နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်တွင် သူမ ဦးဆောင်သော အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေးအတွက် အားထုတ်ဆောင်ရွက်မှုများကို အဓိကထားတင်ပြနေသလို ရခိုင် ပြည်နယ်မှ ပဋိပက္ခများ ဖြေရှင်းရေးနှင့် ပတ်သက်၍ သူ၏ ချဉ်းကပ်မှုကို ခုခံကာကွယ်သွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ဘယ်လ်ဂျီယံနိုင်ငံသို့ ဦးစွာ သွားရောက်ခဲ့ပြီး မေလ ၂ ရက် အင်္ဂါနေ့တွင် ဥရောပသမဂ္ဂ ခေါင်းဆောင်များ နှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် နောက်တရက်တွင် အီတလီ နိုင်ငံသို့ ဆက်လက် ထွက်ခွာသွားခဲ့ပြီး ထိုမှ တဆင့် အင်္ဂလန် နိုင်ငံသို့ သွားရောက်၍ သူ၏ ဥရောပခရီးစဉ် မပြီးဆုံးမီ မေလ ၈ ရက်နေ့တွင် လန်ဒန်မြို့မှာ freedom of the city of London ဆိုတဲံ ဂုဏ်ထူးဆောင်ဆုကို လက်ခံရယူမှာမည် ဖြစ်သည်။
မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်လာအောင် မလုပ်ဆောင်နိုင်သေးသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှုများ ရှိနေချိန်တွင် ဥရောပ ခရီးစဉ် သွားရောက်ရချိန်လည်း ဖြစ်သည်။ ၎င်းအပြင် လတ်တလော ဖြစ်ပွားနေသော ရခိုင်ပြည်နယ် ပဋိပက္ခတွင် လုံခြုံရေး တပ်ဖွဲ့များ၏ လူ့အခွင့် အရေးချိုးဖောက်မှု သတင်းများကို ဖြေရှင်းရန် ပျက်ကွက်ခဲ့သည်ဟု နိုင်ငံတကာမှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဝေဖန်ပြစ်တင်မှုများ နှင့် ရင်ဆိုင်နေရသည့် အချိန်လည်း ဖြစ်သည်။ ၎င်းက မည်သည့်ဘက်ကိုမျှ ဘက်လိုက်မည်မဟုတ်ဟု လူသိရှင်ကြား ပြောဆိုထားသည့်အတွက်လည်း ဝေဖန် ခံနေရခြင်း ဖြစ်သည်။
ဥရောပ သမဂ္ဂနှင့် မြန်မာ့ငြိမ်းချမ်းရေးခရီး
ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လက် ရှိနေစဉ် ဒေါ်အောင်ဆန်းစုကြည်က ယခင် အစိုးရ ချမှတ်ခဲ့သည့် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် (NCA) လမ်းကြောင်းကို ဆက်လက် ကိုင်စွဲထားသည်။ ထို့အပြင် မေလ ၂၄ ရက်နေ့တွင် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ဒုတိယ အကျော့ကို ကျင်းပရန် စီစဉ် ထားသည်။ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကိုလည်း အဆိုပါ ညီလာခံ မပြုလုပ် မီ လက်မှတ်ထိုးကြရန် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့သည်။ NCA လက်မှတ်ထိုးရေးကိုသာ ပြောဆိုနေခြင်းက ရှေ့ဆက်သွားနိုင်ရေး အတွက် အတားအဆီး တခု ဖြစ်သည်ဟု အဖွဲ့အစည်း အများအပြားက ရှုမြင်ထားကြသည်။
မြန်မာနိုင်ငံမှ တိုင်းရင်းသား လူမျိုးစုများ၏ ငြိမ်းချမ်းရေးတွင်ပါဝင်ပတ်သက်နေသူများက တိုင်းပြည်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အားလုံးပါဝင်သောလုပ်ငန်းစဉ်တခု ဖြစ်ရမည် ဖြစ်ပြီး၊ ထိုအထဲတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်းများ နှင့် အမျိုးသမီး အဖွဲ့အစည်းများ အပါအဝင် အားလုံး ပါဝင်ရမည်ဟု ပြောဆိုထားကြသည်။ ထိုလမ်းကြောင်းကသာလျှင် မြန်မာနိုင်ငံတွင် စစ်မှန်သော ငြိမ်းချမ်းရေး နှင့် ဖက် ဒရယ် ဒီမိုကရေစီကို ရရှိစေလိမ့်မည်ဟု ၎င်းတို့က ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးစားပေးတာ ကောင်းပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး အတွက် ရည်ရွယ်ထားတာ မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေး ရဖို့နဲ့ ကျမတို့ရဲ့ သယံဇာတ အရင်းအမြစ်တွေ ရယူရေး သက်သက် ကိုပဲ ဦးတည်ထားတဲ့ အရင်သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ လုပ်ငန်းစဉ်အတိုင်း ဆက်လုပ်ရုံပဲ ဆိုရင်တော့ အမှားတခု ဖြစ်ပါတယ်” ဟု လန်ဒန် အခြေစိုက် Burma Campaign UK ၏ စည်းရုံးလှုံ့ဆော်ရေး တာဝန်ခံ နန့်ဇိုရာဖန်း က ပြော သည်။
စစ်အာဏာရှင် အုပ်ချုပ်ရေးမှ အရပ်သားတပိုင်း အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းခဲ့သည့် လွန်ခဲ့သော ၆ နှစ်ကထဲက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဥရောပ သမဂ္ဂက ထောက်ခံခဲ့သည်။ ၂၀၁၄ မှ ၂၀၂၀ ခုနှစ် အထိ အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရန် အတွက် ယူရို ၁၀၃ သန်းခန့်ကိုလည်း ထောက်ပံ့ပေးထားသည်။
ဥရောပ သမဂ္ဂ၏ ရံပုံငွေများကို ယခုအခါတွင် နိုင်ငံတကာ ငြိမ်းချမ်းရေး စုပေါင်း ရံပုံငွေ (Joint Peace Fund) မှ တဆင့် ထောက်ပံ့လျှက်ရှိသည်။ ၂၀၁၅ ခုနှစ် အောက် တိုဘာလက ပြုလုပ်ခဲ့သည့် NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ဥရောပ သမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ရိုလန်ကိုဘီယာ (Roland Kobia) လည်းတက်ရောက်ခဲ့သည်။
သို့သော် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဥရောပသမဂ္ဂ၏ အခန်းကဏ္ဍ ပြောင်းလဲစေလိုကြောင်း တက်ကြွလှုပ်ရှားသူတဦး ဖြစ်သည့် ကရင်အမျိုးသမီး နန့်ဇိုရာဖန်းက ပြောဆိုသည်။
“ဥရောပ အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်မှာ ထောက်ပံ့နေတဲ့ပုံစံကို ပြောင်းလဲဖို့ လိုအပ်တယ်။ အခု ဖြစ်နေတဲ့ပုံစံက အစိုးရ အလိုကျ အစိုးရနဲ့ဘဲ တဘက်ထဲ လုပ်နေတဲ့ပုံစံ ဖြစ်နေတယ်” ဟု သူက ရှင်းပြသည်။
ဥရောပသမဂ္ဂက မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အတွက်လည်း အကူအညီပေးနေသည်။ ၂၀၁၄ ခုနှစ်မှ စ၍ လူစုလူဝေး စီမံခန့်ခွဲမှုဆိုင်ရာ လေ့ကျင့် သင်တန်းပေးမှုများ ပြုလုပ်ပေးခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းကို အရပ်သားများအား ကာကွယ်ပေးရေးကို ဦးတည်သင်ကြားသည့် ခြေလှမ်းတခု အဖြစ် ရှုမြင်သည့်အတွက် အချို့က ကြိုဆို ခဲ့ကြသည်။
ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် မတ်လတွင် ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုုချီတက်လာသော ကျောင်းသားများကို ရဲတပ်ဖွဲ့က ရက်စက်စွာ ဖြိုခွဲခဲ့မှု ဖြစ်ပွားပြီးသည့်နောက်တွင် ရဲတပ်ဖွဲ့၏ တာဝန်သည် ပြည်သူကို ကာကွယ်ဖို့သာ ဖြစ်သည့်အတွက် ထို သဘောတရားများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာစေရန် ရဲတပ်ဖွဲ့ စွမ်းရည်မြှင့်တင်ရေးက လိုအပ်ချက် အဖြစ် မြင်လာခြင်း ဖြစ်သည်။
“ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲသင့်တာတော့ ကြာပြီ” ဟု လူ့အခွင့်အရေးပညာပေး အဖွဲ့တခု ဖြစ်သော ညီမ ျှခြင်း မြန်မာ (Equality Myanmar) ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။
ရဲတပ်ဖွဲ့စွမ်းရည်မြှင့်တင်ခြင်းအတွက် ဆက်လက်ထောက်ပံ့မှု ရယူနေခြင်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကြားမှ သဘောတူညီချက်ကြောင့် ဖြစ်ပေါ်လာခြင်း ဟုတ်မဟုတ် လေ့လာဆန်းစစ်သူများက မေးခွန်းထုတ်ကြသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ကာကွယ်ရေး၊ နယ်စပ်ရေးရာ နှင့် ပြည်ထဲရေး ဝန်ကြီးဌာနများကို ထိန်းချုပ်ထားပြီး ရဲတပ်ဖွဲ့က ပြည်ထဲရေး ဝန်ကြီးဌာန၏ လက်အောက်တွင် ရှိသည်။
“သူတို့ကြား ဘယ်လို သဘောတူညီချက်တွေရထားလဲဆိုတာ ကျနော်တို့ မသိရဘူး။” ဟု သျှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) ၏ အကြံပေးတဦး ဖြစ်သော said Khuensai Jaiyen ကပြောသည်။
တပ်မတော်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အရေးပါသော ထိုဝန်ကြီးဌာန ၃ ခုကို ထိန်းချုပ်ထားခြင်းက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးတည်ဆောက်မှုမှန်သမျှ အောင်မြင်မှုရရေး နှောင့်နှေးစေသည်။ သို့သော်လည်း နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ် အဖြစ် ကြေငြာထားသည်။
ကာကွယ်ပြောဆိုုနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်၏ ယခုအပတ် ခရီးစဉ်က ဥရောပသမဂ္ဂ နှင့် မြန်မာနိုင်ငံတို့ကြားတွင် အပြန်အလှန်ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးများကို ပိုမိုအားကောင်းစေရန် ရည်ရွယ်သော်လည်း ဖြစ်ပွားဆဲ ရခိုင်ပြည်နယ် ပဋိပက္ခတွင် ဒေါ်အောင်ဆန်းစုကြည်က ထိထိရောက်ရောက် ဆောင်ရွက်ခြင်း မရှိဟု နိုင်ငံတကာ၏ စွပ်စွဲမှုများကို တုန့်ပြန် ကာကွယ်ပြောဆိုရသည့် ခရီး တခုလည်း ဖြစ်ရသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူ၏ ခရီးစဉ် အတွင်းတွင် ရခိုင်ပြည်နယ်မှ “ရိုဟင်ဂျာ” မွတ်ဆလင်များ အပေါ်လုံခြုံရေး တပ်ဖွဲ့များ၏ လူ့အခွင့် အရေးချိုးဖောက်မှု များ ရှိသည်ဟူသော စွပ်စွဲချက် နှင့် ပတ်သက်သည့် မေးခွန်းများကို အမေးခံရနိုင်ကြောင်း သိခဲ့ပါသည်။ မြန်မာနိုင်ငံမှ တက်ကြွလှုပ်ရှားသူများ အနောက်တိုင်းသို့ ခရီးသွားလျှင်လည်း အလားတူပင်ကြုံရသည်။
ဥရောပ သမဂ္ဂ ခေါင်းဆောင်များ နှင့် တွေ့ဆုံပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂအစီရင်ခံစာပါ မြန်မာနိုင်ငံ အနောက်ဘက်ပိုင်းမှ “ရိုဟင်ဂျာ” မွတ်ဆလင်များ အပေါ်လူ့အခွင့်အရေးချိုးဖောက်မှု သတင်းများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ အချက်အလက် ရှာဖွေရေး မစ်ရှင် အဖွဲ့တခု စေလွှတ်ရန် ကုလသမဂ္ဂက မတ်လ အတွင်းက ဆုံးဖြတ်ခဲ့ ခြင်းနှင့် ပတ်သက်၍ သူ၏ အစိုးရက လက်ခံမည်မဟုတ်ကြောင်း ထပ်မံ အတည်ပြုပြောကြားခဲ့သည်။
မေလ ၂ ရက်နေ့က ဘရပ်ဆဲလ်မြို့ ဥရောပသမဂ္ဂရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ အနေနဲ့ ဒီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မှု ပြုမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဆုံးဖြတ်ချက်က လက်တွေ့ မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေမှန်တွေနဲ့ ကိုက်ညီတဲ့ နည်းလမ်း မဟုတ်လို့ပါ” ဟုသတင်းထောက် တဦး၏ မေးခွန်းကို ဖြေကြားသွားခဲ့သည်။
သူ၏ အစိုးရ အနေဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုုဖီအာနန် (Kofi Annan) ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကိုသာ အပြည့်အဝ လက်ခံသွားမည် ဖြစ်ကြောင်းပြောသည်။ လက်ရှိ ပဋိပက္ခဖြစ်ပွားမှုများကို လေ့လာရန်နှင့် ပဋိပက္ခ၊ အိမ်ခြေရာခြေမဲ့ဖြစ်ရ ခြင်း နှင့် ဖွံ့ဖြိုးမှု နိမ့်ပါးနေရခြင်းတို့၏ အကြောင်းရင်းများကို ဖော်ထုတ်ရန် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ကော်မရှင်အကြံပေးမှုက ဒေသ၏အမှန်တကယ်လိုအပ်ချက်များကို ထင်ဟပ်သည်ဟု သူကဆိုသည်။
“ရခိုင်ပြည်နယ်က အသိုင်းအဝိုင်း နှစ်ခု (ဗုဒ္ဓဘာသာ နှင့် မွတ်ဆလင်) ကို ထပ်မံကွဲပြားသွားစေမယ့် အကြံပြုချက်တွေကို ကျမတို့လက်ခံမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ တလေ ျှာက်လုံး တက်နေတဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အဲဒါတွေက ကျမတို့ကို အထောက်အကူပြုမှာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ကိုဖီအာနန် ကော်မရှင်၏ အကြံပြုချက် ၁၂ ချက်တွင် တချက် အပါအဝင် ဖြစ်သော ပဋိပက္ခဒေသသို့ သတင်းမီဒီယာများ အပြည့်အဝ ဝင်ရောက် သတင်းရယူရေးကို အစိုးရက ခွင့်ပြုနိုင်ခြင်း ရှိမရှိ ဆိုသည့် မေးခွန်းကို ဖြေကြားရာတွင် ဒေါ်အောင် ဆန်းစုကြည်က ၂၀၁၆ ဒီဇင်ဘာလနှင့် ၂၀၁၇ မတ်လ အတွင်းတွင် သတင်းမီဒီယာအဖွဲ့များ သွားရောက် သတင်းရယူသည့်အခါ သတင်းထောက်များကို အင်တာဗျူးဖြေခဲ့သည့် ဒေသခံအချို့ကို အစွန်းရောက် အုပ်စုများက ခေါင်းဖြတ်သတ်ခဲ့ကြသည့် သာဓကကို ရှင်းပြပြီး အန္တရာယ်ကြီးမားပုံကို မီးမောင်းထိုးပြ ဖြေဆိုခဲ့သည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလက မောင်တောမြို့နယ်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းများ တိုက်ခိုက်ခံခဲ့ရပြီး နောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ ဆောင်ရွက် စဉ် အတွင်း ရိုဟင်ဂျာ မွတ်ဆလင်များကို မုဒိန်းကျင့်ခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သတင်းများ ပေါ်ထွက်လာခဲ့သည်။ ထိုလူနည်းစု မွတ်ဆလင်များကို ဒေသတွင်းတွင် ဘင်္ဂါလီများဟု ရည်ညွှန်းကြပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရောက်လာသူများဟု သတ်မှတ်ကြသည်။
လူ့အခွင့် အရေးချိုးဖောက်မှု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေသည့် အပေါ် နိုင်ငံတကာက ပြောဆိုလာ ခြင်းများကို တုန့်ပြန်သည့်အနေဖြင့် အစိုးရက နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများတွင် ပါဝင်ခဲ့ကြသည့် စစ်ဘက် နှင့် ရဲလုံခြုံရေးအဖွဲ့များအပေါ် စွပ်စွဲမှုများကို စုံစမ်းစစ်ဆေးရန်အတွက် တပ်မတော်က တိုက်ရိုက်ခန့်အပ်သော ဒုတိယသမ္မတ ဦးမြင့်ဆွေ ခေါင်းဆောင်သော ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။ သို့သော်လည်း ပြည်တွင်းမှ သို့မဟုတ် နိုင်ငံတကာ ကျွမ်းကျင်သူများ ဦးဆောင်သည့် လွတ်လပ်သော စုံစမ်း စစ်ဆေးမှု မရှိသေးပါ။
“မြန်မာနိုင်ငံက ထွက်နေတဲ့ အစီရင်ခံစာတွေ၊ [NGO အဖွဲ့တွေက မှတ်တမ်းတင်ထားတဲ့] လူ့အခွင့် အရေးချိုးဖောက်မှုအပေါ် တဖက်က စွပ်စွဲချက်တွေ ရှိသလို တဖက်ကလည်း ငြင်းထားတာရှိတယ်။ ဒီလိုမျိုး ဟိုုဘက်ဒီဘက် ဟုတ်တယ် မဟုတ်ဘူး စွပ်စွဲနေမယ့်အစား တကယ်ကို အတွေ့အကြုံရှိပြီး သမာသမတ်ရှိတဲ့ ဘက်မလိုက်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့ လွှတ်နိုင်ရင်တော့ ပိုပြီး အဆင်ပြေမယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။ ကုလသမဂ္ဂအနေဖြင့် ၎င်း၏ ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှုပြုလုပ်နိုင်သော်လည်း ရလဒ်က နှစ်ဘက်စလုံးအဆင်ပြေနိုင်သည့် အခြေအနေဖြစ်မလာနိုင်ဟု သူကဆိုသည်။
“အကောင်းဆုံးနည်းကတော့ အစိုးရက ခွင့်ပြုပြီး ပူးပေါင်းဆောင်ရွက်မှုရှိလို့ရှိရင် ပိုပြီး မှန်ကန်တဲ့ အချက်အလက်တွေ ထွက်လာနိုင်တယ်” ဟုလည်း ဦးအောင်မျိုးမင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က အစိုးရအနေဖြင့် ကိုဖီအာနန် ကော်မရှင်က မတ်လအတွင်းတွင် တင်ပြခဲ့သော ကြားဖြတ် အင်္စီရင်ခံစာတွင် ပါဝင်သည့် အကြံပြုချက်များကို တတ်နိုင်သမျှ အမြန်ဆုံး အကောင်အထည်ဖော်နေကြောင်း နှင့် တိုးတက်မှုများကို ကော်မရှင်ထံ ပုံမှန်တင်ပြနေကြောင်း အလေးအနက် ပြောကြားခဲ့သည်။
“ကျမတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ဒီလို ဆယ်စုနှစ်ချီ ဖြစ်နေတဲ့ တဘက်ကိုတဘက် မယုံကြည်မှုတွေရှိနေတဲ့ အသိုင်းအဝိုင်းနှစ်ခုကြားက အခြေအနေတခုကို ဖြေရှင်းရာမှာ ကျမတို့ ရင်ဆိုင်နေရတဲ့ အန္တရာယ်ကို ရှင်တို့ သတိပြုမိရပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ရခိုင်ပြည်နယ်မှ ပြဿနာများကို တညတည်း နှင့် ဖြေရှင်း၍ မရနိုင်ဟုလည်း ဒေါ်အောင် ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ကျမတို့ တောင်းဆိုနေတာ ကျမတိုု့ကို အချိန်ပေးဖို့ပါ” ဟု သူက ထပ်လောင်း ပြောဆိုခဲ့သည်။