အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသက်တမ်း တနှစ်အတွင်း မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် အခြေအနေကို ထပ်မံတိုးတက်လာအောင် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း ပြည်တွင်းစာနယ်ဇင်းလွတ်လပ်ခွင့် လိုလားသူများနှင့် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများက ပြောကြားလိုက်သည်။
၂၀၁၇ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ မတိုင်မီ တရက်အလို မေလ ၂ ရက်နေ့တွင် PEN Myanmar က ဦးဆောင်ကာ နိုင်ငံရေးအကျဉ်းသားများ ထောက်ပံ့ကူညီပေးရေးအဖွဲ့အစည်း (AAPP)၊ Myanmar IT for Development Organization (MIDO), Myanmar Journalists Association, ရန်ကုန်သတင်းစာပညာ သင်တန်းကျောင်း (YJS) ၊ တိုင်းရင်းသားသတင်းမီဒီယာကွန်ရက် (BNI)၊ မြန်မာသတင်းစာနယ်ဇင်းကွန်ရက် (MJN) နှင့် Article 19 စသည့် ပြည်တွင်းအဖွဲ့အစည်း ၁၄ ခုတို့က NLD အစိုးရ၏ ဦးဆောင်မှု တနှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့် အခြေအနေနှင့် ပတ်သက်ပြီး အကဲဖြတ် အစီရင်ခံစာ တစောင်ကို ထုတ်ပြန်ခဲ့ရာတွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
လေ့လာသုံးသပ်ခဲ့သည့် အဖွဲ့များသည် မြန်မာနိုင်ငံ၏ လွတ်လပ်စွာရေးသား ထုတ်ဖေါ်ပြောဆိုခွင့် အခြေအနေကို ဥပဒေနှင့်လုပ်ထုံးလုပ်နည်း၊ သတင်းမီဒီယာအမှီအခိုကင်းမှုနှင့်လွတ်လပ်မှု၊ ဒစ်ဂျစ်တယ်လွတ်လပ်မှု၊ လွတ်လပ်စွာ စုဝေးခွင့်၊ ပြောဆိုခွင့်နှင့် ထင်မြင်ယူဆခွင့်၊ သတင်းအချက်အလက် ရပိုင်ခွင့်နှင့် လုံခြုံရေးနှင့် အကာအကွယ်ရှိခြင်း စသည့် နယ်ပယ် ၆ ခု၏ တိုးတက်ဆုတ်ယုတ်မှုများအပေါ် မူတည်ကာ အကဲဖြတ်ခဲ့ခြင်း ဖြစ်သည်။ နယ်ပယ်တခုချင်းစီ အတွက် တိုးတက်မှု အကောင်းဆုံးဖြစ်လျှင် ၁၀ မှတ်ပေးပြီး ဆုတ်ယုတ်သွားလျှင် သုည ပေးကာ သုံးသပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အစီရင်ခံစာအရ NLD အစိုးရသည် အဆိုပါ နယ်ပယ် ၆ ခုအတွက် စုစုပေါင်း အမှတ် ၆၀ တွင် ၈ မှတ်သာရပြီး နယ်ပယ်တခုစီ အတွက် ပျှမ်းမျှ ၁ ဒသမ ၃ မှတ်သာရသဖြင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် အခြေအနေမှာ “ပြောင်းလဲမှု မရှိ” နှင့် “မဆိုစလောက် ကောင်းမွန်လာသည်” ဟူသည့် အဆင့် ၂ ခုကြားတွင်သာ ရှိနေကြောင်း တွေ့ရသည်။
ဆယ်စုနှစ်များစွာ အမြစ်တွယ်နေခဲ့သည့် ဖိနှိပ်ချုပ်ချယ်မှုများကို ပြောင်းလဲပစ်ရန် စိန်ခေါ်မှုများ ရှိနေသည်ကို သဘောပေါက်နားလည်သော်လည်း အစိုးရသစ်သည် အချို့နယ်ပယ်များတွင် ပြောင်းလဲမှုပြုလုပ်ရန် မဆိုထားနှင့် ပြောင်းလဲရန် တိကျသေချာသော စီမံချက်များ ချထားခြင်းပင် မရှိသေးကြောင်း သုံးသပ်အစီရင်ခံစာက ထောက်ပြထားသည်။
အကဲဖြတ်ရာတွင် NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ရှေ့ပြေး ၆ လ ၏ ကနဦး တွေ့ရှိချက်များကို ယခု တနှစ်တာအခြေအနေနှင့် နှိုင်းယှဉ် ကြည့်ရှုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
နယ်ပယ် ၆ ခုလုံးအတွက် အကြံပြုချက်ပေါင်း ၂၅ ချက်ကိုလည်း ထည့်သွင်းဖော်ပြထားရာ ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်အတွက် ၂၀၁၃ ခုနှစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကိုဖျက်သိမ်းပေးရေးနှင့် မီဒီယာအမှီအခိုကင်းခြင်းနှင့်လွတ်လပ်မှုအတွက် အစိုးရပိုင်မီဒီယာများကို အစိုးရအာဘော်မီဒီယာအဖြစ်မှ မည်သည့်အချိန်တွင် မည်သို့ ပြောင်းလဲပေးမည်ကို တိကျရှင်းလင်းသော အစီအစဉ်နှင့်တကွ ထုတ်ပြန်ပေးရန် စသည်တို့ ပါဝင်သည်။
NLD အစိုးရလက်ထက်တွင် နိုင်ငံပိုင်သတင်းစာနှင့် ရုပ်သံလွှင့်လုပ်ငန်းများသည် အများပြည်သူဝန်ဆောင်မှုထက် အစိုးရဝါဒဖြန့်မီဒီယာများအဖြစ် ယခင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မူဝါဒအဟောင်းများအတိုင်းသာ ဆက်လက်ထိန်းသိမ်းထားကြောင်း PEN Myanmar ၏ ဥက္ကဌ ဦးမျိုးမြင့်ငြိမ်းက အကဲဖြတ်အစီရင်ခံစာ ထုတ်ပြန်သော အခမ်းအနားတွင် ပြောဆိုခဲ့သည်။
ယခင်အစိုးရလက်ထက်များက ရှိခဲ့သည့် သတင်းအမှောင်ချမှု ပြဿနာများ၏ ဆိုးမွေကို ယနေ့ခေတ်တွင် ဆက်လက်မြင်တွေ့နေရသေးသဖြင့် အများပြည်သူဆိုင်ရာ ကဏ္ဍများအားလုံးတွင် သိသင့်သိထိုက်သော သတင်းအချက်အလက်များကို လွယ်ကူစွာသိရှိနိုင်စေရန် သတင်းအချက်အလက်ရယူပိုင်ခွင့်ကို အာမခံသော ဥပဒေတရပ် အလျင်အမြန် ပြဌာန်းပေးရန် လိုအပ်ကြောင်းလည်း ဦးမျိုးမြင့်ငြိမ်းက ထောက်ပြသည်။
“ဒီအစိုးရဌာနတွေမှာရှိတဲ့ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်များက (သတင်းထောက်များ၏ မေးခွန်းများကို) ဘယ်လို ပြန်ကြားရမယ်၊ ဘယ်လိုဖြေကြားရမလဲ၊ ဘယ်လိုအတည်ပြုပေးရမလဲဆိုတာ မသိတာလည်း ပါတယ်။ တချို့က ကြောက်လို့၊ တချို့ကျတော့ ဒီအလုပ်ကို လုပ်စရာမလိုဘူးလို့ ထင်ကြတယ်။ တချို့ကျတော့ မလုပ်တတ်လိုု့” ဟု ဦးမျိုးမြင့်ငြိမ်းက ပြောသည်။
တိုင်းရင်းသား သတင်း မီဒီယာကွန်ရက် (BNI) ၏ အကြံပေးတဦးဖြစ်သူ ဦးဇင်လင်းက ယခုသုံးသပ်ချက် အစီရင်ခံစာသည် အစိုးရသစ်ကို ဖိအားပေးနေခြင်း မဟုတ်၊ အပြစ်တင်နေခြင်း မဟုတ်ဘဲ အပြုသဘောနှင့် အကြံပြုခြင်းသာ ဖြစ်ပြီး ဒီချုပ်ပါတီသည် အစိုးရတာဝန်ကို ယူလိုက်ပြီ ဖြစ်သဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရှိနှင့် အပြောင်းအလဲ ဖော်ဆောင်သင့်သော ကဏ္ဍများကို ပြောင်းလဲသင့်ပြီ ဖြစ်ကြောင်း ပြောသည်။
မကြာသေးမီက ထုတ်ပြန်ခဲ့သည့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ ၂၀၁၇ ကမ္ဘာတဝှမ်း သတင်း လွတ်လပ်ခွင့် အစီရင်ခံစာ အရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၃၁ ရှိနေသည်။ အဆင့်၂၀၁၆ အညွှန်းကိန်းထက် ၁၂ ဆင့် မြင့်တက်လာသော်လည်း ရရှိသည့် အမှတ် ၃ ဒသမ ၆၆ မှတ် ကျဆင်းသွားခဲ့ကြောင်း တွေ့ရသည်။
မြန်မာနိုင်ငံတွင် သတင်းမီဒီယာသမားများသည် တပ်မတော်၊ အစိုးရအရာရှိများနှင့် ပတ်သက်သည့် အရေးအသားများ တွင် self-censor (မိမိဘာသာ ကြိုတင်ဆင်ဆာဖြတ်တောက်ခြင်းများ) ပြုလုပ်ကာ တရားစွဲဆိုခံရနိုင်ခြေများကို ရှောင်ရှား နေရကြောင်း RSF ၏ အစီရင်ခံစာက ဆိုသည်။