သတင်း

UWSA ဦးဆောင်ကော်မတီနှင့် တွေ့ဆုံရန် ငြိမ်းချမ်းရေးကော်မရှင် ပြင်ဆင်

Want create site? Find Free WordPress Themes and plugins.

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်း ဆွေးနွေးနိုင်ရေးအတွက် UWSA ထိန်းချုပ်ရာပန်ခမ်း ထိပ်သီး အစည်းအဝေးမှ ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီနှင့် တွေ့ဆုံရန် ငြိမ်းချမ်းရေးကော်မရှင် အတွင်း ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု သတင်းရရှိသည်။

ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးအောင်ကြည်က “ကျနော်တို့လည်း ဆက်သွယ်နိုင်ဖို့အတွက် ကြိုးစားနေပါတယ် ။ တတ်နိုင်သမျှ စောစောတွေ့နိုင်လေ ကောင်းလေပေါ့နော်။ အဲဒီအနေအထားပါ။ လက်ရှိတော့ ဆွေးနွေးနေဆဲပါ” ဟု ဧရာဝတီကို ပြောသည်။

ပန်ခမ်းထိပ်သီးအစည်းအဝေးမှ ဖွဲ့ထားသည့် “ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ”ကို ငြိမ်းချမ်းရေး ကော်မရှင်က တွေ့ဆုံမည်ဖြစ်ပြီး မည်သည့် ပုံစံမျိုးဖြင့် တွေ့ဆုံရမည် ဆိုသည့်အပေါ် စဉ်းစားနေခြင်း ဖြစ်သည်ဟု သိရသည်။

ဦးအောင်ကြည်က “ကျနော်တို့ စဉ်းစားနေတာတွေ ရှိပါတယ်။ လက်ခံသင့်၊ လက်မခံသင့်ဆိုတဲ့ အခြေအနေရော ပေါ့လေ။ အကျိုးအပြစ် ပေါ့နော်။ ဒါတွေ အားလုံး ထည့်သွင်းစဉ်းစားပါတယ်။ တခြား ဘာမှ ကန့်သတ် ထားချက်တွေ မရှိပဲ တွေ့ဆုံမှုမျိုးလည်း စဉ်းစားပါတယ်”ဟု ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင် အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်နေခြင်းကြောင့် မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိုတော့ တွေ့ဆုံစကားပြောပြီး မည်သည့်အဖွဲ့ကိုတော့ မတွေ့ပါ ဟူသည့် သဘောမျိုး မထား ရှိကြောင်း၊ တွေ့ဆုံမည် ဖြစ်ကြောင်းလည်း ဦးအောင်ကြည်က ပြောသည်။

“ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ”တွင် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ် တကြောတွင် အခြေစိုက်ကြသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ပါဝင်ပြီး ဧပြီလအတွင်း ကျင်းပသည့် စတုတ္ထ အကြိမ် ပန်ခမ်းထိပ်သီးအစည်းအဝေးတွင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ကော်မတီတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၊ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်- မိုင်းလားအဖွဲ့ (NDAA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ရှမ်းပြည် တိုးတတ်ရေး ပါတီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSPP/SSA) ၊ မြန်မာအမျိုးသားဒီမိုကရေစိမဟာမိတ်တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA) ၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့မှ ကိုယ်စားလှယ်များ ပါဝင်သည်။

ထိုကော်မတီက သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှ စတင် ဆောင်ရွက်ခဲ့သည့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ကို လက်မခံပဲ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် ၊ လွှတ်တော်အဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်များထိုးပြီး ၎င်းတို့ ရေးသားထားသည့် အထွေထွေမူဝါဒ၊ ရပ်တည်ချက်များ ပါဝင်သည့် နိုင်ငံရေးစာတမ်းတစောင်ကို အစိုးရနှင့် ဆွေးနွေးလိုခြင်း ဖြစ်သည်။

သို့သော် ကော်မတီတွင်း ပါဝင်နေသည့် မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်- ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့မှာ နိုင်ငံရေးရည်မှန်းချက်ဖြင့် ပေါ်ပေါက်လာသည့် အဖွဲ့အစည်းများ မဟုတ်ပဲ ဒီမိုကရေစီ အစိုးရ လက်ထက်မှ အစိုးရကို တိုက်ခိုက်ပြီး ပေါ်ပေါက်လာသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် မရှိကြောင်း တပ်မတော်က ပြောဆိုထားသည်။

ထို့ပြင် တပ်မတော်နှင့် အစိုးရတို့က ထို ၃ဖွဲ့ အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လိုလျှင် လက်နက်ကိုင် လမ်းစဉ်များကို စွန့်လွှတ်ရမည်ဟူ၍လည်း ပြောဆိုထားပြီး ၃ ဖွဲ့ကမူ လက်ခံခြင်းမရှိပဲ ၎င်းတို့ မဟာမိတ် UWSA ဦးဆောင်ဖွဲ့စည်းသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီတွင်း ပါဝင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် ပြင်ဆင်လျက် ရှိသည်။

ဦးအောင်ကြည်က ၃ ဖွဲ့နှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် သဘောထားမှတ်ချက်များကို သီးသန့် ပြောဆိုနေသော် လည်း ထိုသဘောထားကို ညွှန်ကြားချက်များအဖြစ် ငြိမ်းချမ်းရေးကော်မရှင်ထံ လာပေးခြင်း၊ ပြောဆိုခြင်းများ မရှိဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရေးများတွင် ကော်မရှင်က လွတ်လပ်စွာ ဆွေးနွေးဆုံးဖြတ်ပြီး ဆောင်ရွက်နေကြောင်း ပြောသည်။

“ကျနော်တို့ အဖွဲ့အနေနဲ့ ဖြစ်သင့်ဖြစ်အပ်တဲ့ လုပ်ငန်းကို ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် ဆွေးနွေး စဉ်းစားနေတဲ့ အနေအထားဖြစ်ပါတယ်။ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုတော့ တွေ့ပါ။ ဘယ်သူ့ကို တော့ မတွေ့ပါနဲ့လို့ ကွဲပြားခြားနားစွာ ညွှန်ကြားထားတာမျိုးတွေလည်း မရှိပါဘူး”ဟု ဦးအောင်ကြည်က ရှင်းပြသည်။

လက်ရှိတွင် “ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ”ကလည်း အစိုးရဘက်မှ အကြောင်းပြန်ကြား မည့် သတင်းကို စောင့်နေဆဲ ဖြစ်ကြောင်း သိရသည်။

TNLA ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တားဂျုတ်ဂျားက “ကျနော်တို့ဘက်ကတော့ ဘာမှလည်း ပြောသံမကြားသေးပါဘူး” ဟု ဆိုသည်။

ကော်မတီက ဧပြီလ ၁၉ ရက်၊ စတုတ္ထအကြိမ် ပန်ခမ်းထိပ်သီး အစည်းအဝေး အပြီးတွင် ၎င်းတို့အကြား ဘုံစာတမ်း အဖြစ် သဘောတူညီထားသည့် “နိုင်ငံရေးဆွေးနွေးမှုအပေါ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ အထွေထွေမူဝါဒနှင့် ရပ်တည်ချက်”ပါ အချက်များကို အစိုးရနှင့် ညှိနှိုင်း လိုခြင်း ဖြစ်သည်။

ထိုစာတမ်းထဲတွင် တိုင်းရင်းသားပြည်နယ်များ ရပိုင်ခွင့်၊ လူမျိုးစုငယ်များ ရပိုင်ခွင့်၊ တန်းတူညီမျှရေး ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်ထောင်စုသမ္မတ တာဝန်ထမ်းဆောင်သူ အရည်အချင်း နှင့် လွှတ်တော် အမတ် ရွေးချယ်ရေး ဥပဒေတို့ကို ပြင်ဆင်ရေး ၊ တပ်မတော်ကို ပြည်ထောင်စု အစိုးရ အုပ်ချုပ်မှုအောက်တွင် ထားရှိရေး အပါအဝင် တိုင်းရင်းသားတပ်ဖွဲ့များကို ပြည်နယ်များတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ် ရေးသားထားသည်။

ကော်မတီက အစိုးရနှင့် ဆွေးနွေးရေးများ ပြုလုပ်ရာတွင် တဖွဲ့ချင်း ဖိတ်ခေါ်မှုကို လက်မခံပဲ ကော်မတီအောက် တွင်သာ တစုတစည်းတည်း ဆွေးနွေးလိုသည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading