သတင်း

နမ့်စန်မြို့နယ်အတွင်း သစ်တန်ချိန် ၄၀၂ ကို ပိုင်ရှင်မဲ့အဖြစ် တပ်မတော်က ဖမ်းဆီးရမိထား

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်အတွင်း ကျွန်းသစ်လုံးခွဲသားများနှင့် ပိတောက်ဓားရွှေတုံး စုစုပေါင်း သစ်တန်ချိန် ၄၀၂ တန်ကို ပိုင်ရှင်မဲ့အဖြစ် တပ်မတော်ကဖမ်းဆီးရမိသဖြင့် သစ်တောဦးစီးဌာနကို လွဲပြောင်းရန် စီစဉ်နေကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းက “တပ်က ဖမ်းတယ်။ သစ်တွေနဲ့ ယာဉ်တွေကို လုံခြုံတဲ့ နေရာကို သယ်နေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ သွားလာလှုပ်ရှားတဲ့ နယ်မြေမှာ မိတာပါ” ဟု ဧရာဝတီကို ပြောသည်။

ဖမ်းမိသည့် သစ်တန်ချိန် ၄၀၂ တန်အပြင် သစ်သယ်သည့် ၁၂ ဘီးတွဲယာဉ် ၁၁ စီး၊ ၁၀ ဘီး တွဲယာဉ် ၃ စီး၊ သရီးကရောင်းယာဉ် ၁ စီး၊ ကရိန်းယာဉ် ၁ စီး ကိုပါ ဖမ်းမိပြီ၊ ထိုယာဉ်များသည် လိုင်စင်မဲ့ယာဉ်များ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့၏ နယ်မြေဟုသာ ပြောဆိုနိုင်ပြီး မှားယွင်းမှုဖြစ်မည်ကို စိုးရိမ်သဖြင့် မည်သည့် လက်နက်ကိုင် အဖွဲ့ဆိုသည်ကိုတော့ အတိအကျ ပြောနိုင်ခြင်း မရှိပါကြောင်း ဦးဇော်မင်းက ပြောသည်။

“ကားက လိုင်စင်မဲ့ ဖြစ်နေတယ်။ သစ်ပေါ်မှာလည်း မောင်ကကြီးပိုင်တယ်။ မောင်ခခွေးပိုင်တယ်လို့ ရေးမထားတော့ ကားကြီးနဲ့ သစ်ကိုပဲ တွေ့တယ်ဆိုရင် ပိုင်ရှင်မဲ့ပဲ လုပ်ရတယ်။ ကားမှာ လိုင်စင်ရှိတယ်ဆိုရင်တော့ တဆင့်ချင်းလိုက်ရင် တဖြည်းဖြည်း ပေါ်ပါတယ်။ အဲဒီသဘောပါ” ဟု ၎င်းက ဆက်ပြောသည်။

တပ်မတော်က လွှဲပြောင်းပေးမည့် ပိုင်ရှင်မဲ့သစ်တန်ချိန် ၄၀၂ တန်ကို သစ်တောရုံးက မြန်မာ့သစ်တောလုပ်ငန်းသို့ ထပ်မံလွှဲအပ်ပြီး အစိုးရရန်ပုံငွေအတွက် လေလံတင်ပြီး ရောင်းချခြင်းများကို ဆက်လက်လုပ်ကိုင်မည် ဖြစ်သည်။ လက်ရှိတွင် တပ်မတော်က သစ်များကို သယ်ယူနေဆဲဖြစ်ပြီး သစ်တောရုံးသို့ လာရောက်ပို့ထားခြင်း မရှိသေးကြောင်း ဦးဇော်မင်းက ဆိုသည်။

ထိုသစ်များနှင့် ယာဉ်များကို ဧပြီလ ၂၉ ရက် ညနေပိုင်းက တပ်မတော်စစ်ကြောင်းက နယ်မြေလုံခြုံရေး လှည့်လည်နေစဉ် တွေ့ရှိ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် သစ်ကားများအနီးတွင် ရှိနေသည့် ကိုအောင်အောင် ဆိုသူကိုလည်း ဖမ်းဆီးပြီး နမ့်စန်မြို့နယ် ရဲစခန်းသို့ အပ်ထားသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ ၁ ရက်ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး နမ့်စန်မြို့ရဲစခန်းမှ တာဝန်ရှိသူတဦးက “ ပိုင်ရှင်မဲ့သစ်တွေက သစ်တောဦးစီးဌာနကနေ ဥပဒေအရ သူတို့စီမံခန့်ခွဲတယ်။ ကျန်တာတော့ ကျနော်တို့ အသေးစိတ် မပြောနိုင်သေးပါဘူး” ဟု ပြောသည်။

နမ့်စန်မြို့နယ်အတွင်းရှိ သစ်မှောင်ခိုများသည် သစ်များကို တရုတ်နိုင်ငံသို့ အဓိက ရောင်းချကြခြင်းဖြစ်ပြီး သစ် ၁ တန်လျှင် ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၈၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

ဦးဇော်မင်းက “ Chain Saw – လက်ကိုင်လွှစက်လေးတွေ တရုတ်ဘက်က ဘုန်းပေါလအော ဝင်နေတယ်။ သစ်ပင်ကို ဆွဲလွှနဲ့လဲမယ်ဆိုရင် သစ်ပင်လဲဖို့ အကြာကြီးပဲ။ သစ်ခွဲသားတွေ ထွက်လာဖို့လည်း ထပ်လုပ်ရတယ်။ Chain Saw နဲ့က နာရီဝက်အတွင်း သစ်ပင်တပင်လုံး ကုန်သွားတယ်။ သစ်ခွဲသား အဆင့်ထိ ခွဲချလိုက်ကြတာ” ဟု ပြောသည်။

သစ်မှောင်ခိုသမား အများစုသည် လက်ကိုင်လွှစက် (Chain Saw ) များဖြင့် သစ်ခုတ်ခြင်း၊ သစ်မှောင်ခိုလုပ်ခြင်းများ ပြုလုပ်နေကြပြီး သစ်တောဦးစီးဌာနက ၎င်းတို့ကို လိုက်လံစစ်ဆေး၊ ဖမ်းဆီးရန် ဝန်ထမ်း မလုံလောက်ခြင်း၊ မှောင်ခိုသမားများကို ဖမ်းဆီးရန် လက်နက်အင်အား မရှိခြင်းတို့ကြောင့် မှောင်ခိုဖမ်းဆီးရေးကို ကြပ်ကြပ်မတ်မတ် လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း ဦးဇော်မင်းက ဆိုသည်။

ပိုင်ရှင်နှင့်တကွ သစ်များကိုဖမ်းမိပါက သစ်တောဥပဒေအရ တရားစွဲပြီး တရားစီရင်သော်လည်း ၁၉၉၂ ခုနှစ် ဥပဒေအရ တရားစီရင်သဖြင့် အချို့တရားရုံးများက ထောင်ဒဏ်အစား ငွေဒဏ် ကျပ် ၂ သောင်း၊ ၃ သောင်းခန့်သာ ချမှတ်သဖြင့် သစ်မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေကြသူများသည် တရားဥပဒေကို ကြောက်ရွံ့ခြင်း မရှိကြကြောင်း ဦးဇော်မင်းက ပြောသည်။

နမ့်စန်မြို့နယ်အတွင်း တပ်မတော်လက်အောက်ခံ တိုင်းရင်းသား ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအပြင် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) တပ်ဖွဲ့ဝင်များလည်း လှုပ်ရှားနေသောဒေသ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading