မြို့နေလူထုတိုင်း မဲပေးခွင့်ရှိသည့် စည်ပင်ရွေးကောက်ပွဲများ ပြုလုပ်နိုင်လျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အကျပ်အတည်းများကို လွန်မြောက်နိုင်ပြီး ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်မည်ဖြစ်သဖြင့် အမြန်ပြုလုပ်ရန် တိုင်းလွှတ်တော် ကိုယ်စား လှယ်ဟောင်း၊ စည်ပင်သာယာရေး အရပ်ဘက် ပူးပေါင်းအဖွဲ့တွင် ပါဝင်သည့် Yangon Watch မှ ဒေါ်ညိုညိုသင်းက တိုက်တွန်း ပြောကြားသည်။
ဒေါ်ညိုညိုသင်းက “စည်ပင်သာယာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မယ်။ ပြည်သူ့ ကိုယ်စားလှယ်တွေ တင်မြှောက်နိုင်မယ် ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အကျပ်အတည်းကို လွန်မြောက်နိုင်တယ်ဆိုတာ သမိုင်းကို ပြန်ကြည့်ရင် သိမယ်။ ဒါ ကျမတို့ ထွင်ပြောနေတာ မဟုတ်ဘူး။
တကယ့် ပြည်သူ့ရဲ့ ဆန္ဒကို စီမံခန့်ခွဲ ဖန်တီးနိုင်တဲ့ ဒေသန္တရ အုပ်ချုပ်ရေးမှာ တကယ့် ပြည်သူရဲ့ ကိုယ်စားလှယ်တွေ၊ ပြည်သူတွေ တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်ဖို့ ဖန်တီးရေးအတွက် စည်ပင်သာယာရေး ရွေးကောက်ပွဲတွေ ပြုလုပ်နိုင်ရေးဟာ တကယ့် ဒီနိုင်ငံရဲ့ အရေးကြီးဆုံး လိုအပ်ချက်လို့ မှတ်ယူတယ်” ဟု ဆိုသည်။
ဒီမိုကရေစီ ဒေသန္တရ အုပ်ချုပ်ရေးသည် နိုင်ငံတွင် အထင်အရှား ရှိခဲ့ပြီး စည်ပင်သာယာရေး ကော်မတီများ၊ စည်ပင် သာယာရေး လုပ်ငန်းများသည် ဒီမိုကရေစီ ဒေသန္တရ အုပ်ချုပ်ရေး၏ အဓိက ဇာတ်လိုက်များလည်း ဖြစ်ကြောင်း ဒေါ်ညိုညိုသင်းက ဆိုသည်။
ကယားပြည်နယ်မှ လွဲ၍ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ အရပ်ဘက် အဖွဲ့အစည်းများ၏ ဧပြီလ ၂၈မှ ၂၉ရက်အထိ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သည့် စည်ပင်သာယာ ကော်မတီများ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများအပေါ် အလုပ်ရုံ ဆွေးနွေးပွဲမှ ရရှိသည့် ရလဒ်များကို ဧပြီလ ၂၉ ရက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို Yangon Watch, Charity-Oriented Myanmar(ဒါန – ရှေ့ဆောင်), Action Committee for Democracy Development, New Myanmar Foundation, Yangon Youth Network, COMREG, ပေါင်းကူး စသည့် အဖွဲ့ ၇ ဖွဲ့ ပါဝင်သည့် စည်ပင်သာယာရေး အရပ်ဘက် ပူးပေါင်းအဖွဲ့များက ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ပြည်သူ့ဘဝ၏ မွေးဖွားချိန်မှ သေဆုံးချိန်အထိ စည်ပင်သာယာရေး ကော်မတီများနှင့် သက်ဆိုင်သော်လည်း ကန့်သတ်မှု များကြောင့် ပြည်သူလူထု၏ စိတ်ဝင်စားမှု အားနည်းနေကြောင်း စည်ပင်သာယာရေး အရပ်ဘက် ပူးပေါင်းအဖွဲ့တွင် ပါဝင် သည့် ဒါန-ရှေ့ဆောင် မြန်မာမှ ဦးမြတ်မင်းဦးက ပြောသည်။
ဦးမြတ်မင်းဦးက “အသက် ၁၈ နှစ် ပြည့်သူတိုင်း မဲပေးခွင့် မရကြပါဘူး။ အိမ်ထောင်စု ကိုယ်စားလှယ် တဦးသာ မဲပေးခွင့် ရတဲ့ အတွက်လည်း စိတ်ဝင်စားမှု နည်းကြပါတယ်။ ရွေးကောက်တဲ့ ပုံစံမှာလည်း နီးစပ်ရာပဲ လုပ်ကြတယ်။ တချို့ ဆို ကိုယ့်ရပ်ကွက်မှာ လုပ်သွားရင်တောင် မသိလိုက်တာ အများကြီး ရှိပါတယ်။ ဒါဟာ ဥပဒေရဲ့ အားနည်းချက်တွေပါပဲ” ဟု ဆိုသည်။
ဘက်လိုက်မှု ကင်းရန်၊ ကော်မတီ ဖွဲ့စည်းရာတွင် ပွင့်လင်းမြင်သာမှု ရှိရန်၊ ကော်မရှင် အဖွဲ့ဝင်များသည် နိုင်ငံရေး ပါတီဝင်၊ ကော်မတီများတွင် ပြည်သူရွေးချယ်သည့် ကော်မတီဝင် အများစုဖြစ်ရန်၊ ရွေးကောက် တင်မြှောက်သည့် စနစ်ကို မဖြစ် မနေ ကျင့်သုံးရန်၊ လုပ်ပိုင်ခွင့်များတွင် မြို့တော်ဝန် သို့မဟုတ် တဦးဦးက ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ကော်မတီ ၏ ဆုံးဖြတ် ချက်သာ အတည်ပြုရန်၊ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရရန် Yangon Watch မှ ဒါရိုက်တာ ဦးတင်မောင်ဦးက ပြောသည်။
၂၀၁၁ မှ ၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်၊ မန္တလေးနှင့် ချင်းပြည်နယ်တို့တွင် စည်ပင်သာယာ ရွေးကောက်ပွဲများ ကျင်းပပြီးစီး ခဲ့ပြီး အစိုးရသစ်လက်ထက် ရန်ကုန်တိုင်းဒေသကြီးတွင် စည်ပင်ရွေးကောက်ပွဲ မပြုလုပ်သည်မှာ တနှစ်ကျော် ကြာမြင့်နေပြီ ဖြစ်ကာ ပဲခူးတိုင်းဒေသကြီးတွင် မကြာမီ ပြုလုပ်သွားမည်ဟု သိရသည်။