၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရသည့် ပြစ်မှုများကို အာမခံပေးရန် ရှေ့နေချုပ်ရုံးက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ အကြံပြုထားကြောင်း သိရသည်။
ယင်းဥပဒေတွင် အာမခံပေးရန်၊ မပေးရန် အတိအကျ ဖော်ပြထားခြင်း မရှိသဖြင့် လက်ရှိ တရားစွဲခံရသည့် ပြစ်မှုများတွင် တရားသူကြီး၏ ဆုံးဖြတ်ချက်အတိုင်းသာ အတည်ဖြစ်နေသည်။
ရဲအရေးယူပိုင်ခွင့် ရှိသည့် ပြစ်မှုမျိုးဖြစ်သည့်အချက်နှင့် တရားစွဲဆိုလျှင် ဝန်ကြီးဌာန၏ ကြိုတင် ခွင့်ပြုမိန့်ယူရန် ဆိုသည့် အချက်များကို နဂိုအတိုင်း ထားရှိရန် အကြံပြုထားကြောင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံး အမြဲတမ်း အတွင်းဝန် ဒေါ်နုနု ယဉ်က မေလ ၄ရက်နေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ ပြုလုပ်သည့် အစိုးရအဖွဲ့ တနှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ဒေါ်နုနုယဉ်က “ သူတို့ (ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာန) ရဲ့ ဥပဒေကြမ်း တင်ပြတဲ့အပေါ်မှာ ကျမတို့က စိစစ်အ ကြံပြုတယ်။ စိစစ်အကြံပြုတဲ့အခါမှာ အဲဒီအချက်ကို အာမခံ ပေးရမယ် ဆိုတဲ့ အချက်အနေနဲ့ ပြင်ဆင်ထားတယ်” ဟု ဆိုသည်။
ထိုပြင်ဆင်ထားသည့် ဥပဒေမူကြမ်းကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ဝန်ကြီးဌာနသို့ ပြန်လည် ပေးပို့မည်ဖြစ်ပြီး ထိုမှ တဆင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် လုံခြုံရေးနှင့် တည်ငြိမ်ရေး ကော်မတီ၊ အစိုးရအဖွဲ့နှင့် ပြည် ထောင်စု လွှတ်တော်သို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
မေလ ၁၈ ရက်နေ့တွင် ပြန်လည် ကျင်းပမည့် လွှတ်တော်အစည်းအဝေးများသည် ဥပဒေပြင်ဆင် ဖြည့်စွက်ရေးကို ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော် မတီ အတွင်းရေးမှူး ဦးနေဖူးဘဆွေက ပြောသည်။
ဆက်သွယ်ရေး ဥပဒေတွင် အထက်ပါ အချက်များ ပြင်ဆင်ရုံဖြင့် မလုံလောက်သေးဘဲ ပြစ်မှုပြစ်ဒဏ်များနှင့် သက်ဆိုင် သည့် နည်းဥပဒေ ရေးဆွဲရေးအပိုင်းကို အလျင်အမြန် ဆောင်ရွက်ရန်နှင့် ဥပဒေတွင် ဘေးလူက တိုင်ကြားခြင်းမျိုး မဟုတ် ဘဲ နစ်နာသူ ကိုယ်တိုင်က တိုင်ကြားရန်အချက်ကိုလည်း ပြင်ဆင်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်ကလည်း အကြံပြု ပြောဆိုသည်။
လက်ရှိ အစိုးရလက်ထက်တွင် ၆၆(ဃ)ဖြင့် တရားစွဲဆိုမှု ၅၄မှု အထိ ရှိနေပြီး အာမခံမရဘဲ အချုပ်ကျနေသည်က ၆မှု နှင့် ပြစ်ဒဏ်ချမှတ်ခံရသည့် အမှု ၈မှု ရှိနေပြီဖြစ်ကြောင်း ဆက်သွယ်ရေးဥပဒေ သုတေသနအဖွဲ့က ဧပြီလက ထုတ်ပြန်ထား သည်။
၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ပြဋ္ဌာန်းခဲ့သော ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)တွင် ဆက်သွယ်ရေး ကွန်ရက် တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့်၍ ငွေတောင်းခံခြင်း၊ အနိုင်အထက် ပြုခြင်း၊ မတရား တားဆီး ကာကွယ်ခြင်း၊ အသရေ ဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း လုပ်ရပ်များ ဆောင်ရွက်ခြင်း မရှိစေရန် တားမြစ်ထားသည်။