ဖားကန့်မြို့နယ် မှော်ပုံကျေးရွာမှ တောက်ပကြယ် ကုမ္ပဏီပိုင် လုပ်ကွက်ထဲတွင် ရေမဆေးသမားများက လတ်တလော ဝင်ရောက် တူးဖော် ရှာဖွေစဉ် အလေးချိန် ၈ တန်ကျော်ရှိ ကျောက်စိမ်းတုံးကြီးကို တွေ့ရှိခဲ့ကြပြီး ယူဆောင်သွားခဲ့သည်ဟုဆိုကာ လုယက်မှုဖြင့် အမှုဖွင့်ထားကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိ တဦးက ဆိုသည်။
၎င်းးအရာရှိက “ကျနော်တို့ဆီမှာ အမှုဖွင့်ထားပါတယ်။ ၃၈၂/၁၁၄ နဲ့ အမှုဖွင့်ထားပါတယ်။ အကြမ်း ဖျဉ်း ကတော့ သူတို့ အုပ်စုလိုက် လုယက်တဲ့ ပုံစံမျိုးနဲ့ပေါ့။ အမှုဖွင့်တာကတော့ ဧပြီလ ၂၉ ရက်နေ့က ဖွင့်တာပါ။ စတည်ထား တာတော့ ၅ဦးကို စတည်ထားပြီးတော့ ကျန်တာတွေကတော့ အင်အား အများကြီးပဲဆိုတဲ့ အကြောင်းပဲ ထည့်ထားတာ”ဟု ပြောသည်။
ဆက်လက်ပြီး “ကျောက်စိမ်းကတော့ ရထားပါပြီ။ လက်ရှိမှာတော့ မြစ်ကြီးနား ကျောက်စိမ်းရုံးကို အပ်ထားပြီဗျ။ တရားလို ပြုလုပ် တိုင်တန်းတာကတော့ ဦးနေထွန်း၊ ဒုလက်ထောက် ညွှန်ကြားရေးမှူး လုံးခင်းကျောက်စိမ်း တူးဖော်ရေးဌာန ဖားကန့်မြို့နယ်က တိုင်တာပါ ” ဟု ဆိုသည်။
ဧပြီလ ၂၆ရက်နေ့တွင် တောက်ပကြယ်ကုမ္ပဏီပိုင် လုပ်ကွက်ထဲ၌ ရေမဆေးသမားများက ဝင်ရောက် တူးဖော် ရှာဖွေစဉ် အလေးချိန် ၈ ဒသမ ၇ တန်ရှိ ကျောက်စိမ်းတုံးကြီးကို တွေ့ရှိခဲ့ကြရာ ကုမ္ပဏီက မယူဆောင်သွားရန် တားမြစ်သော်လည်း ရေမဆေး သမားများက လူအင်အားဖြင့် သယ်ထုတ်သွားခဲ့ခြင်း ဖြစ်သည်။
ဧပြီလ ၂၈ရက်နေ့တွင် အဆိုပါကျောက်ကို ရှာဖွေတွေ့ရှိသော ရေမဆေးသမားများအား ကုမ္ပဏီက တစ်ဦးလျှင် ကျပ် ၁သောင်းနှုန်းဖြင့် လူပေါင်း ၁၀၇၆၀ ကို ငွေရှင်းပေးခဲ့ရကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက ပြောသည်။
“နောက်နေ့ကျ ကျနော် ရောက်သွားတော့ ဒီပစ္စည်းကလည်း နိုင်ငံတော်ပိုင်ပစ္စည်းအဖြစ် သတ်မှတ်ထားတဲ့ အတွက် အာဏာပိုင်တွေကလည်း မရမနေ ယူမှာပဲ။ ညှိနှိုင်းတဲ့အခါ တစယောက်ကို ၁ သောင်း နှုန်းပေးမယ်။ လက်ခံမလားဆိုတာ အဲဒါ အတည်ဖြစ်သွားခဲ့တယ်။ နောက်ဆုံး ဘယ်လောက်ကုန်သွားလဲဆိုတော့ သိန်း ၁၀၇၆ သိန်း ကုန်သွားတယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ “အောက်ခြေမှာတော့ ပြေလည်ပါတယ်။ တာဝန်ရှိတဲ့သူကတော့ တာဝန်ရှိတဲ့ အတိုင်း လုပ်ကြ တာပေါ့ဗျာ”ဟု ဆိုသည်။
ညှိနှိုင်းမှုများ ပြုလုပ်ပြီး ကျောက်စိမ်းကို ပြန်လည် ရယူပြီးနောက်မှ တရားစွဲဆိုခဲ့ခြင်း ဖြစ်ပြီး ကုမ္ပဏီက တရားစွဲဆိုခြင်း မဟုတ်ဘဲ လုံးခင်းကျောက်စိမ်း တူးဖော်ရေးဌာနက တရားစွဲဆိုခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ဧပြီလ ၂၉ရက်နေ့တွင် လုံးခင်းနယ်မြေ ရဲစခန်းတွင် လုယက်မှု ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ ဖြင့် စတင် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။