မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် မိုးနည်းသွားပြီးနောက် လာမည့် ရက်ပိုင်းအတွင်း နေ့အပူချိန်များ ဆက်လက်မြင့်တက်ဦးမည့် အခြေအနေရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။
“မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေမှာ မိုးနည်းနည်းလေး ပြတ်သွားတော့ နည်းနည်းပူလာတဲ့ အနေအထားပါ။ ဒီရက်ပိုင်းတွေကတော့ အပူချိန်မြင့်နေဦးမှာပေါ့ မိုးရွာလိုက်ပြီဆိုရင်တော့ အပူချိန်ပြန်ကျသွားမယ်။ နောက် ၂ ရက် ၃ ရက်ထိ ပူနေဦးမယ်။ နောက် ၄၊ ၅ရက်ဆိုရင် မိုးရနိုင်မယ့် အနေအထားလေးတွေ ရှိတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသလောက်မှာဆိုရင် မေလ ၇ ရက် ၈ ရက်လောက်မှာ မိုးရွာနိုင်တယ်” ဟု ၎င်းက ဆိုသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေလ ၃ ရက်နေ့ မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၅ ဒီဂရီစင်တီဂရိတ်၊ ဘော်လခဲမြို့တွင် ၄၂ ဒီဂရီ စင်တီဂရိတ်၊ မုံရွာမြို့၊ ဂန့်ဂေါမြို့နှင့် ကြေးမုံမြို့တို့တွင် ၄၁ ဒီဂရီစင်တီဂရိတ် အထိ ဖြစ်ပေါ်နေကြောင်း သိရသည်။
နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီ စင်တီဂရိတ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့် ကယားပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ် ထိပိုများခဲ့ကြောင်း သိရသည်။
မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် တောင်ပိုင်း ဒေသများတွင် အပူချိန်မြင့်တက်မှုကြောင့် Heat Stroke ရတတ်ကြောင်း၊ လေထုထဲတွင် ရေငွေ့ပါဝင်မှု များပြားပြီး အပူချိန်မြင့်တက်နေသည့်နေ့များတွင် Heat Index သို့မဟုတ် Feel Temperature မြင့်တက်မှု ကြောင့် ခန္ဒာကိုယ် ခံစားရသည့် အပူချိန် 54 ဒီဂရီ စင်တီဂရိတ် ကျော်လွန်ပါက Heat Stroke ရတတ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ပြောသည်။
“ဒီလိုအချိန် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသ နဲ့ တောင်ပိုင်းဒေသတွေ အဆိုးဆုံးပဲ။ အသက်အရွယ်ကြီးရင့်သူ၊ ကလေးသူငယ် နဲ့ ရောဂါအခံရှိသူများ အဖြစ်များပါတယ်။အထူးသဖြင့် ညနေပိုင်းတွေကို သတိထားနေထိုင်ပါ”ဟု ၎င်းက ဆိုသည်။
နွေရာသီလ အစပိုင်းများ ကတည်းက အပူကြောင့် ရောက်ရှိလာမည့် လူနာများအတွက် ဆေးရုံကြီးတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသော်လည်း ယနေ့အချိန်အထိ အဆိုပါ အပူဒဏ်ကြောင့် ရရှိလာသည့် လူနာမရှိကြောင်းကို ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိင်္ဂီမြင့်က ပြောသည်။
“အပူဆိုတော့လေ ကျမတို့ မတ်လကတည်းက Heat Stroke ပေါ့။ အပူချိန်အရမ်းမြင့်တက်ပြီး ရောက်လာတဲ့ လူနာတွေ ထားဖို့အတွက် ကျမတို့အခန်း တခန်းပြင်ထားတယ်။ ဆေးဝါးကိရိယာအစုံပေါ့။ အဲကွန်းတွေ ပန်ကာတွေ အပြည့်အစုံနဲ့ပါ။ ဒါပေမယ့် လောလောဆယ်တော့ အဲဒီလောက်ဖြစ်တဲ့လူနာတွေ တယောက်မှ မရှိသေးဘူး။” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့်နှစ် ဧပြီလနှင့် မေလတို့တွင် အပူချိန်မြင့်တက်ခဲ့မှုများရှိရာ ချောက်မြို့နယ်တွင် စံချိန်တင် ၄၆ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မုန်တိုင်းမိုးကြောင့် အပူအနည်းငယ် သက်သာခဲ့ ကြောင်း သိရသည်။