နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ပ ခရီးစဉ်များ သွားရောက်နေစဉ် ပြည်တွင်း၌ နိုင်ငံရေး မတည်မငြိမ် ဖြစ်အောင် လူမှုကွန်ရက်များတွင် သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေသူများကို အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုုပ် (NLD) က တရားစွဲဆိုမည် ဖြစ်ကြောင်း သတင်းရရှိသည်။
NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က “အခုလွှင့်နေတဲ့ သတင်းတွေက တခုမှ မဟုတ်ဘူး။ အဲဒီသတင်းတွေကို Print out လုပ်ထားပြီး မနေ့က ပြည်ထဲရေးဝန်ကြီး ဦးကျော်ဆွေကို တယ်လီဖုန်းနဲ့ သတင်းပို့လိုက်တယ်။ ပို့တဲ့အခါမှာ စီအိုင်ဒီက ရဲမှူးကြီး တယောက် လွှတ်လိုက်တယ်။ အဲဒီရဲမှူးကြီးကို ဖော်ထုတ်ပေးပါ။ ရလို့ရှိရင် တရားဥပဒေအရ အရေးယူမယ်လို့ ပြောလိုက်တယ်”ဟု ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ သတင်းထောက်များကို ပြောသည်။
အွန်လိုင်းစာမျက်နှာများဖြစ်သည့် NLD Central News ၊ NLD သတင်း သီးသန့် စသည့် Facebook Page များမှ ဦးထင်ကျော်က ကျန်းမာရေးကြောင့် အနားယူခြင်းကို ဦးဝင်းထိန်က လက်ခံလိုက်ခြင်း၊ ဦးထင်ကျော် နေရာတွင် သူရဦးရွှေမန်းကို အစားထိုးရန် ဒေါ်အောင်ဆန်းစုကြည် ပြန်မလာသေး၍ စောင့်နေရခြင်းနှင့် နှင်းဆီစံအိမ်တွင် လုပ်သည့် NLD ဗဟို အလုပ်အမှုဆောင် အစည်းအဝေးသို့ သူရဦးရွှေမန်း တက်ရောက်ဆိုသည့် ကောလာဟလ သတင်းများကို သတင်းမှန်သယောင်ပုံစံဖြင့် တင်ပြခဲ့ခြင်း ဖြစ်ကြောင်း NLD ပါတီက ပြောသည်။
“အဲဒါကတော့ လွန်လွန်းသွားပြီ။ နှင်းဆီစံအိမ်က ဒေါ်အောင်ဆန်းစုကြည် မနေတာ တနှစ်လောက်ရှိသွားပြီ။ သမ္မတရုံး ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးကို ကျနော်ကနေ သတိပေးတဲ့စာ ထုတ်မယ်ဆိုတဲ့ကိစ္စ ဖေ့ဘုတ်စ်မှာ တက်လာပြီးတော့ အားလုံးက ကျနော် မဟုတ်ဘူး။ အဲလို လုပ်တဲ့သူတွေကို ကျနော်ဖော်ထုတ်မယ်”ဟု ဦးဝင်းထိန်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံတွင် မရှိခိုက် ကြားကာလတွင် နိုင်ငံရေး မတည်ငြိမ်အောင် ကြိုးစားနေခြင်း ဖြစ်သည်ဟု NLD က ကောက်ချက်ချနေသည်။
ယခုကဲ့သို့ သတင်းမှားများကို မည်သူ၊ မည်သည့်အဖွဲ့များကို သံသယ ရှိပါသလဲဟု ဧရာဝတီက မေးမြန်းရာ “ဘယ်သူတွေကို သံသယရှိလဲ ဆိုတာ ပြောရခက်တယ်။ ဘာကြောင့်လဲဆိုတော့ ကြားနေရတာတွေက အများကြီး။ ကြံ့ခိုင်ရေးကပဲ လုပ်သလား။ တချို့ တပ်မတော် အဖွဲ့ အစည်းတွေကပဲ လုပ်သလား။ ကျနော်တို့ကို မလိုလားတဲ့ အိုင်တီမှာ ကျွမ်းကျင်တဲ့ သူတွေကပဲ လုပ်သလား။ မှန်းဆရခက် တယ်” ဟု ၎င်းက ရှင်းပြသည်။
၎င်းကို အဓိကထား တိုက်ခိုက်ခြင်းမှာ NLD ပါတီနှင့် အစိုးရအဖွဲ့တွင် တာဝန်ပေးချက်အရ ခေါင်းခံဆောင်ရွက်နေခြင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် အဆင်မပြေဖြစ်အောင် သွေးထိုးခြင်းလည်း ဖြစ်နိုင်ကြောင်းလည်း ပြောသည်။
“အခုတခေါက်က စီမံချက်ရှိရှိနဲ့ အဖွဲ့အစည်းနဲ့ လုပ်တာဖြစ်တဲ့အတွက် လိုအပ်ရင် ကျနော်ကိုယ်တိုင် တရားစွဲမယ်။ မလိုအပ်ရင် ပါတီက တာဝန်နည်းတဲ့ သူတယောက်ကို တာဝန်ပေးမယ်”ဟု ဦးဝင်းထိန်က ပြောသည်။
၂၀၁၆ ခုနှစ် စက်တင်ဘာလတွင်းကလည်း NLD ပါတီ တံဆိပ် အသုံးပြု၍ ဦးဝင်းထိန်ကို အနားယူခွင့်ပြုလိုက်ကြောင်း ကြေညာချက် အတု ပြုလုပ်သူကို တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သေးသည်။