မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကုလားမတောင် သစ်တောကြိုးဝိုင်း ဧရိယာအတွင်းရှိ ကျောက်မိုင်းလုပ်ကွက်သစ်များကို ခွင့်ပြု တော့မည် မဟုတ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က ပြောသည်။
မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “ကုလားမတောင် ကြိုးဝိုင်းနဲ့ပတ်သက်ပြီး ကျောက်ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို လိုင်စင်အသစ် ချမပေးတော့ဘူး။ လက်ရှိ ကြိုးဝိုင်းထဲမှာ ထုတ်နေတဲ့ ကျောက်လုပ်ငန်းတွေကိုလည်း တဖြည်းဖြည်းနဲ့ လျှော့ချသွားမယ်” ဟု ဧရာဝတီကို ပြောသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၏ မွန်ပြည်နယ် ခရီးစဉ်အတွင်း မှာကြားချက်များကို ပြည်နယ်အစိုးရက ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် လက်ရှိလုပ်ကိုင်နေသည့် ကျောက်မိုင်းများကို ရပ်ဆိုင်းခြင်း မဟုတ်ဘဲ ကျောက်ထုတ်လုပ်မည့် လုပ်ငန်းအသစ်များ လိုင်စင်ချပေးမှုကို ရပ်ဆိုင်းခြင်း ဖြစ်သည်ဟု ဒေါက်တာမင်းကြည်ဝင်းက ရှင်းပြသည်။
ကုလားမတောင် ကြိုးဝိုင်းဧရိယာအတွင်း လက်ရှိလုပ်ကိုင်နေသည့် ကျောက်ထုတ်လုပ်ရေးလုပ်ကွက် ၆ ခု ရှိကြောင်း သိရသည်။ မွန်ပြည်နယ်အတွင်း လက်ရှိကျောက်ထုတ်လုပ်နေသည့် ကျောက်မိုင်းများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့် ညီမညီ အမြဲတမ်းစစ်ဆေးလျက်ရှိပြီး သတ်မှတ်စည်းကမ်းများ၊ စံချိန်စံညွှန်းများနှင့် မညီပါက ကျောက်မိုင်း ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဒေါက်တာမင်းကြည်ဝင်းက ဆက်ပြောသည်။
သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပြီး သစ်တောပြုန်းတီးစေသည့် ဘီးလင်းမြို့နယ်ရှိ ကေလာသ သဘာဝထိန်းသိမ်းရေး နယ်မြေအတွင်း ကျောက်ထုတ်လုပ်မှု လုပ်ငန်းများ ရပ်ဆိုင်းရန် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် ရက်စွဲဖြင့် ပြည်နယ်အစိုးရ အဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် လုပ်ငန်းများအားလုံး ရပ်ဆိုင်းထားကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
ထိုသို့ရပ်ဆိုင်းလိုက်မှုနှင့် ပတ်သက်၍ ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက “ သဘာဝနယ်မြေ ထိန်းသိမ်းဖို့ သတ်မှတ်ထားတာကို ကျောက်မိုင်းတွေ လုပ်နေတယ်ဆိုတာ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ မညီညွတ်ဘူး။ သဘာဝထိန်းသိမ်းရေး နယ်မြေထဲမှာရှိနေတဲ့အတွက် ဥပဒေအရလည်း ကျောက်မိုင်းတွေကို တရားဝင် လိုင်စင်ပေးလို့ မရဘူး” ဟု ပြောသည်။
၁၉၉၄ ခုနှစ် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၆(ဂ) တွင် သဘာဝနယ်မြေ အနေအထားမှ သက်ရှိသက်မဲ့ အရာဝတ္ထုတခုခုကို ထိခိုက်အောင် လုပ်မည်ဆိုပါက ထောင်ဒဏ် ၅ နှစ် ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း ၎င်းက ရှင်းပြသည်။