သတင်း

ဦးပိုင်နှင့် MEC နှစ်စဉ် အခွန်ဆောင်ဟု တပ်မတော် ရှင်းလင်း

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်(MEHL)နှင့် မြန်မာ့ စီးပွားရေး ကော်ပရေးရှင်း(MEC)တို့သည် နိုင်ငံတော်သို့ နှစ်စဉ် ပုံမှန် အခွန်ဆောင် လျက်ပြီး ယင်းလုပ်ငန်းများသည့် အခွင့်ထူးခံ မဟုတ်တော့ဘဲ အများနည်းတူ ယှဉ်ပြိုင်သော အဖွဲ့အစည်းများအဖြစ် ရပ်တည် ဆောင် ရွက်လျက် ရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောသည်။

မနေ့က နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ကျင်းပသည့် နိုင်ငံတော် အစိုးရ၏ ပထမ တနှစ်တာ ကာလအတွင်း ဆောင်ရွက် ချက်များကို ရှင်းလင်းစဉ် သတင်းထောက်များ၏ မေးခွန်းကို ကာကွယ်ရေး ဝန်ကြီးဌာနက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“၁၉၉၀-၉၁ ခုနှစ် ဘဏ္ဍာရေးနှစ်ကနေ စပြီးတော့ ၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်အထိကို နိုင်ငံတော်ကို ပေးဆောင်ပြီး အခွန် စုစုပေါင်းဟာ ကျပ် ၈၉၉၉.၂၀၀ သန်း ဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာနဲ့တွက်မယ်ဆိုရင်တော့ ၇၀.၁၉၁ သန်း ဖြစ်ပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် မှာတော့ ကြိုတင် အခွန်ငွေ စုစုပေါင်း ဒေါ်လာ ဝ.၀၀၁ သန်း၊ ယူရို ၃.၀၈၂ သန်းကိုလည်း ပေးဆောင်ထားပါတယ်”ဟု ဗိုလ်ချုပ်မြင့်နွယ် က ပြောသည်။

MEHL ကို စတင်တည်ထောင်ချိန် ၁၉၉၀ ခုနှစ်တွင် ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံး ကာကွယ်ရေး ဝန်ကြီးဌာနက ရှယ်ယာ မတည် ငွေ ကျပ်သန်း ၄၀၊ တပ်မတော် စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းများ၊ တဦးချင်းနှင့် အဖွဲ့အစည်းများ၏ ထည့်ဝင်ငွေ ကျပ် ၁၆.၀၉၈ သန်း စုစုပေါင်း မတည်ငွေက ၅၆.၀၉၈ သန်းဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ ၂၀၁၇ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့အထိ တပ်မတော်သားများ၊ တပ်ရင်းတပ်ဖွဲ့များ၊ စစ်မှုထမ်းဟောင်းတဦးချင်းနှင့် စစ်မှုထမ်း ဟောင်း အဖွဲ့များ၏ အစုရှယ်ယာ တန်ဖိုးသည် စုစုပေါင်းဟာ ကျပ် ၁၆၀၈၄၀.၇၅၅ သန်း ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

“ပြောချင်တာက ဦးပိုင်ကို စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ တရားဝင် ဖွဲ့စည်းတယ်။ အခွန်အခတွေကို နှစ်စဉ် ပုံမှန် တင်သွင်းတယ်။ အရင် စတင်စဉ်တုန်းက ရှယ်ယာတန်ဖိုးနဲ့ အခု ဘယ်လောက်ရှိလဲဆိုတာကို ရှင်းလင်း တင်ပြပါတယ်”ဟု ဗိုလ်ချုပ်မြင့်နွယ်က ပြော သည်။

၁၉၅၀ ခုနှစ် အထူး ကုမ္ပဏီများ အက်ဥပဒေအရ အထူးကုမ္ပဏီအဖြစ် ဖွဲ့စည်းခွင့် ရရှိထားသည့် MEHL ကို အများနှင့် သက်ဆိုင်သော ကုမ္ပဏီ အဖြစ်သို့ NLD အစိုးရ မတက်မီ ၂၀၁၆ ခုနှစ် မတ်လတွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဌာနက ပြောင်းလဲ ခွင့်ပြုပေးခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံးက “က” အစုရှယ်ယာရှင်၊ စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းများ၊ တပ်ရင်း /တပ်ဖွဲ့များနှင့် စစ်မှုထမ်းဟောင်း အဖွဲ့များက “ခ” အစု ရှယ်ယာရှင် အဖြစ် ထည့်ဝင်ရှယ်ယာများကို “က” အစုရှင်မှ “ခ” အစုရှင်သို့ လွှဲပြောင်းခဲ့ခြင်းဖြစ်၍ နိုင်ငံတော် ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေခြင်း မဟုတ်တော့ဘဲ တပ်မတော်နှင့် ဆိုင်သော အများပိုင် လုပ်ငန်း အဖြစ် ရပ်တည်လာခြင်း ဖြစ်သည်။

“အစုရှယ်ယာနဲ့ ပတ်သက်လို့ ထုတ်ရောင်းမှာ မဟုတ်ပါဘူး။ တပ်မတော်သားတွေ စစ်မှုထမ်းဟောင်းတွေနဲ့ စစ်မှုထမ်းဟောင်း မိသားစု တွေအတွက် (က) အစုရှယ်ယာကို ပေါင်းထည့်ပြီးတော့ စစ်မှုထမ်းဟောင်း အဖွဲ့အစည်းတွေကို လွှဲပြောင်းပြီးတော့ အများပိုင် ကုမ္ပဏီ အဖြစ်သို့ ဆောင်ရွက်ပြီး ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ် မြင့်နွယ်က ပြောသည်။

MEHL လုပ်ငန်းများသည် ပွင့်လင်းမြင်သာမှု အလွန်အားနည်းပြီး ယခင်က အခွန်မဆောင်ခဲ့သော လုပ်ငန်းကြီး တခုဖြစ်သည်ဟု သိထား ကြောင်း၊ ယခုခေတ်တွင် အခွန်ဆောင်မှုများ ရှိလာသော်လည်း ပွင့်လင်းမြင်သာမှု ရှိရန် လိုသေးကြောင်း၊ လုပ်ငန်း၏ ရှယ်ယာ ပိုင်ဆိုင်မှု နှင့် ဆောင်ရွက်ချက်များကို အများပြည်သူသိအောင် ရှင်းလင်းသင့်ကြောင်း ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုး တိုးတက် မှု ကော်မတီ ဥက္ကဌ ဦးခင်အေးက ပြောသည်။

“ဦးပိုင်က အခွန်မဆောင်ခဲ့ဘူး။ အခု အခွန်ဆောင်လာပြီဆိုတော့ မဆိုးဘူး။ ဒါပေမယ့် အဖွဲ့အစည်းအနေနဲ့ စီးပွားရေး လုပ်တာတော့ သဘာဝ မကျဘူး။ သူလုပ်ရင် တခြား အစိုးရ အဖွဲ့အစည်းတွေကလည်း စီးပွားရေး လုပ်ချင်မှာပဲ။ ကျနော်တို့ ကော်မတီက အနေနဲ့ လည်း ဒီလုပ်ငန်းတွေ ဘယ်လိုရှိလဲဆိုတာ စိတ်ဝင်စားနေတယ်”ဟု နတ်တလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်အေးက ပြောသည်။

MEHL ကို တပ်မတော်သားများနှင့် ၎င်းတို့၏ မှီခိုသူ မိသားစုများ သက်သာချောင်ချိရေး၊ စစ်မှုထမ်းဟောင်းများ၊ ၎င်းတို့၏ မှီခိုသူ မိသားစုများ သက်သာချောင်ချိရေး၊ ပြည်သူလူထု သက်သာချောင်ချိရေးအတွက်ကို အထောက်အကူ ဖြစ်စေရေးနှင့် နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူ ဖြစ်ရေးအတွက် ထူထောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

MEHL တွင် ကုန်သွယ်မှု လုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းနှင့် ထုတ်လုပ်မှု လုပ်ငန်း ဌာနများရှိပြီး ဖွဲ့စည်းထားသည့် ကုမ္ပဏီလုပ်ငန်း စုစု ပေါင်း ၄၈ ခု ရှိကြောင်း၊ အဓိက ထုတ်ကုန် ပစ္စည်းများမှာ မော်တော်ယာဉ်၊ အိမ်မိုးသွပ်ပြား၊ ဘိလပ်မြေ၊ LED မီးသီး၊ လျှပ်စစ်၊ ဆပ်ပြာ၊ ရှပ်အကျၤ ီ၊ ရာဘာ၊ ပလပ်စတစ် လူသုံးကုန်ပစ္စည်း၊ စီးကရက်၊ ဘီယာ၊ သကြား၊ ငါး၊ ပုဇွန် တို့ ဖြစ်ကြောင်း သိရသည်။

“MEC က အခြား ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေနဲ့ ဥပဒေနဲ့အညီ ယှဉ်ပြိုင်တဲ့ လုပ်ငန်းပဲ ဖြစ်ပါတယ်။ သတ်မှတ်တဲ့ အခွန်အခတွေကို လည်း ပေးဆောင်ပါတယ်။ ကျနော်တို့က Advantage မယူပါဘူး။ စီးပွားရေး လုပ်ငန်းများကို အပြိုင်အဆိုင်ပဲ ဆောင်ရွက်ပါတယ်”ဟု ကာကွယ်ရေး ဒုဝန်ကြီးက ပြောသည်။

MEC က စစ်လက်နက် ပစ္စည်းများ ထုတ်လုပ်ခြင်း မရှိသော်လည်း တပ်မတော်အတွက် အခြားလိုအပ်သည့် အသုံးအဆောင်များကို ထုတ်လုပ်ကြောင်း၊ တပ်မတော် စက်ရုံ၊ အလုပ်ရုံများက ထုတ်ကုန်များကို ပြည်ပကုမ္ပဏီများ နည်းတူ ပြိုင်ဆိုင်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်လည်း သိရသည်။

MEC ကို မြန်မာနိုင်ငံကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်၊ တပ်မတော်၏ အသုံးစရိတ်များ သက်သာစေရန်၊ တပ်မတော်၏ လိုအပ်သော အထောက်အကူများကို ဖြည့်ဆည်းပေးနိုင်ရန်၊ တပ်မတော်သားများ၏ မိသားစုဝင်များ သက်သာ ချောင်ချိ ရေး ဆောင်ရွက်ပေးရန်၊ တပ်မတော်အတွက် အခြားလိုအပ်သော ကိစ္စရပ်များကို ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading