မြန်မာနိုင်ငံတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဆောက်လုပ်ရန် ပြင်ဆင်နေရာ စီမံကိန်းများသည် လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေးပြဿနာများကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Greenpeace မှ senior global campaigner Mr. Lauri Myllyvirta က ပြောသည်။
မေလ ၄ ရက်နေ့က ရန်ကုန်မြို့ Orchid ဟိုတယ်တွင် မြန်မာပြည်တွင်း ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ကျောက်မီးသွေး အန္တရာယ် (Coal: A Public Health Crisis in Myanmar) အစီရင်ခံစာ မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ရာ Greenpeace မှ senior global campaigner Mr. Lauri Myllyvirta က “လက်ရှိအခြေအနေမှာ တည်ဆောက်အကောင်အထည်ဖော်မယ်လို့ လျာထားတဲ့ စက်ရုံတွေသာ အကောင်အထည်ဖော်ဖြစ်ရင် သက်ရောက်မှုတွေ အများကြီးရှိလာမှာ ဖြစ်ပါတယ်။ ဒီစက်ရုံရှိတဲ့ ဒေသတစ်ခုတင်မကဘဲ ဒီတနိုင်ငံလုံးအပေါ်မှာ သက်ရောက်မှု ခံရမှာ ဖြစ်ပါတယ်။ ကျန်းမာရေး ပြဿနာဟာ အဓိကကျဆုံး ဖြစ်ပေါ်လာမယ့် သက်ရောက်မှုတခုပါ” ဟု သုံးသပ်ခဲ့သည်။
အစီရင်ခံစာ ထုတ်ပြန်မှုတွင်ပါဝင်သည့် Greenpeace အဖွဲ့သည် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ငြိမ်းချမ်းရေးအတွက် မူဝါဒများ၊ ဥပဒေများ၊ အပြုအမူများ ပြောင်းလဲရေးအတွက် တစ်ကမ္ဘာလုံးအနှံ့ နှိုးဆော်ပေးနေသည့် နိုင်ငံတကာ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအဖွဲ့အစည်း တခုဖြစ်သည်။ နိုင်ငံပေါင်း ၂၈ နိုင်ငံ ပါဝင် ဖွဲ့စည်း ထားပြီး အာရှ၊ အမေရိကန်၊ အာဖရိက၊ ဥရောပတို့ရှိ နိုင်ငံပေါင်း ၄၀ တွင် ရုံးခွဲများ ဖွင့်လှစ်ထားသည်။
အဆိုပါအစီရင်ခံစာသည် ဟားဗတ်တက္ကသိုလ် လေထုဓာတုသရုပ်ခွဲဌာန စမ်းသပ်ချက်အပေါ် အခြေခံ၍ ခန့်မှန်းထားပြီး မြန်မာနိုင်ငံတွင် လုပ်ဆောင်မည့် ကျောက်မီးသွေးစက်ရုံများကြောင့် လေထုညစ်ညမ်းမှု အခြေအန နှင့် ကျန်းမာရေးအပေါ်အကျိုးသက်ရောက်မှုများအကြောင်းကို ထည့်သွင်းပြုစုထားခြင်း ဖြစ်သည်။
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ အကြီးအကျယ် တည်ဆောက်ရန် ပြင်ဆင်နေသော်လည်း အဆိုပါစက်ရုံများကြောင့် ဖြစ်ပေါ်လာမည့် ညစ်ညမ်းမှု များကို ထိထိရောက်ရောက် ထိန်းချုပ်ပေးမည့် စည်းကမ်းသတ်မှတ်ချက်၊ စံချိန်စံညွှန်းများ မရှိသေးခြင်းကြောင့် လေထုအရည်အသွေးနှင့် ကျန်းမာရေးပြဿနာများကို သိသိသာသာ ဆိုးဝါးလာစေနိုင်ကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးအဖွဲ့ Greenpeace မှ Senior global campaigner Mr. Lauri Myllyvirta က သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံသည် ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံများအတွက် ထုတ်လုပ်မှု စံသတ်မှတ်ချက် တစုံတရာ မရှိဘဲ ကျောက်မီးသွေးသုံး စက်ရုံများအား အကြီးအကျယ် တိုးချဲ့ရန် ပြင်ဆင်နေသည့် တခုတည်းသော အာရှနိုင်ငံဖြစ်ပြီး စီမံကိန်းလုပ်ကိုင်ခွင့်ရသူများက ၎င်းတို့ စိတ်ကြိုက် ဆောင်ရွက်နိုင်မည့် အခြေအနေ ဖြစ်ကြောင်း ဖော်ပြထားသည်။
Ecodev မှ ဒါရိုက်တာ ဦးဝင်းမျိုးသူက “ကျောက်မီးသွေးစက်ရုံဆောက်ချင်တဲ့ ကုမ္ပဏီတွေကတော့ တိုကျိုမှာတောင်ဆောက်တာ။ ဂျပန်နည်းပညာနဲ့ ဆောက်တာ အရမ်းသန့်တယ်လို့ ပြောတာပဲ။ သို့သော်လည်းပဲ မဆောက်ချင်တဲ့သူတွေက စံချိန်စံညွှန်းလိုအပ် ချက်ရှိတယ်။ အဲဒီတိုင်းလုပ်ပါမယ်ဆိုတာကို ဘယ်သူက အာမခံမှာလဲ။ ဘယ်လောက်ယုံကြည်ရမှာလဲ မေးခွန်းထုတ်ကြတယ်” ရှင်းပြသည်။
မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အားအကြီးအကျယ် လိုအပ်လျက်ရှိခြင်းအပေါ် ကျောက်မီးသွေးစက်ရုံများနှင့် ဖြည့်တင်းရန် ပြင်ဆင်နေမှုအပေါ် ထောက်ခံသူနှင့် မထောက်ခံသူများအကြား အကြီးအကျယ် အငြင်းပွားနေကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်ကများ သုံးသပ်သည်။
လျှပ်စစ် ဝန်ကြီးဌာနသည် ၂၀၀၂ ခုနှစ်က ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ပလောင်မြို့နယ်၊ နောင်တရားမြို့နယ်ခွဲရဗျ တီကျစ်ကျေးရွာအနီးတွင် ကျောက်မီးသွေးလောင်စာသုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံကို တည်ဆောက်ခဲ့သည်။
ယင်းကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ကျောက်မီးသွေးမိုင်းများမှ ထွက်သည့် အမှုန်အမွှားများကြောင့် ဉာဏ်ရည်မမီသည့် ကလေးငယ်များ မွေးဖွားခြင်း၊ သားပျက်သားလျှောများဖြစ်ခြင်း၊ ပေါင်မပြည့်၊ လမပြည့် ကလေးငယ်များ မွေးဖွားခြင်းတို့ ဖြစ်ပေါ်လာကြောင်း တီကျစ်ဒေသခံ ဒေါ်ခင်မေသန်း က ပြောသည်။
“အရင်တုန်းက ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဖျားနာတာကလွဲပြီး ဘာမှ မဖြစ်ခဲ့ပါဘူး။ အခုဆိုရင် တီကျစ်ဒေသရွာတွေမှာ အမျိုးသမီး သားပျက် သားလျှော အယောက် ၄၀ အထိ ဖြစ်လာနေပါတယ်။ ဒါ ကျောက်မီးသွေး ညှော်နံ့တွေကို ရှူရှိုက်နေရလို့ပါ”ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံ စီမံကိန်းများကို အကောင် အထည်ဖော်ခဲ့ပါက စက်ရုံလည်ပတ်မှု သက်တမ်း နှစ်ပေါင်း ၄ဝ အတွင်း အမှုန်အမွှား ထုတ်လွှတ်မှု၊ လေထုညစ်ညမ်းမှုတို့ကြောင့် အချိန်မတိုုင်ခင် သေဆုံးမှုဦးရေမှာ နှစ်စဉ် ၇၁ဝဝ ခန့် ရှိနိုင်ကြောင်း မြန်မာပြည်တွင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျောက်မီးသွေးအန္တရာယ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
သေဆုံးမှု ထက်ဝက်ခန့်မှာ မြန်မာနိုင်ငံမှ ဖြစ်ပြီး ကျန်ထက်ဝက်မှာ ထိစပ်နေသည့် ဒေသတွင်း အိမ်နီးချင်း နိုင်ငံများမှဖြစ်ကြောင်း အမေရိကန်အခြေစိုက် ဟားဗတ် တက္ကသိုလ်နှင့် ကမ္ဘာကျော် ပတ်ဝန်းကျင်ထိန်း သိမ်းရေးအဖွဲ့ Greenpeace တို့ ပူးပေါင်း ပြုစုသည့် သုတေသန အစီရင်ခံစာက ခန့်မှန်းထားခြင်းဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အချက်အလက်များအရ အာဆီယံမြို့တော် ၁၀ မြို့တွင် မြန်မာနိုင်ငံသည် အမှုန်အမွှား ပျံ့နှံ့မှုအမြင့်ဆုုံးဖြစ်ပြီး အရှေ့တောင်အာရှဒေသအတွင်းတွင် လေထုညစ်ညမ်းမှု အမြင့်ဆုံးဖြစ်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် တီကျစ်ကျောက်မီးသွေး စက်ရုံနှင့် ကော့သောင်း ကျောက်မီးသွေးစက်ရုံတို့မှာ လက်ရှိလည်ပတ်နေပြီး ၈၀၀၀ မီဂါဝပ် ထုတ်လုပ်နိုင်သည့် ကြီးမားသောစက်ရုံစုစုပေါင်း ၁၀ ရုံ ထပ်မံ တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ယခင်တည်ဆောက်ခဲ့သည့် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံများ၏ အကျိုးအပြစ်ကို သိရှိနေသော်လည်း နောက်ထပ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ၁၁ ရုံကို Clean Coal ခေါင်းစဉ်တပ်ကာ တည်ဆောက်ရန် ကြိုးပမ်းနေကြ ခြင်းလည်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများ ထပ်မံ ပြုလုပ်ရန်အတွက် ယခင်အစိုးရလက်ထက်တွင် လျာထားမှုများ ရှိခဲ့သည်။