မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားသူများကို စိစစ်အတည်ပြုပေးလျက်ရှိရာ မကြာမီ နိုင်ငံသားဟောင်း ၂၈ ဦးကို မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ဦးမြင့်ကြိုင်က “ အခုအစိုးရသစ် လက်ထက်မှာတင်ပြတဲ့ ၅၅ ယောက်ထဲကနေ ၂၂ ယောက်၊ အရင်ကျန်တဲ့အထဲက ပြန်ရတဲ့သူ ၆ ယောက်နဲ့ စုစုပေါင်း ၂၈ ယောက်ကတော့ စိစစ်ပြီးပါပြီ။ မကြာခင် မြန်မာနိုင်ငံသားအဖြစ် ရရှိမှာဖြစ်တယ်”ဟု ပြောသည်။
နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ မေလ ၂ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပထမတနှစ်တာ ကာလအတွင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောဆိုစဉ် မြန်မာနိုင်ငံသားဟောင်းများ ပြန်လည်လက်ခံမှု အခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီက မေးမြန်းရာ အမြဲတမ်း အတွင်းဝန်ဦးမြင့်ကြိုင်က အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားသူများကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာနိုင်ငံသားဟောင်းများ နိုင်ငံသားအဖြစ် ပြန်လည်စိစစ်ရေးကော်မတီက စီစစ်အတည်ပြုခြင်း ဖြစ်သည်။
ယခင် သမ္မတဦးသိန်စိန် အစိုးရလက်ထက်တွင် မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ၁၈၈ ဦး ရှိခဲ့ပြီး ၁၄၃ ဦးကို နိုင်ငံသားအဖြစ် ပြန်လည်ခွင့်ပြုခဲ့ကြောင်း၊ ကျန်ရှိသူ ၄၅ ဦးတို့မှာ နိုင်ငံသားအရည်အချင်း မပြည့်ဝသူ ၁၆ ဦး၊ အချက်အလက် မပြည့်စုံသူ ၁၂ ဦး၊ ခွင့်မလွှတ်နိုင်သည့် အမှုကြီး ကျူးလွန်ထားသူ ၁၁ ဦး၊ အစိုးရ အပြောင်းအလဲကာလတွင် လျှောက်ထားသူ ၆ ဦး တို့ဖြစ်ကြကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြောသည်။
ယခု NLD အစိုးရ လက်ထက်၌ လျှောက်ထားသူ ၅၅ ဦးနှင့် အစိုးရ အပြောင်းအလဲကာလတွင် လျှောက်ထားသူ ၆ ဦးတို့မှ မြန်မာနိုင်ငံသားဟောင်းများ နိုင်ငံသားအဖြစ် ပြန်လည်စိစစ်ရေး ကော်မတီက ၂၈ ဦးကို ပြန်လည်ခွင့်ပြုပေးခြင်း ဖြစ်သည်။
“ကျနော်တို့က နိုင်ငံသားအဖြစ် စိစစ်လက်ခံတဲ့နေရာမှာ အမှုကြီးကျူးလွန်ထားခြင်း ရှိ၊ မရှိ၊ Black List ထဲမှာပါ မပါကိုဘဲ အဓိက စစ်ပါတယ်။ ဒီ ၂ ခု လွတ်ရင် နိုင်ငံသားပြန်ဖြစ်ခွင့် ရှိပါတယ်” ဟု အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။