လှမ်းရေး အကြီးအကဲ ဖြစ်သူ ဗိုလ်ချုပ်ခင်ညွှန့်၏ အကူအညီဖြင့် ကန်မင်ချူးနှင့် တောင်ကိုရီးယား သံတမန်များ အကျဉ်းထောင် အတွင်းတွင် တွေ့ဆုံခွင့်ရရန် စီစဉ်ပေးခဲ့သည်။ ဗိုလ်ချုပ်ခင်ညွှန့် ရာထူးမှ ပြုတ်ကျခဲ့သည့် ၂၀၀၄ ခုနှစ် နောက်ပိုင်းတွင် မှ ထိုသို့ သွားရောက်တွေ့ဆုံမှုများ ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။
အာဇာနည်ဗိမာန် ဗုံးခွဲတိုက်ခိုက်မှု အပြီးတွင် မြန်မာနိုင်ငံက မြောက်ကိုရီးယား နိုင်ငံ နှင့် သံတမန် အဆက်အသွယ် ဖြတ် တောက်ခဲ့သည်။ ၁၉၉၀ နှစ်များ နှောင်းပိုင်းတွင်မှ ဆက်ဆံမှုများ ပြန်လည်စတင်ခဲ့သည်။ ပုံမှန် သံတမန်ဆက် ဆံရေးကို ၂၀၀၇ ခုနှစ်တွင် တရားဝင် ပြန်လည်စတင်ခဲ့သည်။ ၂၀၀၈ ခုနှစ် တွင် ထိုစဉ်က မြန်မာစစ်အစိုးရ၏ တတိယမြောက် ရာ ထူးအကြီးဆုံး အဖွဲ့ဝင် ဖြစ်သော ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင်သော မြန်မာ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြောက်ကို ရီးယား နိုင်ငံသို့ သွားရောက်ခဲ့ပြီး ၂ နိုင်ငံ စစ်ရေးအရ ဆက်ဆံမှုများ ပြုလုပ်ရန် မြောက်ကိုရီးယား တာဝန်ရှိ သူ များနှင့် နားလည်မှုစာချွန်လွှာတခု လက်မှတ်ရေးထိုးခဲ့ပါသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Seamus Martov ၏ Declassified Files Show Seoul Suspected North Korean Hand in Death of Burmese Student ကို ဘာသာပြန်ဆိုသည်)