ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက် တပ်ရင်းတခုမှ တပ်မတော်အရာရှိတဦးပါဝင်သည့် အဖွဲ့ထံမှ ကျပ်သိန်း ၉,၀၀၀ ခန့် တန်ဖိုးရှိသည့် WY စိတ်ကြွဆေးပြား ၄ သိန်းကျော်ကို မေလ ၁ ရက်က ဖမ်းဆီးရမိကြောင်း သိရသည်။
စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူသည် ဘူးသီးတောင်အခြေစိုက် ခြေမြန်တပ်ရင်း(ခမရ ) ၅၆၄ တပ်မှ ဗိုလ်မှူးဖြစ်ပြီး၊ ၎င်းနှင့်အတူ တပ်မတော်သား ၁ ဦး၊ အရပ်သား ၂ ဦး ပါဝင်ကြောင်း၊ ထိုစိတ်ကြွဆေးဝါးများကို မောင်တောနယ်စပ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တင်ပို့မည်ဟု ယူဆရကြောင်း ဘူးသီးတောင်မြို့ခံတဦးက ဧရာဝတီကို ပြောသည်။
ထိုအမှုဖြစ်စဉ်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသူများကို သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့က အရေးယူ ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိန်လွင်က ဧရာဝတီကို အတည်ပြု ပြောဆိုသည်။
“ဖမ်းမိတဲ့သတင်းက မှန်ပါတယ်။ အသေးစိတ် အချက်အလက်တွေတော့ မသိရသေးဘူး။ တပ်ကလူတချို့ ပါတယ်လို့လည်း သိရတယ်၊ သက်ဆိုင်ရာ နယ်ခြားစောင့်တပ်ကဖမ်းဆီး အရေးယူမှုတွေ လုပ်ဆောင်နေပါတယ်” ဟု ရဲမှူးကြီးစိန်လွင်က ဆိုသည်။
ဘူးသီးတောင်မှ မောင်တောဘက်သို့ သွားသည့်လမ်းခရီး၌ စိတ်ကြွဆေးဝါးများ သယ်ဆောင်လာသည့် ဘူးသီးတောင်အခြေစိုက် ခြေမြန်တပ်ရင်း(ခမရ ) ၅၆၄ တပ်မှ ဗိုလ်မှူးရဲဇေယျာ ဆိုသူနှင့် တပ်မတော်သား ၁ နှင့် အရပ်သားတချို့ကို မေလ ၁ ရက်နေ့ မနက်ပိုင်းက ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ဘူသီးတောင်ဒေသခံက ဆက်ပြောသည်။
မောင်တောနယ်စပ်၌ ဖမ်းမိသည့် မူးယစ်ဆေးဝါး အမှုများတွင် တပ်မတော်သားတချို့ အပါအဝင်၊ ရဲတပ်ဖွဲ့ဝင် တချို့လည်း ပါဝင်နေသဖြင့် ၎င်းတို့ကို ဖမ်းဆီးမှုများ ရှိခဲ့သည်။ ထို့အတူ ရခိုင်ပြည်နယ်တဝှမ်းတွင် စိတ်ကြွဆေးဝါး အမြောက်အများကို မကြာခဏ ဖမ်းဆီးရမိနေသော်လည်း အများစုမှာ ပိုင်ရှင်မဲ့များ ဖြစ်နေသည်ကို တွေ့ရသည်။
ယခုကဲ့သို့ မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းမိနေခြင်းသည် နေပြည်တော် မူးယစ်ဗဟိုအဖွဲ့နှင့် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မေယုစစ်ဆင်ရေး အထူးစီမံချက်ဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှူးကြီးစိန်လွင်က ပြောသည်။
လက်ရှိတွင် မေယုစစ်ဆင်ရေး အစီအစဉ်ပြီးဆုံးသွားသော်လည်း ပြည်နယ်ရဲတပ်ဖွဲ့က ဆက်လက်လုပ်ဆောင်နေကြောင်း ရဲမှူးကြီးစိန်လွင်က ဆိုသည်။