ဧပြီလ ၉ ရက်နေ့တွင် မြန်မာ့တပ်မတော်က နယ်ခံများအား မြေမြှုပ်ခိုင်းသည့် အလောင်း ၃ လောင်းမှာ စွပ်စွဲထားသလို ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ အဖွဲ့ဝင်များ မဟုတ်ဘဲ အရပ်သားများသာ ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှ သတင်းရင်းမြစ်များက ပြောသည်။
သေဆုံးခဲ့သူများမှာ အသက် ၃၉ နှစ် အရွယ် ကိုဝင်းကြိုင်၊ အသက် ၃၇ နှစ် အရွယ် ကိုစန်းဝင်းနှင့် အသက် ၃၃ နှစ် အရွယ် အိုက်လွန်းတို့ဖြစ်ကြပြီး သူတို့က ကျောက်မဲမြို့နယ်တွင် မော်တော်ယာဉ်မောင်းလုပ်လေ့ရှိသူများ ဖြစ်ကြောင်း သိရသည်။
ကိုဝင်းကြိုင်က စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှ ဗမာတိုင်းရင်းသား ဖြစ်ပြီး ကိုစန်းဝင်းနှင့် အိုက်လွန်းတို့မှာ ကျောက်မဲ မြို့နယ်မှ ရှမ်းတိုင်းရင်းသားများ ဖြစ်ကြသည်။
ဒေသခံများ၏အဆို ဧပြီလ ၉ ရက်နေ့က ထော်လာဂျီ ပိုင်ရှင်များဖြစ်သော သူတို့ ၃ ဦးကို TNLA က ချောဆွဲသွားစဉ် လမ်းခရီး၌ ကျောက်မဲမြို့နယ် မန်စံကျေးရွာတွင် အခြေစိုက်သော အမှတ် ၅၀၂ ခြေမြန်တပ်ရင်းနှင့် တိုးကာ တိုက်ပွဲဖြစ်ကြကြောင်း၊ TNLA တပ်သားများ ဆုတ်ခွာထွက်ပြေးသွားပြီး တပ်မတော်မှ သေဆုံးသော TNLA ၃ ဦးကို လာရောက်မြှုပ်နှံရန် နယ်ခံများကို အကြောင်းကြားကြောင်း၊ အလောင်းကို ကြည့်ရှုသောအခါ ၎င်းတို့ ၃ ဦးဖြစ်နေကြောင်း သိရသည်။
ကျောက်မဲမြို့နယ်သည် ပဋိပက္ခဒေသတွင်းတွင် ရှိပြီး TNLA နှင့် မြန်မာ့တပ်မတော်ကြား သို့မဟုတ် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့ကြားတွင် တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည့် နေရာဖြစ်သည်။ လက်နက်ကိုင်အဖွဲ့များက အကူအညီပေးခိုင်းလာပါက အရပ်သားများအနေဖြင့် ငြင်းပယ်နိုင်ခြင်း မရှိကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။
TNLA မှ ဗိုလ်မှူးချုပ်တာဘုန်းကျော်က သေဆုံးသူ ၃ ဦးမှာ အရပ်သားများ ဖြစ်သော်လည်း TNLA တပ်သားများကို ပို့ဆောင်ရန်အတွက် ၎င်းတို့ ၃ ဦးကို ထော်လာဂျီ မောင်းနှင်ခိုင်းခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ကျောက်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က တိုက်ပွဲ ရပ်ဆိုင်းသွားသည့် အချိန်တွင် မြန်မာ့တပ်မတော် တပ်သားများက တိုက်ပွဲတွင် သေဆုံးသွားသော TNLA တပ်ဖွဲ့ဝင် ၃ ဦးကိုမြေမြှုပ်ရန် ဒေသခံများကို ခိုင်းစေခဲ့ကြောင်း ပြောသည်။
“အလောင်းတွေကိုမြေမြှုပ်ဖို့ ကျနော်တို့ ရောက်သွားတဲ့ အခါ သေဆုံးသူတွေက TNLA တပ်သားတွေ မဟုတ်ဘဲ အရပ် သားတွေ ဖြစ်နေတာကို ကျနော်တို့ တွေ့ရပါတယ်။ ကျနော်တို့က အလောင်းတွေကို မြို့ကို ပြန်လည်သွားဖို့ မြန်မာ့တပ် မတော်ဆီမှာ ခွင့်တောင်းတဲ့ အခါ သူတို့က ခွင့်မပြုပါဘူး။ မြေမြုပ်လိုက်ဖို့ပဲ ပြောပါတယ်။ ကျနော်တို့လည်း ဘာလုပ်ရမှန်း မသိတာနဲ့ အလောင်းတွေကို အဲဒီမှာပဲ မြှုပ်ခဲ့တယ်။ ဒီက လူအများစုက အဲဒီအကြောင်းကိုပြောဖို့ ကြောက်ကြတယ်” ဟု သူက ဆိုသည်။
သို့သော်လည်း မြေမြှုပ်ရန် သယ်လာသည့် အချိန်တွင် မည်သည့် အတွက်ကြောင့် သေဆုံးသူ ၃ ဦးက TNLA ဝတ်စုံများ ဝတ်ထားသည်ကို သူ မသိကြောင်း ဦးစိုင်းထွန်းဉာဏ်က ပြောသည်။
ဧရာဝတီမှ ရရှိခဲ့သော မြေမမြှုပ်မီ အလောင်းများကို ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းများအရ သေဆုံးသူအားလုံး၏ ဦးခေါင်းတွင် ဒဏ်ရာများရှိပြီး TNLA တံဆိပ်ပါသည့် စစ်အကျီ ဝတ်ဆင်ထားသော်လည်း အရပ်သားများသာ ဝတ်လေ့ ရှိသော လုံချည်များ ဝတ်ထားသည်ကို တွေ့ရသည်။ ဦးခေါင်းတွင် ဒဏ်ရာများ ရရှိထားသော်လည်း ရှပ်အကျႌများပေါ်တွင် သွေး မတွေ့ရပါ။
အသုဘသို့ သေဆုံးသူများ၏ မိသားစုများ နှင့် မိတ်ဆွေများ လာရောက်ခဲ့ကြသည်။ ကိုဝင်းကြိုင် အလုပ်လုပ်သည့် လက်ဘက်အချိုခြောက် စက်ရုံပိုင်ရှင် ဦးသိန်းထွန်းက သူ၏ ကွယ်လွန်သူ အလုပ်သမားကိုယ်စား ကောင်းမှုကုသိုလ် ပြုလုပ်ပေးခဲ့သည်ဟု ဦးစိုင်းထွန်းဉာဏ်က ပြောသည်။
ဧရာဝတီက ဦးသိန်းထွန်းနှင့် ဆက်သွယ်ခဲ့သည့်အခါ ကိုဝင်းကြိုင်၏ သေဆုံးမှုနှင့် ပတ်သက်၍ ရဲအဖွဲ့က စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြောသော်လည်း အခြားမှတ်ချက်စကား မပြောလိုကြောင်း သူ၏ လုံခြုံရေးအတွက် စိုးရိမ် ကြောင်း ပြောသည်။
သေဆုံးမှုနှင့် ပတ်သက်၍ ရဲအဖွဲ့သို့ သတင်းပို့ခဲ့ကြောင်း ဦးစိုင်းထွန်းဉာဏ်က ပြောသည်။ သို့သော်လည်း သူ့အနေဖြင့် အဖြစ်အပျက်ကို စစ်ဆေးရန် အမှုမဖွင့်နိုင်ကြောင်း အဘယ်ကြောင့် ဆိုသော် အလောင်းများကို စစ်ဆေးမှုပြုလုပ်ပေးနိုင် မည့် ကျောက်မဲဆေးရုံသို့ ပို့ဆောင်ပေးနိုင်ခဲ့ခြင်း မရှိ၍ ဖြစ်သည်ဟု သိရသည်။
စုံစမ်းစစ်ဆေးရေး အလားအလာနှင့် ပတ်သက်၍ ဧရာဝတီက ကျောက်မဲမြို့တွင်းရှိ ရဲမှူးကြီးဦးဝင်းခိုင်ထံ မေးမြန်း စုံစမ်းသည့်အခါ သေဆုံးမှုသည် ရဲအဖွဲ့ဝင်များအတွက်ပင် လုံခြုံမှုမရှိသည့် စစ်ပွဲဇုန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ဖြစ်တဲ့နေရာက ဟိုလေ … အဲဒီနေရာက ဘယ်သူမှ သွားလိုု့မရတဲ့ နေရာတွေ။ ဟိုဘက် ဒီဘက် ပစ်နေ တိုက်နေတဲ့နေရာ ဘယ်လို သွားပြီး ဖြစ်မလဲဗျာ။ သူတို့လည်း စခန်းမှာ အမှုဖွင့်ထားတာ မရှိတော့ သတင်းအဖြစ်တွေတော့ တိုင်ကြားထားတာ ရှိတာပေါ့ဗျာ။ ကျန်တဲ့ဟာတော့ ဘာမှ မရှိပါဘူး” ဟု ရဲမှူးကြီး ဦးဝင်းခိုင်က ပြောသည်။
“အဲဒီနေရာက သွားမရလို့ လုံခြုံရေးမရှိဘူး။ တောထဲမှာ ဖြစ်တဲ့တိုက်ပွဲတွေလေ။ လုံခြုံရေးအရ မသွားနိုင်ဘူးဗျာ။ သူတို့လည်း အမှုလာဖွင့်တာ မရှိဘူး။ တိုက်ပွဲမှာ သေသွားတယ်ဆိုတော့ အဲဒါလည်း ကျနော်တို့ မပြောတတ်ဘူးဗျာ။ facebook အနေနဲ့ ကြားရတာကတော့ ပလောင် (TNLA) ပေါ့ဗျာ။ သူတို့အရပ်သား ဟုတ်မဟုတ်ဆိုတာ ကျနော်တို့ လည်း မြေပြင်မှာမသွားနိုင်ဘူး” ဟု ရဲမှူးကြီး ဦးဝင်ခိုင်က ဆက်ပြောပါသည်။
သေဆုံးသူ ကိုစန်းဝင်းနှင့် အိမ်နီးချင်း ဖြစ်သော ကျောက်မဲမြို့ခံ ဦးလှကျော်က ကိုစန်းဝင်းသည် မြို့ပြင်ဘက်ရှိ သူ၏ စိုက် ခင်းတွင် နေလေ့ရှိသော်လည်း ဇနီးဖြစ်သူနှင့် တွေ့ဆုံရန် ကျောက်မဲမြို့ရှိ နေအိမ်သို့ ပြန်လာတတ်ကြောင်း ပြောသည်။
ကိုစန်းဝင်းတွင် ကလေးတဦးရှိပြီး ရှမ်းတိုင်းရင်းသားတယောက်ဖြစ်သည့် အတွက် TNLA အဖွဲ့ဝင် တယောက် မဖြစ်နိုင် ကြောင်းလည်း သူက ထပ်ပြောသည်။