သတင်း

ငွေပြန်ပေးသဖြင့် ဦးဘုန်းမော်ရွှေအား ကြံ့ခိုင်ရေးပါတီက အရေးမယူ

Want create site? Find Free WordPress Themes and plugins.

မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ လွှဲပြောင်း သုံးစွဲခဲ့သည့် ဖွံ့ဖြိုးရေး ရန်ပုံငွေများအနက် ကျပ်သန်း ၅၀၀ ကို ရွှေသုခ ငွေချေးလုပ်ငန်းဥက္ကဋ္ဌ ဦးကြည်ထွန်းမှတဆင့် တိုင်းအစိုးရထံသို့ ယနေ့ မေလ ၅ ရက် နံနက်က ပြန်လည်ပေးအပ်ခဲ့သည်။

ဦးဘုန်းမော်ရွှေသည် တိုင်းအစိုးရထံ ငွေများ ပြန်လည် လွှဲပြောင်းမှုကို ၎င်း၏ ကိုယ်စားလှယ်အဖြစ် ရွှေသုခ ငွေချေး လုပ်ငန်းဥက္ကဋ္ဌ ဦးကြည်ထွန်းက ဆက်သွယ် ဆောင်ရွက်မည်ဖြစ်ကြောင်း ဧပြီ ၂၇ ရက်နေ့က အကြောင်း ကြားထား သည့် အတိုင်း ရွှေသုခ ငွေချေးလုပ်ငန်းသို့ လွှဲပေးခဲ့သည့် ငွေများအနက် ကျပ်သန်း ၅၀၀ ကို ထပ်မံ ပေးသွင်းခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ လွှဲပြောင်းပေးခဲ့သည့် မော်တော်ယာဉ်များကိုလည်း ဧပြီလကုန်တွင် အစိုးရထံ ပြန်လည် လွှဲပြောင်း ပေးခဲ့ပြီး ဖြစ်သည်။

ဖွံ့ဖြိုးရေး ရန်ပုံငွေများ လွှဲပြောင်း သုံးစွဲမှုကြောင့် ဝေဖန်ခံနေရသည့် ဦးဘုန်းမော်ရွှေကို ၎င်းကိုယ်တိုင် ဖြေရှင်းနေပြီ ဖြစ်၍ ပါတီအနေဖြင့် အရေးယူခြင်း မရှိကြောင်း ကြံ့ခိုင်ရေးပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

ဒေါက်တာနန္ဒာလှမြင့်က “သူ ဝန်ကြီးချုပ် တာဝန်ယူစဉ် ကိစ္စတွေကို သူ ဖြေရှင်းနေပါပြီ။ ပါတီဗဟိုနဲ့ မပတ်သက်ပါဘူး။ အဲဒီမှာမှ သူ့ရဲ့ ပုဂ္ဂိုလ်ရေးအရ ဥပဒေကြောင်းနဲ့ ငြိစွန်းလို့ အရေးယူခံရတဲ့ အခါမျိုးမှ ကျနော်တို့ပါတီ စည်းမျဉ်းတွေနဲ့ ထပ်အရေးယူရင်လည်း ယူရမှာပေါ့” ဟု ပြောသည်။

မကွေးတိုင်းဝန်ကြီးချုပ် တာဝန်ယူစဉ် ဦးဘုန်းမော်ရွှေသည် ကြံ့ခိုင်ရေးပါတီ၏ မကွေးတိုင်းဥက္ကဋ္ဌလည်း ဖြစ်ပြီး လက်ရှိတွင် ပါတီ၏ ဗဟိုအတိုင်ပင်ခံ ဖြစ်သည်။

ဦးဘုန်းမော်ရွှေအနေဖြင့် ရေနံလက်ယက်တွင်း လုပ်ငန်းရှင်များ၏ ရန်ပုံငွေ ကျပ် ၃ ဘီလီယံကျော်ကို ပါတီနှင့် ငွေချေး အသင်းများအတွက် သုံးစွဲခဲ့ခြင်းကြောင့် ပြန်လည်ပေးသွင်းရန်နှင့် ပေးသွင်းခြင်းမရှိပါက ဥပဒေအရ အရေးယူရန် ပြည်ထောင်စု အစိုးရအဖွဲ့၏ သတိပေးခြင်း ခံထားရသူ ဖြစ်သည်။

မကွေးတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေမျိုးကျော်က “ဒီနေ့ပဲ မြန်မာ့စီးပွားရေးဘဏ်မှာ ဦးကြည်ထွန်း ကိုယ်တိုင် ငွေလာသွင်းပေးခဲ့ပါတယ်၊ ဒါကိုအစိုးရအဖွဲ့ဘက်ကလည်း လက်ခံပြီးပါပြီ၊ ကျန်ငွေတွေကတော့ အကြောင်း ကြားထားတဲ့အတိုင်း စောင့်ရမှာပါ” ဟုပြောသည်။

မကွေးတိုင်း ကြံ့ခိုင်ရေးပါတီသို့ လွှဲပြောင်းခဲ့သည့် ကျပ်သန်း ၁၇၀၀ နှင့် ရွှေသုခငွေချေးလုပ်ငန်းမှ ကျန်ငွေများကို လည်း ၂၀၁၇ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်မတိုင်မီ တိုင်းအစိုးရအဖွဲ့ထံသို့ ပြန်လွှဲပေးမည် ဖြစ်ကြောင်း လက်ရှိ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံ အကြောင်းကြားသည့်စာတွင် ပါရှိသည်။

ယခုကဲ့သို့ အစိုးရပိုင် ရန်ပုံငွေများကို ပါတီ၊ အဖွဲ့အစည်းများသို့ လွှဲပြောင်း အသုံးချခဲ့ခြင်းနှင့် ပတ်သက်၍ ငွေများ ပြန်ပေးမည်ဟု ဆိုသော်လည်း ဦးဘုန်းမော်ရွှေအပေါ် ဥပဒေကြောင်းအရ တစုံတရာ အရေးယူမှု မရှိသည့်အပေါ် ပြည်သူများက မေးခွန်းထုတ် ဝေဖန်မှုများ ရှိနေသည်။

ယင်းကိစ္စအပေါ် နိုင်ငံရေးအရ တိုက်ခိုက်ခြင်းသာဖြစ်ကြောင်းနှင့် နောက်ကြောင်းပြန် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သည့် လုပ်နည်းလုပ်ဟန်များ ပေါ်ပေါက်လာနေကြောင်း ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး(၂/၂၀၁၇) တွင် ပြောခဲ့သည်။

ရေနံလက်ယက်တွင်း လုပ်ငန်းရှင်များ၏ ရန်ပုံငွေ ၂ ဘီလီယံကျော် ပျောက်ဆုံးမှုကို လွှတ်တော်တွင် ပွင့်ဖြူမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးထွန်းထွန်းက မေးမြန်းခဲ့ရာမှ စစ်ဆေးရာတွင် ဖွံ့ဖြိုးရေး ရန်ပုံငွေများ ပျောက်ဆုံးမှု မှာ ကျပ် ၇ ဘီလီယံကျော်အထိ ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးမှုတွင် ပျောက်ဆုံးရန်ပုံငွေ ကျပ် ၇ ဒသမ ၄၅၉ ဘီလီယံတွင် ကြံ့ခိုင်ရေးပါတီသို့ ကျပ် ၁ ဒသမ ၇ ဘီလီယံနှင့် ရွှေသုခ ငွေချေးလုပ်ငန်းသို့ ကျပ် ၁ ဒသမ ၅၇ ဘီလီယံ လွှဲပေးခဲ့ကြောင်းနှင့် ဖွံ့ဖြိုးရေး အတွက် ကျပ် ၄ ဒသမ ၁၈ ဘီလီယံကို သုံးစွဲခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading