ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၌ အစိုးရ တပ်မတော်နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ အကြား မေလ ၂ ရက်နေ့တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဒေသခံ ၁ ဦး သေဆုံးခဲ့ကာ ၃ ဦးမှာ အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
တိုက်ပွဲအကြား ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်မှုကြောင့် နမ့်ခမ်းမြို့နယ်၊ နမ့်ဟွာကျေးရွာမှ အသက် ၈၀ အရွယ် ဒေါ်အမ် (ခ) ယားလိုင် ဆိုသူ သေဆုံးခဲ့ပြီး နမ့်ခမ်းမြို့နယ်၊ မန်လုံရွာမှ ဒေသခံ ၃ ဦး လက်နက်ထိမှန် ဒဏ်ရာ ရရှိသဖြင့် နမ့်ခမ်း ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေးဝါးကုသမှု ခံယူနေရကြောင်း ဒေသခံ ဦးညီကျော်စိန် က ဧရာဝတီ ကို ပြောသည်။
ဦးညီကျော်စိန် က “ကျည်ဆံထိမှန်တာကတော့ ၇ ယောက်ပါ၊ ၃ ယောက်က ဒဏ်ရာ ပြင်းထန်တဲ့အတွက် နမ့်ခမ်းပြည် သူ့ဆေးရုံမှာပဲ အတွင်းလူနာ အဖြစ်တင်ထားရတုန်းပါ၊ စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ပါဘူး” ဟု ဆိုသည်။
မစိုးရိမ်ရ ဒဏ်ရာရရှိသူများမှာ နမ့်ခမ်းမြို့နယ် ကောင်းခေကျေးရွာမှ အသက် ၄၈ နှစ်အရွယ် ဒေါ်အိုင်ထာ၊ အသက် ၁၃ နှစ် အရွယ် မအိုင်သန်းဌေး၊ ၁၇ နှစ်အရွယ် မအီရွှေဦးတို့ ဖြစ်ပြီး လက်ဖက်ခြံ၌ လက်ဖက်ခူး နေကြစဉ် ကျည် ထိမှန်ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုရက်ပိုင်း အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာရသူများ ရှိသည့်အပြင် ကောင်းခေကျေးရွာနှင့် နမ့် ဟွာ ကျေးရွာတို့မှ ရာချီသည့် ဒေသခံများသည် နီးစပ်ကျေးရွာများနှင့်နမ့်ခမ်းမြို့ပေါ်သို့ ထွက်ပြေးနေကြရကြောင်း ပလောင် (တအာင်း) အမျိုးသမီးများ အဖွဲ့ (WTO) ၏ ပြောခွင့်ရသူ မလွေးပိုးကျိန်ကီ က ဧရာဝတီ ကို ပြောသည်။
၎င်းက “မနေ့ကဆိုရင် အဲဒီရွာတွေဘက်မှာ လေယာဉ်တွေနဲ့ပစ်ခတ်တာ တချို့ရှိတော့ ဒေသခံတွေက ကြောက်လန့်ပြီး ထွက်ပြေးကြတယ်၊ ပစ်ခတ်မှုတွေကြောင့် အသက် ၈၀ ရှိတဲ့ အဘွားတယောက် ကျည်ထိပြီး သေသွားတယ်၊ တခြားသူ တွေ ကတော့ ဒဏ်ရာ ရတာလောက်ပါ” ဟု ဆိုသည်။
တိုက်ပွဲများကြောင့် ဆွေမျိုးများထံတွင် ခိုလှုံနေကြရကြောင်း၊ နမ့်ခမ်းမြို့နယ်တွင် ဒုက္ခသည် စခန်းဟူ၍ သီးသန့် မရှိကြောင်း WTO အဖွဲ့က ပြောသည်။
TNLA နှင့် တပ်မတော်တို့ အကြား ယခုရက်ပိုင်းတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး၊ ပြင်းထန်သည့် တိုက်ပွဲကြီးများ ဖြစ်ကြောင်း TNLA ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ထားသည်။