မိုးကျရွှေကိုယ်များဟု ခေါ်ဆိုသည့် စစ်ဘက်မှ အရပ်ဘက်သို့ အဆင်မြင့် ရာထူးများဖြင့် ကူးပြောင်း တာဝန် ထမ်းဆောင်သူများကို အစိုးရသစ် လက်ထက်၌ ထပ်မံ ခန့်အပ်ခြင်းမျိုး မရှိတော့ဘဲ နိုင်ငံဝန်ထမ်း ဥပဒေနှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက “နိုင်ငံဝန်ထမ်း ဥပဒေလည်း ရှိတယ်။ နည်းဥပဒေလည်း ရှိတယ်။ ဒီ အပေါ် မှာပဲ မူတည်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ ခြွင်းချက်တော့ ရှိပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့က ခွင့်ပြုလို့ရတဲ့ ခြွင်းချက် မျိုးပဲ ဖြစ်နိုင်တယ်။ ပုံမှန်အားဖြင့် ဥပဒေ၊ နည်းဥပဒေအတိုင်းပဲ သွားရပါတယ်”ဟု ပြောသည်။
မေလ ၄ ရက်နေ့က ကျင်းပသည့် အစိုးရ၏ တနှစ်တာကာလ ဆောင်ရွက်ချက်များ ရှင်းလင်းပွဲတွင် ဧရာဝတီက အစိုးရသစ် လက်ထက် တွင် မိုးကျရွှေကိုယ်များ ဆက်လက် ခန့်ထားရှိ၊ မရှိ မေးမြန်းရာ ယင်းသို့ ခန့်ထားခြင်းမျိုး မရှိတော့ဟု ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ပြောသည်။
အစိုးရသစ်ကာလတွင် စစ်ဘက်မှ အရပ်ဘက်သို့ တဆင့်မြင့် ရာထူးများဖြင့် ပြောင်းရွေ့မှုများ မရှိသော်လည်း ကာကွယ်ရေး ဝန်ကြီး ဌာနမှ မသန်စွမ်းဖြစ်၍ ဗိုလ်ကြီးနှင့် ဗိုလ်မှူးအဆင့်ရှိသူ ၂၂ ဦးကို အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် အရပ်ဘက် ဝန်ကြီးဌာနများသို့ ပြောင်း ရွှေ့ပေးသည့် အစီအစဉ်မျိုး ရှိကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောသည်။
“အများစုကတော့ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေ ဖြစ်ပါတယ်။ ဒီလူတွေကလည်း Disable ဖြစ်သွားတဲ့သူတွေပါ။ ယခင် အစိုးရ လက်ထက်က လည်း Disable ဖြစ်သွားတဲ့သူဆိုရင် သူ့မိသားစု ဆက်ပြီး ဘဝ ရပ်တည်လို့ရအောင် နောက်သူ့ကို စိတ်ခွန်အား ပေးနိုင်ဖို့အတွက် နိုင်ငံ အကြီးအကဲကနေပြီးတော့ ယခင်အစိုးရလက်ထက် ကတည်းက စီစဉ်ခဲ့တာ ဖြစ်ပါတယ်” ဟု ဦးကျော်စိုးက ပြောသည်။
ယင်းအစီအစဉ်ကို ရာထူးဝန်အဖွဲ့က ဆက်လက်ဆောင်ရွက်နေပြီး ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးနှင့် ညှိနှိုင်း၍ နေရာလွတ်ရှိသည့် ဝန်ကြီး ဌာန၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့က နေရာများ ချထားပေးလျက်ရှိရာ ယခု တနှစ်တာကာလအတွင်း ၂၂ ဦးသာ ရှိကြောင်း၊ ယခင် နှစ်များက အရေအတွက်မှာ ပိုများခဲ့ကြောင်း ရာထူးဝန်အဖွဲ့က ပြောသည်။
အရပ်ဘက် ဝန်ကြီးဌာနများက ဝန်ထမ်း လိုအပ်ချက်ရှိကြောင်း အစိုးရအဖွဲ့သို့ တောင်းခံသည့်အခါ အမြဲတန်း ဝန်ထမ်း အဆင်သင့် ရှိနေသည့် ဌာနမှာ ကာကွယ်ရေး ဝန်ကြီးဌာန ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဘာသာရပ် ကျွမ်းကျင်သူကို ရှာဖွေရာတွင်လည်း တပ်မတော်တွင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ရှိနေကြောင်း သိရသည်။
“ဥပမာအားဖြင့် အိုင်တီပေါ့။ အဲဒီလို ဘာသာရပ်တွေမှာ ဝန်ကြီးဌာနမှာ မရှိတော့ဘူးဆိုရင် သက်ဆိုင်ရာ ဝန်ကြီးကနေပြီးတော့မှ သူက လည်း လိုက်ရှာရတာပေါ့။ ကျန်တဲ့ဝန်ကြီး ဌာနတွေကလည်း မပေးနိုင်တော့ တပ်မှာလည်း နိုင်ငံတကာမှာ စေလွှတ်ထားတာ ရှိတဲ့ အတွက် ခေါ်ယူပြီးတော့ Transfer လုပ်တာ ရှိပါတယ်”ဟု ရာထူးဝန်အဖွဲ့မှ ဦးစောဗယ်လင်တိုင်းက ပြောသည်။
လက်ရှိ အစိုးရ ဝန်ကြီးဌာနများတွင် အမြဲတန်း အတွင်းဝန်၊ ညွှန်ချုပ် စသည့် အဆင့်မြင့် ရာထူးများကို တပ်မတော်မှ အရပ်ဘက်သို့ ပြောင်းရွှေ့လာသူ အများစုက ရယူထားဆဲဖြစ်ပြီး ထိုသို့ တဆင့်မြင့်ရာထူးများ ရယူခြင်း၊ လုပ်ငန်း ကျွမ်းကျင်မှု မရှိဘဲ နေရာယူ ခြင်းများက ဌာနအတွက် အကျိုးမရှိဘဲ လုပ်သက်ရင့် ဝန်ထမ်းများ၏ မျှော်လင့်ချက်များကိုပါ ထိခိုက်စေကြောင်း နေပြည်တော်ရှိ ဝန်ထမ်း အသိုင်းအဝိုင်းက ပြောသည်။
ကျန်းမာရေး ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတဦးက “ရာထူးနဲ့ ထိုက်တန်တဲ့ အရည်အချင်းရှိလို့ ပြောင်းလာတာ ပြဿနာ မရှိဘူး။ ဘာပညာမှ မရှိဘဲ အပေါ်ကနေ ရောက်လာရင် လုပ်သက်ရင့် ဝန်ထမ်းတွေကလည်း ကျေလည်မှာ မဟုတ်ဘူး။ လူမှန် နေရာမှန် မဟုတ်ရင် နိုင်ငံနဲ့ ပြည်သူအတွက်လည်း နစ်နာပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က မိုးကျရွှေကိုယ်များ ဟု အမည်ပေးထားသည့် စစ်ဘက်ပုဂ္ဂိုလ်များက အုပ်ချုပ်ရေးပိုင်း၊ တရားစီရင်ရေးပိုင်း၊ ပညာရှင်ကဏ္ဍများတွင် ဝင်ရောက် နေရာယူသည့်အပေါ် လက်မခံနိုင်သည့် အရပ်ဘက် ဆရာဝန်များ၊ သူနာပြုများ၏ ဖဲကြိုးနက်လှုပ်ရှားမှု၊ တရားလွှတ်တော် ရှေ့နေများ၏ ဖဲကြိုးဝါလှုပ်ရှားမှု၊ ဘူမိဗေဒပညာရှင်များ၏ ဖဲကြိုးနီလှုပ်ရှားမှု၊ လျှပ်စစ်ဌာန ဝန်ထမ်းများ၏ ဖဲကြိုးပြာ လှုပ်ရှားမှုနှင့် ပညာရေးဝန်ထမ်းများ၏ ဖဲကြိုးစိမ်း လှုပ်ရှားမှုများဖြင့် မိုးကျရွှေကိုယ် ဆန့်ကျင်ရေး ရောင်စုံဖဲကြိုး လှုပ်ရှားမှုများကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြသည်။