သတင်း

ပြည်ပသို့ ရွှေ တရားဝင် တင်ပို့မည်

ရွှေလက်ဝတ်ရတနာများ ပြည်ပသို့ တရားမဝင် စီးဆင်းမှုများ ရှိနေ၍ သက်ဆိုင်ရာ ဌာနများနှင့် ညိုနိူင်း ဆောင်ရွက်နေပြီး ယခုနှစ်အတွင်း တရားဝင် တင်ပို့နိုင်အောင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ဧရာဝတီကို ပြောသည်။

ဦးခင်မောင်လွင်က “ရွှေလက်ဝတ်ရတနာတွေ တရားဝင် ဒီနှစ်ထဲမှာ တင်ပို့လို့ရအောင် ညိုနိူင်းဆွေးနွေး ဆောင်ရွက် နေပါတယ်။ အဓိက ဈေးကွက်က နယ်စပ်ဈေးကွက် တခုပဲ အားကိုးနေရတယ်။ ဒါကြောင့် ဒီနှစ်မှာဆိုရင် ဈေးကွက်သစ် ရှာတဲ့အခါ ဆန် ဆိုရင် တန်ချိန်တိုးပြီး ပင်လယ်ရေကြောင်းကနေ တင်ပို့နိုင်အောင် လုပ်မယ်။ နောက်ပြီး ပြောင်းဆိုရင် ပင်လယ်ရေကြောင်းကနေ မတင်ပို့နိုင်ဘူး။ ဒါကြောင့် ဗီယက်နမ်၊ မလေးရှား၊ ဟောင်ကောင်နဲ့ စင်ကာပူ စတဲ့ နိုင်ငံတွေကို တင်ပို့ နိုင်အောင် ဈေးကွက် ချိတ်ဆက် လုပ်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။

လက်ရှိတွင် ကုန်သွယ်မှုလိုငွေ လျှော့ချရန် ပို့ကုန်တိုးမြှင့်ခြင်းအပြင် တရားမဝင် ကုန်သွယ်မှုများကို တားဆီးနိုင်ရန် လိုင်စင် မလုပ်ဘဲ ခွင့်ပြုထားသည့် ကုန်ပစ္စည်း အမည်များကို လိုင်စင် ပြန်လည် သတ်မှတ်ခြင်း စသည်တို့ကို ညိုနိူင်း ဆောင်ရွက်နေကြောင်း သိရသည်။

ပြည်ပသို့ တရားဝင် တင်ပို့ ရောင်းချနိုင်သော ရွှေဗဟို ဈေးကွက်ကိုလည်း ယခု ၂၀၁၇ နှစ်လယ်ပိုင်းတွင် ပေါ်ပေါက်ရန် လုပ်ဆောင်နေပြီး ကျောက်မျက်ရတနာနှင့် ရွှေအရောင်းအဝယ် ပြုလုပ်နိုင်သော ပုဂ္ဂလိက ဈေးကွက်များ ဖွင့်လှစ် နိုင်ရန်လည်း MIC သို့ အဆိုပြုချက်များ တင်ပို့နိုင်ပြီဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်း ဦးခင်မောင်ဟန်က “ မြန်မာ့ထုတ်ကုန် လိုတယ်။ အခုရွှေသာ ရောင်းနေကြတာ ၉၉၉ လား ဘာလားဆိုတာ သိဖို့လိုတယ်။

အရည်အသွေးကို အရင်လုပ်ရမယ်။ မြန်မာ့ စံချိန်စံညွန်းကို လုပ်နိုင်ရင် ကျနော်တို့ ရွှေကို ကျောက်မျက်နဲ့ ကပ်ပြီး နိုင်ငံတကာရောင်း တင်ပို့ရောင်းချမှာကို ဆွေးနွေးထားတာ အစိုးရဘက်က မူအားဖြင့် သဘောတူထားပါတယ်။ မြန်မာ့ရွှေနှင့်ကပ်သော လက်ဝတ်ရတနာအားလုံးကို ပြည်ပထွက်ခွင့်ပြုလိုက်ပါပြီ။ ဒါကြောင့် ပေါ်လစီရေးဆွဲနေပါတယ်’’ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “မကြာမီပေါ်ပေါက်လာမယ့် ရွှေဗဟိုဈေးကွက် ပေါ်လာရင် အဲဒီကနေ ရွှေ၊ ရွှေတုံး၊ ရွှေခဲ၊ ရွှေဒင်္ဂါးတွေ လည်း ပြည်ပကိုထွက်မယ်။ မြန်မာ့စံချိန်စံညွှန်းက ကမ္ဘာစံချိန်စံညွန်းကို ဝင်နိုင်ရမယ်။ ဒီကနေ လှမ်းချိတ်လိုက်တဲ့ သဘောဖြစ်တယ်။ မြန်မာ့လက်ဝတ်ရတနာ အားလုံးက ရွှေနဲ့ကပ်ပြီးဖြစ်စေ အိပ်စပို့ လုပ်သွားမှာ ဖြစ်တယ်။ အစိုးရကလည်း ခွင့်ပြုထားပါတယ်။ ဒါကြောင့် trade payment ဌာနဆိုင်ရာနဲ့ ညိုနိူင်းနေပါတယ်။ ချိန်ဆလုပ်ဆောင်နေ ပါတယ်။ ဒါက ၂၀၁၇ အလယ်မှာ ပြီးမယ်လို့ မှန်းထားပါတယ်’’ဟု ပြောသည်။

ထို့အပြင် ပြည်တွင်းမှ ထွက်ရှိသည့် နှမ်းများကို ကြိတ်ခွဲပြီး တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ကာ ဈေးကောင်းပိုမို ရရှိသော ဂျပန်၊ ကိုရီးယား အစရှိသည့် နိုင်ငံပေါင်း ၁၂ နိုင်ငံသို့ တင်ပို့နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

နှမ်းကုန်သည်ကြီး ဦးသောင်းဉာဏ်က “ အခုဆိုရင် မြန်မာပြည်က နှမ်းကို တခြားနိုင်ငံကနေ ဝယ်ပြီးတော့ ပြန်ထုတ် လုပ်တယ်။ ပြီးတော့ နှမ်းလှော်မှုန့် အဖြစ် ကိုုရီးယားနဲ့ ဂျပန်နိုင်ငံကို တင်ပို့နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံပဲ၊ နှမ်းလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဆိုင်းဘဉာဏ်က “ဆီနှမ်းကတော့ ပြည်ပ တင်ပို့မယ်ဆိုရင် အာဖရိကနှမ်းကို မယှဉ်ပြိုင်နိုင်ဘူး။ ဒါကြောင့် တင်ပို့ဖို့ မဖြစ်နိုင်ဘူး။ စားနှမ်းဖြစ်တဲ့ နှမ်းနက်ကို တင်ပို့မှ ဖြစ်မယ်။ သွင်းအားစု၊ စိုက်ပျိုးရေး ထုတ်လုပ်မှုစရိတ် ဈေးကြီးတယ်။ အရည်အသွေးထက် ထုတ်လုပ်မှုက ဈေးကြီးနေတာ ဖြစ်ပါတယ်။ မြန်မာပြည်က နှမ်းကို အခု တရုတ်ကို အများဆုံး တင်ပို့တယ်။ အရည်အသွေး အကောင်းဆုံးက ဂျပန်နိုင်ငံကို ပို့တယ်’’ဟု ပြောသည်။

တနိုင်ငံလုံးအနေဖြင့် နှမ်းတန်ချိန် ၇ သိန်း ထွက်ရှိပြီး တန်ချိန် ၁ သိန်းကို တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံများသို့ တင်ပို့ကာ ဆီနှမ်းတတန်လျှင် ဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့် စားနှမ်းတတန်လျှင် အမေရိကန်ဒေါ်လာ ၂၀၀၀ ခန့်ဖြင့် တင်ပို့လျက် ရှိသည်။

Loading