ယခင် အစိုးရခေတ်က အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ်လုပ်ငန်း လုပ်ကိုင်ရာတွင် ကျပ်ငွေ ဘီလီယံချီ ဆုံးရှုံးမှုများ အတွက် တာဝန်ရှိသော အရာရှိများအား အရေးယူရန် ရန်ကုန်တိုင်း လွှတ်တော် ဥပဒေကြမ်းနှင့် ပြည်သူ့ငွေ စာရင်းကော်မတီက ပြီးခဲ့သည့်အပတ်က တိုက်တွန်းခဲ့မှုကို ရန်ကုန်တိုင်းအစိုးရက မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို အများပြည်သူက စောင့်ကြည့်နေကြသည်။
ရန်ကုန်တိုင်း စာရင်းစစ်ချုပ် ဒေါ်ခင်လှသန်းက တိုင်းလွှတ်တော်သို့ တင်သွင်းသော ၂၀၁၅-၂၀၁၆ ဘာဏ္ဍာရေးနှစ် အစီရင်ခံစာကို အထက်ပါ ကော်မတီက သုံးသပ်ရာတွင် ယခင်အစိုးရသည် အကျိုးတူလုပ်ကိုင်သော ကုမ္မဏီများကို သိသာစွာလျော့ကျသော အငှားနှုန်းထားဖြင့် ဖက်စပ်ကုမ္မဏီများကို အခွင့်ရေးပိုပေးကာ ငှားရမ်းထားခဲ့ကြောင်းနှင့် အခြားသော စီမံခန့်ခွဲမှုအလွဲများကိုလည်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြဆွေးနွေးခဲ့ကြသည်။
စာရင်းစစ်ချုပ်က တိုင်းလွှတ်တော်သို့ တင်သွင်းသော ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အစီရင်ခံစာအရ တိုင်းအစိုးရသည် ဆောက်လုပ်ရေး လုပ်ငန်းများသို့ စီးပွားရေးဆိုင်ရာ မြေနေရာများငှားရမ်းခြင်းကြောင့် ကျပ်ငွေ ၁၃ ဘီလီယံ ဆုံးရှုံးခဲ့ပြီး ပြည်သူပိုင်မြေနှင့် ပန်းခြံများကို နှစ်ရှည်ငှားရမ်းရာတွင် ပေါက်ဈေးထက်အဆမတန် လျော့နေသဖြင့် ကျပ်ငွေ ၅၈ ဘီလီယံ ဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားသည်။
ပြည်သူ့ငွေစာရင်းနှင့် ဥပဒေကြမ်း ကော်မတီခေါင်းဆောင် ဦးတင့်လွင်က ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် ချေးငွေ ကျပ်သန်းပေါင်း ၄၀ နှင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနှင့် စီမံကိန်းများအတွက် အသေးစိတ် အစီရင်ခံစာတင်ရန် ပျက်ကွက်ခဲ့သည်ဟု ထောက်ပြသည်။
ပြည်သူ့ဘဏ္ဍာငွေများကို ထိခိုက်သောကြောင့် ထိုစီမံခန့်ခွဲမှု အားနည်းချက်များကို အစိုးရက စုံစမ်းစစ်ဆေးသင့်သည် ဟု သူကပြောသည်။
ယခင် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေခေတ်က ထူထောင်ခဲ့သော ရေရှည်အကျိုးအမြတ် ခွဲဝေရေး စီမံကိန်းများတွင် ပုဂ္ဂလိက ကုမ္ပဏီများသို့ အခွင့်ရေးပိုပေးကာ ငှားရမ်းထားသည့် ကိစ္စများကိုလည်း ပြန်လည် သုံးသပ်ရန် အဆိုပါ လွှတ်တော်ကိုယ်စားလှယ်က တိုင်းအစိုးရကို တိုက်တွန်းခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သည် အချို့သော စီမံကိန်းများကို တိုင်းအစိုးရ၏ ခွင့်ပြုချက် မယူဘဲ ချထားပေးခဲ့ကြောင်း သူက ဆက်ပြောသည်။
ကျောက်တံတားမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက “အရင်အစိုးရက ချုပ်ဆိုထားခဲ့တဲ့ စာချုပ်တွေကို အစိုးရသစ်က ပယ်ဖျက်ပစ်လို့ မရဘူးဆိုတာ ကျမတို့ နားလည်ပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ ဖက်စပ် စီမံကိန်းတွေရဲ့ စည်းကမ်းချက်အသစ်တွေကို အစိုးရသစ်က ပြန်လည်ညှိနှိုင်းနိုင်ပါတယ်” ဟု ပြောသည်။
အများပြည်သူပိုင်မြေ ငှားရမ်း အကျိုးအမြတ်ခွဲဝေယူသော လုပ်ငန်းအများစုကို မြန်မာနိုင်ငံတွင် မကောင်းသတင်းဖြင့် ကျော်ကြားလှသော လုပ်ငန်းရှင်များနှင့် ခရိုနီသူဌေးကြီးများ ဖြစ်နေသည်ကိုလည်း လွှတ်တော်အမတ်များက ဝေဖန်ကြပြီး ပွင့်လင်းမြင်သာသော လုပ်ငန်းစဉ်များဖြစ်ပေါ်လာရန် တောင်းဆိုကြသည်။
ဒဂုံမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ထိုကုမ္ပဏီများနှင့် ပတ်သက်သော လုပ်ထုံးလုပ်နည်းသစ် များကို အစိုးရအနေဖြင့် ကျွမ်းကျင်ပညာရှင်များနှင့်တိုင်ပင်ကာ ချုပ်ဆိုသင့်ကြောင်း အကြံပြုသည်။
လှိုင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက “ဒီ (ဖက်စပ်) လုပ်ငန်းတွေကို အဆမတန်နည်းတဲ့ ဈေးနှုန်းနဲ့ ငှားထားတာကို ကျမ အင်မတန် အံ့သြမိတယ်” ဟု ပြောသည်။