ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ တရားခံဟု သတ်မှတ်ပြီး သေဒဏ်ပေးခံထားရသော မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် ထိုင်းဘုရင်မင်းမြတ် မဟာဝိဇယ လောင်ကွန်း ထံ မြန်မာ အကြားအမြင် ဆရာမ အီးတီ ခေါ် ဒေါ်ဆွေဆွေဝင်း က မေတ္တာရပ်ခံလိုက်ကြောင်း သိရသည်။
လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ် ပေးခံထားရသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့၏ အမှုကို သက်ညှာစွာ စဉ်းစား ဆုံးဖြတ် ပေးရန် အတွက် ထိုင်းဘုရင်မင်းမြတ်ထံ ပေးပို့လိုသော မေတ္တာရပ်ခံစာကို အကြားအမြင်ဆရာမ အီးတီ ကိုယ်တိုင် မေလ ၃ ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံရုံးသို့ သွားရောက်၍ ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ မေတ္တာ ရပ်ခံစာထဲတွင် “ပြည့်ရှင်မင်းမြတ် အနေဖြင့်လည်း ၃ နှစ်တာ ကြာမြင့်လာပြီဖြစ်သော ခိုတောင် လိပ်ကျွန်း လူသတ်မှုကို အရှင်မင်းကြီး နန်းတက်သည့် အချိန်ကာလတွင် အချိန်အခါမီ သက်ညှာစွာအဆုံးသတ်ပေးနိုင်ပြီး လူသတ် တရားခံဟု စွပ်စွဲ ခံရသူ မြန်မာ ရွှေ့ပြောင်း အလုပ်သမား နှစ်ဦးကို အမှုမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်မည်ဟု ကျမအနေဖြင့် ယုံကြည် ခံစားမိပါသည်” ဟု ပါရှိသည်။
ဆရာမ အီးတီ ၏ မေတ္တာ ရပ်ခံစာတွင် မဟာဝိဇယ လောင်ကွန်း နန်းတက် ကာလအတွင်း လူသတ်တရားခံဟု စွပ်စွဲပြီး သေဒဏ် ပေးခံထားရသော မြန်မာနိုင်ငံသား နှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလျှင် ဘုရင်မင်းမြတ်၏ သဘောထားကြီးမှုကို အာစီယံ အဖွဲ့ဝင်နိုင်ငံများ အလယ်၌ သမိုင်းတွင် ကျန်ရစ်စေမည် ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ၏ စစ်ဗိုလ်ချုပ် အသိုင်းအဝိုင်းနှင့် နိုင်ငံရေး အသိုင်းအဝိုင်း အကြားတွင် ယုံကြည် အားထားရသူ ဟုလည်း နာမည်ထင်ပေါ်သူ ဆရာမ အီးတီသည် ထိုင်းနိုင်ငံရေး ရှေးဖြစ်ဟောကြားမှုများနှင့် ပတ်သက်၍ ထိုင်းသတင်း မီဒီယာများမှတဆင့် ထိုင်းလူထု အကြား ထင်ရှားသည်။
ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ယုံကြည်အားထားရသူ ဖြစ်ခဲ့သည့် ရှေးဖြစ်ဟော အကြားအမြင် ဆရာမ အီးတီသည် ဝန်ကြီးချုပ်ဟောင်း “သက်ဆင် ပြည်ပခရီးစဉ်သွားခိုက် အာဏာသိမ်းခံရမည်”၊ “ထိုင်းနိုင်ငံတွင် နိုင်ငံရေး တင်းမာမှုများဖြစ်ကာ သွေးထွက်သံယိုများဖြစ်မည်” စသည့် ကြိုတင်ဟောကိန်းများ မှန်ကန်ထားမှုကြောင့် ထိုင်းလူထု အကြား ပိုမိုထင်ရှားခဲ့သူဖြစ်သည်။
လိပ်ကျွန်းအမှုနှင့် ပတ်သက်ပြီး ဆရာမ အီးတီ ၏ ထိုင်းဘုရင်မင်းမြတ်ထံ မေတ္တာ ရပ်ခံစာပေးပို့မှုအပေါ် ကြိုဆိုကြောင်း ထိုင်းတောင်ပိုင်း အခြေ စိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)၏ ဒါရိုက်တာလည်းဖြစ် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ၏ လိပ်ကျွန်းအမှု အထူးစုံစမ်းရေးအဖွဲ့ (၃) ၏ တာဝန်ခံလည်း ဖြစ်သည့် ဦးထူးချစ်က ပြောသည်။
ဦးထူးချစ် က “ထိုင်းနိုင်ငံ အစိုးရအဖွဲ့ အဆက်ဆက်ရော၊ ထိုင်းစစ်တပ်ကရော လေးစားတဲ့ ဆရာမ တယောက်ဖြစ်နေတယ်။ သူ့ရဲ့ ရိုးရိုးသားသား မေတ္တာ ရပ်ခံချက်ပါပဲ။ ဒီမေတ္တာ ရပ်ခံချက်က ဘာပဲပြောပြော လိပ်ကျွန်းအမှုနဲ့ ပတ်သက်ပြီးတော့ အဓိက အားဖြင့်တော့ ထိုင်းဘုရင် မိသားစုဝင်တွေက အစ ပါဝင်ပြီးတော့ ကူညီဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်။ အခု သူပို့တာကလည်း ဘုရင်ကိုပို့တာ” ဟု ဧရာဝတီသို့ ပြောသည်။
လိပ်ကျွန်းတွင်ဗြိတိသျှ နိုင်ငံသားနှစ်ဦးအား သတ်ဖြတ်မှုဖြင့် သေဒဏ်ပေးထားသော မြန်မာနိုင်ငံသားနှစ်ဦး၏ အမှုကို အယူခံ တင်ထားခြင်းအား ယခုနှစ် ဖေဖော်ဝါရီ လထဲတွင် အယူခံတရားရုံးက ပယ်ချခဲ့သဖြင့် မြန်မာနိုင်ငံသား နှစ်ဦးဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသည့် ထိုင်းရှေ့နေများ ကောင်စီ က ဗဟိုတရားရုံးထံသို့ အယူခံဝင်ရန် ရက်တိုးတောင်းထားကြောင်း သိရသည်။
“ထိုင်းအစိုးရ ကိုယ်တိုင်ကလည်း ဒေါ်အီးတီကို သွားသွားတွေ့ပြီးတော့ အကြားအမြင်မေးခဲ့တာတွေလည်း တကယ် ရှိခဲ့တယ်။ အခုလိုမျိုး အယူခံတင်တဲ့ အချိန်မှာ ဆရာမ အီးတီအနေနဲ့ ဘုရင်မင်းမြတ်ကို မေတ္တာရပ်ခံစာ ပို့တာက ကောင်းတဲ့ အချိန်ကာလ ဖြစ်တယ်။ ဒါကြောင့်မလို့ ကလေးတွေ အမှုအတွက် အများကြီးကောင်းမယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးထူးချစ် ကဆိုသည်။
ရှေ့ဖြစ်ဟော အကြားအမြင် ဆရာမ အီးတီ ၏ ထိုင်းဘုရင်မင်းမြတ်ထံ မေတ္တာရပ်ခံစာကို ရန်ကုန်မြို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံရုံး၏ သံအမတ်ကြီးက လက်ခံယူပေးခဲ့ပြီး ဘုရင်မင်းမြတ်ထံ ပို့ပေးမည်ဟု ကတိပေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ လက်ရှိဘုရင် မဟာဝိဇယ လောင်ကွန်းသည် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့က နတ်ရွာစံ သွားသော ထိုင်းဘုရင်ကြီး ဘူမိဘောအဒူလျာဒက်ဂျ် ၏ လစ်လပ်နေသည့် ထီးနန်းကို ဆက်ခံခဲ့သူဖြစ်သည်။