လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းရေး ဒေါ်အောင်ဆန်းစုကြည်နှင့် အီးယူ သဘောထားကွဲ
ရိုဟင်ဂျာဟု ခေါ်ဆိုနေကြသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း မွတ်ဆလင်များအပေါ် လုံခြုံရေးတပ်ဖွဲ့များ၏ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲမှုများအား စုံစမ်းမည့် နိုင်ငံတကာအဖွဲ့တခုကို လူသိရှင်ကြား ထောက်ခံရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် နှင့် ဥရောပသမဂ္ဂတို့ သဘောထားကွဲလွဲခဲ့ကြသည်။
ဘရပ်ဆဲလ်မှ လာသောသတင်းများ အရ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရာတွင် ဥရောပသမဂ္ဂ၏ ထိပ်တန်း သံတမန်တဦး ဖြစ် သော Federica Mogherini က ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို သဘောတူခြင်းက ရိုဟင်ဂျာ မွတ်ဆလင်များကို သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း နှင့် မတရားပြုကျင့်ခြင်းစသည့် စွပ်စွဲမှုများနှင့် ပတ်သက်၍ မသေချာမှုများကို ဖယ်ရှားရာတွင် အထောက်အကူပြုလိမ့်မည် ဖြစ်ကြောင်း ပြောသည်။
“အချက်အလက်ရှာဖွေရေး ကိုယ်စားလှယ် အဖွဲ့က အတိတ်နဲ့ ပတ်သက်တဲ့ အမှန်တရားကို ဖော်ဆောင်ဖို့ အလေးပေး ဆောင်ရွက်သွားပါမယ်။ ဒါက အမှန်တရားကို တည်ဆောက်ရာမှာ ကူညီနိုင်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်” ဟု Federica Mogherini က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ “ကျမတို့ အနေနဲ့ ဒီ ဆုံး ဖြတ်ချက်နဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မှု ပြုမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဆုံးဖြတ်ချက်က လက်တွေ့ မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေမှန်တွေနဲ့ ကိုက်ညီတဲ့ နည်းလမ်း မဟုတ်လို့ပါ” ဟု သတင်းထောက်များအား ဖြေဆိုသည်။
မတ်လ အတွင်းတွင် ဥရောပ သမဂ္ဂက တင်သွင်းလာခဲ့ပြီး အမေရိကန် အပါအဝင် အခြားနိုင်ငံများ၏ ထောက်ခံမှုဖြင့် ကုလသမဂ္ဂ လူ့ အခွင့် အရေးကောင်စီက အဆိုပါ ဆုံး ဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ နှင့် အိန္ဒိယ နိုင်ငံ တို့က ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်ခြင်း မပြုခဲ့ကြပါ။
နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်သည့် လွတ်လပ်သော အကြံပေးကော်မရှင်၏ အကြံပြုမှုများကိုသာ လက်ခံသွားမည် ဖြစ်ကြောင်းပြောသည်။ အခြားသော လုပ်ရပ်များက အသိုင်းအဝိုင်းများကို ကွဲပြားသွားစေလိမ့်မည်ဟု သူကပြောသော်လည်း အသေးစိတ် ထပ်မံပြောဆိုခဲ့ခြင်း မရှိပါ။
အောက်တိုဘာလမှ စ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြသော ရိုဟင်ဂျာ ၇၅၀၀၀ အနက်မှ ၂၂၀ ကို တွေ့ဆုံမေးမြန်း ချက်များ အပေါ်အခြေခံ၍ ပြီးခဲ့သည့်လတွင် ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ မြန်မာ လုံခြုံရေးတပ်ဖွဲ့များက စစ်ဆင်ရေးဆောင်ရွက်ရာတွင် မွတ်ဆလင်များကို အစုအပြုလိုက်သတ်ဖြတ်ခြင်း နှင့် အုပ်စုဖွဲ့ မုဒိန်းကျင့်ခြင်း များ ကျူးလွန်ခဲ့ခြင်းသည် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုနှင့် များစွာ အလားတူပြီး လူမျိုးဖြုတ် သတ်ဖြတ်မှုပင် ဖြစ်ဖွယ်ရာ ရှိသည်ဟု ဖော်ပြခဲ့သည်။
အဖွဲ့ဝင် ၄၇ ဦးပါဝင်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို တက်ကြွလှုပ်ရှားသူများက မှတ်တမ်းတင်ရလောက်သည့် ဆုံးဖြတ်ချက်အဖြစ် ကြိုဆိုခဲ့ကြပြီး မြန်မာ အစိုးရကို ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း ခဲ့ကြသည်။